10th August, 2018

လူငယ်အင်ဂျင်နီယာကော်မတီမှ ဒုတိယဥက္ကဌ ဦးအောင်သက်ပိုင်နှင့် တွေ့ဆုံခြင်း

“တိုင်းပြည်ရဲ့ဘယ် Sector တွေက အခုချိန်မှာ အလုပ်လုပ်နေတာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အင်ဂျင်နီယာတွေရဲ့ အလုပ်အကိုင်တွေကလည်း အဲဒီအပေါ်မှာ မူတည်တယ်”

ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုအရွေ့တွင် နယ်ပယ်အသီးသီး၏ဖွံ့ဖြိုးတို့းတက်မှုနှုန်း မြန်ဆန်လာသည်နှင့်အတူ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်လုပ်သားအင်အားရှာဖွေရရှိနိုင်မှုမှာ အရေးကြီးလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများအတွက် နယ်ပယ်ပေါင်းစုံမှ ထက်မြက်သည့်ဝန်ထမ်းအင်အားရရှိရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။ အလားတူ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့်အစိတ်အပိုင်းအဖြစ်ပါဝင်နေသည့် အင်ဂျင်နီယာကဏ္ဍတွင်လည်း ၀န်ထမ်းများအတွက် အလုပ်အကိုင်ကောင်းရရှိနိုင်မှု၊ လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်အင်ဂျင်နီယာကောင်းများ ရရှိနိုင်မှုမှာအရေးကြီးသောအချက် ဖြစ်နေသည်။
ယင်းအခြေအနေများနှင့်ပတ်သက်၍ JobNet က သြဂုတ်လအတွင်း မြန်မာနိုင်ငံ လူငယ်အင်ဂျင်နီယာကော်မတီမှ ဒုတိယဥက္ကဌ ဦးအောင်သက်ပိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

လက်ရှိအခြေအနေအရဆိုရင် ဘယ်လိုအင်ဂျင်နီယာနယ်ပယ်တွေက ပိုပြီးတော့ အလုပ်အကိုင် ကောင်းနေပါသလဲ။

ဘယ်နယ်ပယ်တွေက အလုပ်အကိုင်ကောင်းနေသလဲဆိုရင် တိုင်းပြည်ရဲ့ဘယ်စီးပွားရေးလုပ်ငန်းတွေက အားကောင်းနေလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်တွေပေါ့နော် အခုထက်ထိလဲ ဆောက်လုပ်ရေးလုပ်ငန်းတွေက အားကောင်းခဲ့တယ်။ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေက နည်းနည်းလေးကျဆင်းနေတာလေးတွေ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်နေရင် Civil အင်ဂျင်နီယာအလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်တာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ IT လုပ်ငန်းတွေတိုးတက်လာတယ် IT ကုမ္ပဏီတွေများပြားလာတယ်ဆိုတော့ IT အင်ဂျင်နီယာတွေ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတာပေါ့။ နောက်ပုံမှန်အနေနဲ့ကတော့ Mechanical နောက် Electrical Power(EP) ပေါ့နော်။ အခုဆိုရင် လျှပ်စစ်ကဏ္ဍကလည်း တိုင်းပြည်မှာ တော်တော်လေးတိုးတက်လာတာ ကျွန်တော်တို့တွေ့ရတယ်။ နောက်ပြီးတော့ အစိုးရက Commit လုပ်ထားတဲ့ ၂၀၃၀ မှာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက်ဆိုတော့ လျှပ်စစ်ဓာတ်အားလိုင်း ထုတ်လုပ်ရေးနဲ့ဆိုတော့ Electrical Power အင်ဂျင်နီယာတွေလဲ အလုပ်အကိုင်အခွင့်အလမ်းပိုပြီး များလာတာပေါ့။ အဲဒီလိုပေါ့ တိုင်းပြည်ရဲ့ဘယ် Sector တွေက အခုချိန်မှာ အလုပ်လုပ်နေတာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အင်ဂျင်နီယာတွေရဲ့ အလုပ်အကိုင်တွေကလည်း အဲဒီအပေါ်မှာ သွားပြီးမူတည်တယ်ပေါ့။ အလုပ်များတဲ့ဘက်မှာ သူတို့အလုပ်ရတာ ပိုများတာပေါ့။ ပုံမှန်တွေလည်း ခုနကလိုမျိုးရှိပါတယ်ပေါ့ Chemical တို့ အစားအသောက်နဲ့ဆေးဝါးဘက်မှာ ရှိတယ်။ နောက်ပိုင်းမှာ အခုပေးနေတဲ့အထဲမှာ Mechatronics လိုမျိုး နောက် Electronics လိုမျိုး မြန်မာနိုင်ငံမှာတော့ နည်းနည်းအလုပ်အကိုင်ရှားပါးတယ်။ ဒါပေမဲ့လို့ ဒီမေဂျာတွေကလည်း နိုင်ငံခြားမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင် ကောင်းတဲ့မေဂျာမျိုးတွေပေါ့။ အဲဒါမျိုးတွေရှိပါတယ်။

