1st June, 2018
ပြည်တွင်းရှိ ၀န်ထမ်းအများစုက လစာနည်းပါးမှုကြောင့် မပျော်ရွှင်ကြ
Share
Blog Link Copied
ပြီးခဲ့တဲ့ဧပြီလအတွင်းက လုပ်ငန်းနယ်ပယ်အသီးသီးရှိ ၀န်ထမ်းတွေကို ဦးတည်ကောက်ယူခဲ့တဲ့ JobNet ရဲ့ “လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုင်ရာစစ်တမ်း”အရ ဝန်ထမ်းတစ်ဝက်ကျော်ဟာ သူတို့ရရှိတဲ့လစာနည်းပါးမှုကြောင့် လုပ်ငန်းခွင်ပျော်ရွင်မှုမရှိကြောင်း တွေ့ရှိရပါတယ်။
ဒီစစ်တမ်းကိုတော့ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက် မှ ၂၇ ရက်နေ့အတွင်း JobNet က အင်တာနက်သုံးစွဲသူအများအပြားကို ကောက်ယူခဲ့တာဖြစ်ပါတယ်။ စစ်တမ်းကို ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၁၂၀၈ ဦး ရှိခဲ့ပြီး စစ်တမ်းမေးခွန်း ၉ ခု ပါဝင်ခဲ့သည့်အနက် “သင်၏လစာအပေါ်ကျေနပ်မှုရှိပါသလား
ဟူသော မေးခွန်းအား ထည့်သွင်းမေးမြန်းခဲ့သည်။ ယင်းမေးခွန်းအတွက် လစာအပေါ်ကျေနပ်မှုမရှိဟု ဖြေဆိုလိုသူများအတွက် (၀) မှ (၄) အထိလည်းကောင်း ၊ အလယ်အလတ် အဆင့်အား (၅)တစ်ခုတည်း ဖြေဆိုလိုသူများအတွက်လည်းကောင်း၊ အမှတ် (၆) မှ (၁၀)အထိအား ကျေနပ်သည်ဟုဖြေဆိုရန် ထည့်သွင်းပေးခဲ့ပါတယ်။
ဒီအုပ်စုသုံးခုမှာတော့ လစာအပေါ်ကျေနပ်မှုမရှိကြောင်း ဖြေဆိုတဲ့ရာခိုင်နှုန်းက ၄၃ % ရှိခဲ့ပြီးတော့ သူတို့လက်ရှိလုပ်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းမှာ ရရှိတဲ့ လစာပေါ် ကျေနပ်မှုမရှိဘူးလို့ ဖြေဆိုခဲ့ကြတာတွေ့ရပါတယ်။ စစ်တမ်းဖြေဆိုသူများကိုလည်း အသက်အပိုင်းအခြားအလိုက် ခွဲခြားသတ်မှတ်ခဲ့ရာမှာ လစာအပေါ် ကျေနပ်မှု မရရှိသူတွေဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ လစာအပေါ်ကျေနပ်မှုရှိကြောင်းဖြေဆိုသူတွေကတော့ ၃၇ %ရှိခဲ့ပြီး ၊ အလယ်အလတ်ထင်မြင်ချက်ပေးသူကတော့ ၂၀ % ရှိတာကြောင့် လစာကြောင့်မပျော်ရွှင်တဲ့သူဟာ အများဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။
စစ်တမ်းမှာ အမှတ်ပေးပြီးဖြေဆိုတဲ့သူတွေအပြင် လစာအဆင်မပြေတဲ့အပေါ် မှတ်ချက်ရေးသားထားသူတချို့လည်းရှိပါတယ်။ ဖြေဆိုသူတွေအနက် တစ်ဦးက “တစ်နှစ်ကျော်ပြီ လစာလုံးဝမတိုးပါ”လို့ ဖြေထားတာရှိသလို နောက်တစ်ဦးက “တခြားမှာဆို ဒီထက်ပိုပေးတယ်။ ဒီမှာက လုပ်တာကြာနေလို့မပြောင်းချင်တော့တာ” လို့ဖြေထားတာတွေ ပါဝင်ပါတယ်။
အလားတူ စစ်တမ်းမေးခွန်းတွေမှာ ဖြေဆိုသူတွေ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းဟာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ သို့မဟုတ် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီအဖွဲ့အစည်းလား ဆိုတာကိုလည်း စစ်တမ်းထဲမှာ ဆက်လက်မေးမြန်းခဲ့ပါတယ်။ ရရှိနေတဲ့ လစာအပေါ် ကျေနပ်မှုမရှိကြောင်း ဖြေဆိုသူရဲ့၇၇% ဟာ ပြည်တွင်းကုမ္ပဏီတွေမှာ လုပ်ကိုင်နေသူတွေ ဖြစ်တာကိုလည်း စစ်တမ်းရလဒ်အရ သိရပါတယ်။ ဒါကြောင့် ပြည်တွင်းပိုင်လုပ်ငန်းတွေမှာ ၀န်ထမ်းအများစုကတော့ လစာအပေါ်မကျေနပ်တဲ့သဘောလို့ မှတ်ယူလို့ရပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံတွင်းမှာ HR အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူပေါင်း ၃၀၀ ကျော်ကိုလည်း လုပ်ခလစာနဲ့ ပတ်သက်ပြီး JobNet က မေးမြန်းခဲ့ဖူးပါတယ်။ ဖြေဆိုချက်များအရ ပြည်တွင်းကုမ္ပဏီတွေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ပေးအပ်တဲ့ လုပ်ခလစာအောက် ၆၀% နည်းပါးတာကိုလည်း တွေ့ရပါတယ်။
အခုဧပြီလအတွင်း ကောက်ယူခဲ့တဲ့ JobNet ရဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုင်ရာ စစ်တမ်းအရ ဆိုရင်လည်း လုပ်ခလစာအပေါ် ကျေနပ်မှုမရှိသူတွေဟာ လုပ်ငန်းခွင်မှာ မပျော်ရွှင်ကြဘူးလို့ ဖြေဆိုထားတာ တွေ့ရပါတယ်။ လုပ်ခစာအပေါ် ကျေနပ်မှုမရှိဘူးလို့ ဖြေဆိုသူတွေအနက် အမျိုးသမီးနဲ့ အမျိုးသားဦးရေကို နှိုင်းယှဉ်ကြည့်ရာမှာတော့ အမျိုးသမီးတွေက လစာအပေါ် ကျေနပ်မှုမရှိတာ ပိုမိုများပြားနေတာကို တွေ့ရပါတယ်။