25th July, 2018

ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ Brand Ambassador တွေပါပဲ

ကုမ္ပဏီအမှတ်တံဆိပ်ကို သုံးစွဲသူတွေ စွဲလမ်းသဘောကျအောင် (Brand Loyalty) ဖြစ်ဖို့အတွက် Branding က တကယ်အရေးကြီးပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုကို သုံးစွဲသူတွေ ချစ်ခင်လာအောင် Branding ပြုလုပ်တဲ့အခါ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အများစု အသုံးပြုတာကတော့ ကြော်ငြာပိုင်းမှာ ငွေကြေးသုံးစွဲပြီး အသုံးပြုကြတာပါ။

နောက်ထပ် နည်းလမ်းကတော့ ကုမ္ပဏီရဲ့ CEO ၊ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေကိုယ်တိုင်ဆောင်ရွက်တဲ့ Branding ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ ကုမ္ပဏီအမှတ်တံဆိပ်ကို ကိုယ်စားပြုတဲ့ Brand Ambassador တွေလည်း ဖြစ်ကြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကော်ပိုရိတ်ကြီးတွေရဲ့ ဦးဆောင်သူတွေဟာ ကုမ္ပဏီအမှတ်တံဆိပ်ကို လူတွေပိုပြီး နှစ်သက်လာဖို့ အတွက် ကိုယ်တိုင်လည်း Branding လုပ်ကြပါတယ်။ ဝန်ထမ်းကိုလည်း တက်တက်ကြွကြွပါဝင်လာအာင် လုပ်ကြပါတယ်။

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားတာတွေ လူအများနဲ့ ပိုမိုရင်းနှီးလာအောင် ဆက်သွယ်တာတွေ အပြင် လူမှုကွန်ရက်တွေကို အသုံးပြုပြီးတော့လည်း ကုမ္ပဏီရဲ့ဂုဏ်သိက္ခာ၊ ကုမ္ပဏီအမှတ်တံဆိပ်ရဲ့ ဂုဏ်သတင်းကို ပိုမိုကျော်ကြားအောင် ကြိုးစားကြပါတယ်။

မေလ ၃ ရက်နေ့က JobNet ကနေ ကျင်းပပြုလုပ်ခဲ့တဲ့ Sales and Marketing Career Conference 2018 အမည်ရှိ အလုပ်အကိုင် ခေါ်ယူပွဲမှာလည်း ဒီအကြောင်းအရာနဲ့ပတ်သတ်လို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ စကားဝိုင်း ဆွေးနွေးပွဲတွေလည်း ထည့်သွင်းခဲ့ပါတယ်။

ကုမ္ပဏီအမှတ်တံဆိပ်ကို လူတွေချစ်ခင်လာအောင် ပြုလုပ်ခြင်း (Brand Loyalty) ခေါင်းစဉ်နဲ့ စကားဝိုင်း ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပါဝင်ဆွေးနွေးတဲ့ မားကတ်တင်းကျွမ်းကျင်ပညာရှင် Ms. Eileen Lui ကတော့ အမှတ်တံဆိပ်တစ်ခုကို လူတွေချစ်လာဖို့ဆိုရင် ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုယ်၌က ချစ်ခင်နေဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

Branding နဲ့ပတ်သတ်ရင် နည်းပညာလောကကို ဦးဆောင်နေတဲ့ Google ဟာ တီထွင်ဆန်းသစ်မှုတွေကို လုပ်ဆောင်နေရုံသာမက လုပ်ငန်းခွင်ပျော်ရွှင်မှုကို ဦးစားပေးတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ Larry Page ဟာ Google ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ဆိုရင်လည်း မမှားပါဘူး။

လယ်ရီ ရဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ Google ဟာ ကမ္ဘာတစ်ဝန်းမှာပိုပြီးတော့ အောင်မြင်ကျော် ကြားလာရပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး လက်ရှိအချိန်အထိ နှစ်စဉ်ကောက်ယူတဲ့ နည်းပညာနဲ့အင်ဂျင်နီယာ ဆိုင်ရာကုမ္ပဏီ စစ်တမ်းမှာ Google ဟာ ထိပ်ဆုံးကနေ တောက်လျှောက် ရပ်တည်နေခဲ့ပါတယ်။ အဲ့ဒီလိုရပ်တည်နိုင်ဖို့အတွက် လယ်ရီရဲ့ ကုမ္ပဏီ Branding က စိတ်ဝင်စားစရာကောင်းပါတယ်။

“ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော်လုပ်ရတာကတော့ ကုမ္ပဏီကလူတွေအကုန်လုံး တကယ့်ကိုကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေရရှိဖို့၊သူတို့ရဲ့လုပ်ဆောင်ချက်တွေကကောင်းမွန်တဲ့လူအဖွဲ့အစည်းတစ်ခုဖော်ဆောင်ရေးမှာ အရေးပါအရာရောက်တဲ့ သက်ရောက်မှုတွေရှိနေတယ်ဆိုတာ ခံစားမိစေဖို့ ဖြစ်ပါတယ်” လို့ Larry Page က ပြောပါတယ်။