 

လက်ရှိမှာ နှစ်စဉ်လူငယ်အင်ဂျင်နီယာကျောင်းဆင်းတွေထဲမှာပဲ တခြား Career တွေကို ရောက်သွားတဲ့သူတွေရှိပါတယ်။ အဲဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ဒီလူငယ်တွေမှာ ဘာအခက်အခဲတွေရှိလို့ ဘာကြောင့် ဒီလိုတွေဖြစ်ရတယ်ဆိုတာကို သုံးသပ်ပေးပါဦး။

လူငယ်တော်တော်များများက ဘွဲ့ရပြီးတဲ့အချိန်မှာ B.E (Bachelor of Engineering) ဘွဲ့ရလို့ အင်ဂျင်နီယာ ဖြစ်သွားတယ်ပေါ့နော်။ နောက် B.E ရဲ့အောက်မှာ B.Tech (Bachelor of Technology) Technician ပေါ့နော်။ ဆိုတော့ ဟိုးအရင်တုန်းကဆိုရင်တော့ အင်ဂျင်နီယာကျောင်းကနည်းတယ်။ နည်းပညာကျောင်းကနည်းတော့ အင်ဂျင်နီယာဆိုလဲ အင်ဂျင်နီယာပေါ့ နောက်ပြီးတော့ သူ့ရဲ့အောက်မှာ Technician     ဆိုလည်း Technician ပေါ့။ အခုဟာကတော့ Technician ကနည်းပြီးတော့ အင်ဂျင်နီယာကျောင်းတွေကအများကြီးဖြစ်နေတော့ တစ်နှစ်တစ်နှစ်ကို အင်ဂျင်နီယာတွေချည်းပဲဖြစ်နေတယ်။ တကယ်တမ်း ဒီအင်ဂျင်နီယာတွေက အင်ဂျင်နီယာအလုပ်တကယ်လုပ်ကြရဲ့လားဆိုတော့ ခုနလိုမျိုး အင်ဂျင်နီယာအလုပ်ရတဲ့သူက ရမယ်။ နောက်သူ့ရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီးတော့ ဘယ်လောက်တော်လဲဆိုတာပေါ်မှာမူတည်ပြီးတော့ပေါ့ တချို့ကအင်ဂျင်နီယာအလုပ်ရမယ် တချို့ Technician အလုပ်ရတယ်။ အဲဒီလိုလေးတွေရှိတယ်။ အဲဒီတော့ ဒီဘက်မှာ တိုင်းပြည်စီးပွားရေးအရလိုအပ်နေတဲ့ Demand နဲ့ အောင်လာတဲ့ အင်ဂျင်နီယာဖြစ်လာတဲ့ကျောင်းသားတွေနဲ့ ညီမျှဖို့ရယ်၊ ခုနက တကယ်အင်ဂျင်နီယာက ဒီလောက်လိုတယ် Technician ကဒီလောက်လိုတယ် Technician မရှိဘူး အင်ဂျင်နီယာတွေပဲများနေတယ်ဆိုရင် အင်ဂျင်နီယာတွေက အလုပ်ရချင်မှရမယ်။ ဒါသည် သူတို့ရဲ့ Skill နဲ့သိပ်မဆိုင်ဘူး။ ဒါက အလုပ်အကိုင်တွေကပေးနိုင်တဲ့ နေရာပေါ့။ ပေးနိုင်တဲ့နေရာပေါ်မှာထက် ကျော်လွန်ပြီးတော့ ရှိနေတယ် ဆိုလို့ရှိရင်လည်း အလုပ်မရနိုင်ဘူးပေါ့နော်။ နောက်တစ်ခုကတော့ သူတို့ကိုယ်တိုင်က အင်ဂျင်နီယာအလုပ်အကိုင်ကို မရွေးချယ်တာပေါ့။ အင်ဂျင်နီယာဖြစ်အောင်တော့ လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်ဂျင်နီယာဆိုတာအမှတ်နဲ့ခွဲထားတာဆိုတော့ နည်းနည်းတော့ ဂုဏ်ရှိတယ်ဆိုပြီးတော့ တက်လိုက်ကြတာပေါ့။ ဒါပေမဲ့ တကယ်လည်း အင်ဂျင်နီယာကို ၀ါသနာမပါဘူး ပြီးရင်လည်း လုပ်ဖို့လည်းစိတ်ကူးမရှိဘူးပေါ့နော် အဲဒီလိုလူမျိုးတွေလည်း ရှိတာပေါ့။ ဆိုတော့ ဒါတွေက Skill နဲ့ဆိုင်လို့လား။ Skill မရှိလို့ အလုပ်မရတာလားဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ပြီးတော့ အောင်သွားပြီးတဲ့အချိန်မှာလည်း ဒီအင်ဂျင်နီယာတစ်ယောက်က ချက်ချင်းကြီးဘွဲ့ရပြီးတာနဲ့ အရမ်းကြီးတော်ပြီးတော့ အလုပ်ကိုချက်ချင်းကြီးတန်းရတယ်ဆိုတာကတော့ သိပ်မရှိပါဘူး။ ဒီလိုပဲ အလုပ်သင်အနေနဲ့ သင်ရတာပဲ။ အခုဆိုရင်တော့ အင်ဂျင်နီယာကောင်စီရဲ့မူမှာကိုက သူတို့က Apprentice Engineer(AE) ဆိုတာ သူတို့က ၄ နှစ်လုပ်ရတယ်။ အဲဒါပြီးမှ မှတ်ပုံတင်ခွင့်ရှိတယ်။ အဲဒီ ၄ နှစ်က သူတို့ရဲ့ကြိုးစားချိန်ပေါ့နော်။ အောင်ပြီးတဲ့အချိန်မှာ နောင် ၄ နှစ်ကို အလုပ်ထဲမှာကို သင်လာခဲ့တဲ့စာတွေ့နဲ့ အလုပ်ထဲက ၄ နှစ်လက်တွေ့နဲ့ကိုပေါင်းစပ်ပြီးမှ နောင်ပိုင်းမှာ သူ့ရဲ့ Career Development ကရှိလာမှာပေါ့။ ဆိုတော့ ခုနလိုမျိုး အောင်ပြီးတာနဲ့အလုပ်မရတာနဲ့ အင်ဂျင်နီယာတွေက Skill မရှိဘူးလို့ပြောလို့မရသလို၊ ဒီဘက်က Job Demand ဘယ်လောက်ရှိတယ် ဟိုဘက်က အလုပ်လုပ်လိုစိတ်ဘယ်လောက်ရှိတယ်ဆိုတဲ့ အပေါ်မှာပဲမူတည်ပါတယ်။ ကိန်းဂဏန်းအတိအကျကတော့ ဘာမှကောက်ယူထားတာမရှိတဲ့ အတွက်ကြောင့်မလို့ ပြောဖို့တော့ခက်ပါတယ်။