သူပြောခဲ့သလိုပါပဲ Google ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေ ပျော်ရွှင်အောင် ပံ့ပိုးကူညီတဲ့နေရာမှာ စံပါပဲ။ လုပ်ငန်းခွင်ပြင်ပ အိမ်မှုကိစ္စ၊ လူမှုရေးနဲ့ ကျန်းမာရေးတွေကိုပါ ကုမ္ပဏီက အဘက်ဘက်ကနေ ပံ့ပိုးပေးထားပါတယ်။

အဲဒီအတွက် ဝန်ထမ်းတွေကလည်း အလုပ်မှာ ရာနှုန်းပြည့်အာရုံစိုက်နိုင်လာခဲ့တယ်။ ဒီနည်းလမ်းဟာ ဝန်ထမ်းတွေကို ပျော်ရွှင်စေရုံသာမက ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း ပိုပြီးကျော်ကြားစေခဲ့ပြန်ပါတယ်။

အလားတူ Nivea Marketing Brand Manager Indochina ဖြစ်တဲ့ Mr.Medhi Jaouadi ကလည်း ကုမ္ပဏီဝန်ထမ်းတွေကိုယ်တိုင်က ကုမ္ပဏီထုတ်ကုန်တွေကို သုံးစွဲချင်စိတ်ရှိနေမှ Brand Loyalty ဖြစ်မယ်လို့ ဆိုပါတယ်။

City Mart Holding ရဲ့ Marcoms Consultant ဖြစ်တဲ့ Ms.Eileen Lui ကလည်း “ဝန်ထမ်းတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကနေ ကုမ္ပဏီအကြောင်းတွေ ရေးသားကြမှာဖြစ်လို့ သူတို့ရဲ့အမြင်တွေကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဝန်ထမ်းတွေဟာ ကုမ္ပဏီအတွက် အကြီးမားဆုံးသော Brand Embassador တွေ ဖြစ်ပါတယ်။ အကြံ့ခိုင်ဆုံး၊ အရေးအကြီးဆုံးလည်း ဖြစ်ကြတယ်” လို့ ထောက်ခံပြောကြားပါတယ်။

Heineken Myanmar ရဲ့ Trade Marketing Manager ဖြစ်တဲ့ Kateryna Vasylchenko ကလည်း ဒီအယူဆကို သဘောတူပါတယ်။

Heineken လို ကမ္ဘာသိ အမှတ်တံဆိပ်တစ်ခုအနေနဲ့လည်း ဝန်ထမ်းတွေကို တန်ဖိုးထားခြင်းဖြင့် Branding ပြုလုပ်ကြောင်း သူမက ပြောပါတယ်။ ဥပမာ သူတို့ဆီမှာဆိုရင် သောကြာညနေတိုင်း စားသောက်ပွဲလေးတွေ၊ ပျော်ပွဲရွှင်ပွဲလေးတွေ ပြုလုပ်ခြင်းဖြင့် ဝန်ထမ်းတွေကို အလုပ်ခွင်မှာ ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။ အလုပ်ခွင်မှာပျော်ရွှင်တဲ့ ဝန်ထမ်းဟာ အလုပ်ကိုပိုအာရုံစိုက် ကြိုးစားလာရုံသာမက ကုမ္ပဏီအမှတ်တံဆိပ်ရဲ့ နာမည်ဂုဏ်သတင်းကိုလည်း ပိုကျော်ကြား စေပါတယ်။

မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ www.jobnet.com.mm ဟာလည်း အခြားသော ထိပ်တန်း ကုမ္ပဏီကြီးတွေလို လုပ်ငန်းခွင် ပျော်ရွှင်မှုကို တန်ဖိုးထားအလေးထားတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။

JobNet.com.mm ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အလုပ်အကိုင်ရှာဖွေပေးရေး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ရုံ သာမက လုပ်ငန်းရှင်များနဲ့ အလုပ်အကိုင် ရှာဖွေနေသူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးနေပါတယ်။

၂၀၁၈ ခုနှစ် မေလကလည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်ပညာရှင်များ၊ ကုမ္ပဏီအသီးသီးက လူ့စွမ်းအားအရင်းအမြစ်ပိုင်းဆိုင်ရာ ဦးဆောင်နေသူများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ စိန်ခေါ်မှုများ၊ ဖြေရှင်းနည်းများကိုလည်း ဆွေးနွေး အဖြေရှာခဲ့ကြပါသေးတယ်။

လာမယ့် သြဂုတ်လမှာလည်း နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ဦးမှာ ဖြစ်တဲ့အတွက် ဒီလိုတန်ဖိုးရှိတဲ့ အကြံဉာဏ်ကောင်းတွေကို လာရောက်နားထောင်ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။