ကျောင်းဆင်းပြီးစလူငယ်တွေအတွက် အင်ဂျင်နီယာနယ်ပယ်မှာတကယ့် Professional အဖြစ်ရပ်တည်ဖို့ လူငယ်တွေအနေနဲ့တခြားဘာ skill တွေဖြည့်ထားဖို့လိုသလဲ။  

ကျွန်တော်တို့ Engineer Council Law ပေါ်လာပြီးတဲ့နောက်မှာ အနိမ့်ဆုံး Register တော့လုပ်ရမယ်။ Register Engineer ပေါ့။ Registered Engineer (RE) ပြီးရင် Registered Senior Engineer (RSE) ပေါ့ ပြီးရင် Professional Engineer (PE) ပေါ့။ ဒါအလုပ်အကိုင်ဘက်ကိုသွားတဲ့လမ်းပေါ့။ တချို့ကလည်း Master ဆက်တက်မယ်။ Ph.D သွားမယ်။ ဒါကတစ်လမ်းပေါ့။ Academic လမ်းပေါ့။ ဆိုတော့ RE မဖြစ်ခင်မှာပဲ ၄ နှစ် Apprentice Engineer လုပ်ရမယ်။ အဲဒီ ၄ နှစ်အတွင်းမှာ သူက အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့ Job Related Skills တွေကို အဲဒီမှာလေ့လာသင်ယူရမယ်။ ဆိုတော့ Engineer ဆိုတာ မေဂျာတွေကလည်း မတူကြဘူး။ Civil ဆိုလည်း Civil Mechanical ဆိုလည်း Mechanical ပေါ့။ သူနဲ့သက်ဆိုင်ရာ လုပ်ငန်းခွင်ထဲကိုဝင်၊ ၀င်ပြီးတော့ လေ့လာ၊ အလုပ်လုပ်၊ အဲဒီတော့မှာ ဒါရဲ့တကယ့် nature ကိုသိလာမှာ။ အင်ဂျင်နီယာအလုပ်ဆိုတာ ဒီလိုပဲ နည်းနည်းပင်ပန်းတယ်ပေါ့နော် ပြောရမယ်ဆိုရင် စစချင်းမှာပင်ပန်းတယ်။ ပင်ပန်းတဲ့အလုပ်မျိုးပဲ။ ဆိုတော့ ဒါကိုကျောင်းသားတွေအနေနဲ့ အောင်ပြီးသား Fresh Graduate တွေအနေနဲ့ သူတို့ဟာ သေချာနားလည်သင့်တယ်။ အောင်ပြီးတာနဲ့ အောင်လက်မှတ်ရပြီ ငါအင်ဂျင်နီယာဖြစ်ပြီ လခတန်းပေးတော့ ဆိုပြီးတော့ လုပ်လို့မရဘူး။ တကယ်ကျွမ်းကျင်လားဆိုတဲ့အရာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လည်းဒီမှာ ဒီလိုပဲ အလုပ်ခန့်မယ့်လူတွေဆိုလို့ရှိရင် အင်တာဗျူးလုပ်ကြည့်တဲ့အခါမှာ မျိုးစုံတွေ့ရပါတယ်။ တချို့ကျောင်းသားတွေက တော်တော်လည်းတော်တယ်။ သူတို့ပြန်မေးတဲ့မေးခွန်းတွေက ဘာမေးချင်လဲလို့မေးလိုက်ရင် သူတို့မှာမေးစရာအပြည့်ရှိတယ်။ ဒါက ဒီလိုလား ဟိုလိုလား ကျွန်တော်တို့က ဒီလိုလုပ်တတ်တယ် ဟိုလိုလုပ်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကျောင်းတက်နေကတည်းက တချို့အလုပ်တွေမှာ သူဒါကိုလုပ်ခဲ့ဖူးလို့ သိတယ်ပေါ့နော်။ တချို့ကျတော့လည်း အောင်လာတယ်။ အင်ဂျင်နီယာဖြစ်ပြီး အလုပ်လာလျှောက်တယ်။ မေးကြည့်တဲ့အခါကျရင် ကျောင်းမှာဘာသာသင်ခဲ့လဲဆိုလို့ရှိရင် ဘယ်နှဘာသာလဲမသိဘူး သေချာမမှတ်မိတော့ဘူး။ ကဲ… အဲဒါဆိုရင် တစ်ဘာသာပဲပြောပြပါဦး အကြိုက်ဆုံးတစ်ဘာသာပြောပြပါဆိုရင် လို့မေးရင်လည်း မသိဘူး။ ဆိုတော့ သူဘာသင်ခဲ့မှန်းတောင်သူမသိဘူး။ အင်ဂျင်နီယာသာဖြစ်လာတာပေါ့နော်။ ဆိုတော့ အဲဒါတွေကလည်း ဘာနဲ့သက်ဆိုင်နေသလဲဆိုတော့ ကျောင်းတွေကအများကြီးဖြစ်နေတယ်။ ဘွဲ့ရတဲ့သူတွေကလည်း အများကြီးဖြစ်နေတယ်။ ဒါပေမဲ့ skills တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က အဲဒီလောက်ဆိုးတယ် ကိုယ်ဘာသင်ခဲ့မှန်းမသိဘူး။ တချို့ကျတော့ သိတယ် ကိုယ်ဘာလုပ်ချင်သလဲဆိုတာလည်း သိတယ်၊ ကိုယ်ဘာတတ်တယ်ဆိုတာလဲ သိတယ်၊ ဘာလုပ်နိုင်သလဲဆိုတာလဲ သိတယ်။ ဆိုတော့ ဘွဲ့ရတဲ့လူအချင်းချင်းမှာကို Skills တွေကအများကြီးပဲ။ အဲဒါတွေကို ဘယ်သူကဘယ်လောက်တော်ပါသလဲဆိုတဲ့ဟာတွေကို ဘွဲ့ရဲ့နောက်ပိုင်းမှာ ခုနက Certificate တွေနဲ့သတ်မှတ်တာပေါ့။အင်ဂျင်နီယာအလုပ်အကိုင်များ ယခုလင့်ကိုနှိပ်၍၀င်ရောက်ရှာဖွေပါ။

 

လောလောဆယ်မှာ ပြည်ပထွက်သွားတဲ့ အင်ဂျင်နီယာတွေလည်းရှိနေတယ်။သူတို့အနေနဲ့လည်း မြန်မာနိုင်ငံကိုပြန်လာဖို့ စဉ်းစားနေကြတာမျိုးတွေကို တွေ့ရပါတယ်။ သူတို့အတွက်ရော မြန်မာနိုင်ငံမှာဘယ်လို အခွင့်အရေးတွေရှိနေပြီလဲ။

ဒါကတော့ အချိန်နဲ့မူတည်ပါတယ်။ အချိန်ပေါ်မှာ မူတည်တာပေါ့နော်။ ကိုယ်ကဘာကြောင့်ပြန်ချင်တာလဲ။ မြန်မာပြည်မှာ ကိုယ်နဲ့ပတ်သက်တဲ့ နိုင်ငံခြားမှာကိုယ်လုပ်နေတဲ့အလုပ်က မြန်မာပြည်မှာ အရမ်းကိုကောင်းမွန်ပြီးတော့ လစာချင်းကလည်းတူနေပြီ ဒါမှမဟုတ်လည်း ပိုပြီးတော့ရနေပြီဆိုပြီး ပြန်ချင်တာလား။ ဒါမှမဟုတ် ဟိုမှာကိုမနေတော့ဘူး မိသားစုအခြေအနေကြောင့် အကြောင်းတစ်ခုခုကြောင့် ပြန်ကိုပြန်ရတော့မယ် ဒါမျိုးကြောင့် ပြန်ချင်တာလား။ ဆိုတော့ စပြီးစဉ်းစားပြီဆိုကတည်းကတော့ ဒီမှာ အခြေအနေကောင်းလို့ ပြန်လာချင်တာပေါ့နော်။ သွားတုန်းကလည်း ဟိုမှာအခြေအနေကောင်းလို့ ဟိုကိုသွားတာကိုး။ ဒါပေမဲ့ ဒီကိုပြန်လာရင် ဒီကအလုပ်အကိုင်တွေက အဆင်သင့်ဖြစ်ပြီလား မဖြစ်ဘူးလားဆိုတာသည် ကျွန်တော်ပထမဆုံးပြောခဲ့သလိုပဲ ဒီမှာဘယ်လိုလုပ်ငန်းတွေက တိုးတက်နေပြီလဲဆိုတာကိုပဲ ကြည့်စေချင်ပါတယ်။ အခု ကျွန်တော်ပြောလိုက်တယ် ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အရမ်းကကောင်းတယ်လို့ ပြောချင်ပြောမယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရမ်းကောင်းတယ်လို့ ပြောချင်မှပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလအပေါ်မှာ မူတည်တယ်။ အဲဒီတော့ ဘယ်နယ်ပယ်ကကောင်းနေပါတယ်လို့ ကျွန်တော်တို့ တိုက်ရိုက်ကြီး မပြောနေဘူး။ ဒါပေမဲ့ သုံးသပ်ရင်တော့ အဲဒီလိုသုံးသပ်ပါ။ ကိုယ့်ရဲ့တိုင်းပြည်မှာ ဘယ်အလုပ်တွေက ကောင်းနေလဲဆိုတာပေါ်မှာ မူတည်ပြီးတော့ ပြန်လာကြတယ်လို့ပဲ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြည်တွင်းအင်ဂျင်နီယာလုပ်ငန်းတွေအတွက်ရော လူငယ်အင်ဂျင်နီယာတွေအတွက်ရော ဖြည့်စွက်အကြံပြုချင်တာရှိရင် ပြောပြပေးပါဦး။

ကျွန်တော်ခုနကပြောခဲ့တဲ့ဟာလေးတစ်ခုကိုပဲ ပြန်ကောက်ပြီးတော့ ပြောပါ့မယ်။ ဆိုတော့ ဘွဲ့ရပြီးပြီ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်တော့ ခုနလို ပိုက်ဆံရရှိရေးတွေထက်ကို ဘယ်လောက်ကိုယ့်ရဲ့ Profession အပေါ်မှာ ဘယ်လောက်ချစ်လဲပေါ့နော်။ ကိုယ်က Mechanical Engineer လား Civil Engineer လား ဒီအလုပ်ကိုပဲ တကယ်ချစ်မြတ်နိုးပြီး လုပ်တော့မှာလား။ တကယ်ကို သင်ယူချင်စိတ်ရှိပြီလားဆိုတာကို ကိုယ့်ကိုကိုယ်ပြန်ပြီး သုံးသပ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ခုနကပြောခဲ့သလိုပဲ အလုပ်အကိုင်ရဖို့အတွက်က အဓိကလုပ်ငန်းရှင်တွေဘက်ကြည့်တာကတော့ သူဟာဘယ်လောက်သင်ယူချင်စိတ်ရှိသလဲ သင်ယူချင်စိတ်ရှိတဲ့ကလေးကို သင်ယူချင်စိတ်ရှိနေတဲ့ Young Engineers တွေကို အလုပ်အကိုင်ပေးဖို့အတွက်က သူတို့မှာအမြဲအဆင်သင့်ရှိပါတယ်။

ဆက်စပ်ဖတ်ရှူရန် - ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူ မြင့်တက်လာမယ့် အင်ဂျင်နီယာအလုပ်အကိုင်များ

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။