31st May, 2018

စိတ်ခွန်အားမြှင့်တင်ပေးတဲ့ကုမ္ပဏီမှာ ဝန်ထမ်းတွေပိုပျော်ပါတယ်

ဝန်ထမ်းတွေကို ပိုထူးချွန်လာအောင်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင် သင်တန်းတွေပေးလေ့ရှိတဲ့ အလုပ်ခွင်မှာ ဝန်ထမ်းတွေပျော်ကြပါတယ်။ ဒီလိုမျိုး သင်တန်းတွေကို ကုမ္ပဏီရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (HR) တွေက တာဝန်ယူပြီး လုပ်ပေးလေ့ရှိကြပါတယ်။
ဒီလိုသင်တန်းတွေစီစဉ်ပေးတာက ကုမ္ပဏီအတွက် အလုပ်အနည်းငယ်ပိုနိုင်ပေမဲ့ တစ်ဖက်မှာတော့
ဒီလိုလုပ်ပေးခြင်းဟာ  ၀န်ထမ်းတွေအပေါ် ဂရုစိုက်ကြောင်း ပြသတာရောက်တဲ့အပြင် သူတို့စွမ်းရည်မြင့်လာတာနဲ့အမျှ ကုမ္ပဏီအပေါ်တိုက်ရိုက် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
ဒါ့အပြင် ဒီလိုလုပ်ပေးခြင်းက ၀န်ထမ်းတွေနဲ့ ကုမ္ပဏီကြားမှာ ယုံကြည်မှူတည်ဆောက်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

 

ဘယ်လိုဝန်ထမ်းတွေအတွက် အဓိကသက်ဆိုင်သလဲ

(၁) လုပ်ငန်းအောင်မြင်ဖို့အတွက် လုပ်ဆောင်ရာမှာ အလုပ်ပြီးမြောက်နိုင်စွမ်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့ အလားအလာ ရှိသူတွေ

(၂) စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့ သင်ကြားပေးရမယ့် ဝန်ထမ်းတွေ

(၃) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကုမ္ပဏီတွင်းက အခြားဝန်ထမ်းတွေအားလုံးနဲ့ ဆက်သွယ်ပြီး အတူပူးပေါင်းလုပ်ဆောင်နိုင်ဖို့ လိုအပ်နေသူတွေ

 

ကုမ္ပဏီဘက်က ပြန်ရလာမယ့် အကျိုးကျေးဇူးတွေ

 

(၁) စိတ်ဓာတ်ခွန်အားရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ဝန်ထမ်းတွေကြောင့် ကုမ္ပဏီဟာ ဖောက်သည်တွေကို ပိုပြီးစိတ်ကျေနပ်မှုရစေပါတယ်။ ဒါကြောင့်မို့လို့ ကုမ္ပဏီရဲ့ဝန်ဆောင်မှု/ကုန်ပစ္စည်းတွေကို အသုံးပြုသူတွေလည်း ပိုများလာပြီး ကုမ္ပဏီရဲ့အမြတ်တွေဟာ ပိုတိုးသွားပါတယ်။ အမေရိကန်အခြေစိုက် သုတေသနနဲ့ စစ်တမ်းကောက်ယူမှု အဖွဲ့အစည်းဖြစ်တဲ့ The Gallup ရဲ့ ထုတ်ပြန်ချက်အရ ဝန်ထမ်းတွေကို စိတ်ခွန်အားမြှင့်တင်ပေးတဲ့ ကုမ္ပဏီတွေဟာ အမြတ် ၂၇ ရာခိုင်နှုန်း၊ ရောင်းအား ၅၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

 

(၂) အရင်နဲ့မတူတော့ဘဲ စိတ်ခွန်အားတွေ ပိုမြင့်တက်လာတဲ့ ဝန်ထမ်းတစ်ယောက်ဟာ လုပ်ရည်ကိုင်ရည်တွေလည်း ကောင်းလာပါတယ် ။ အလုပ်တွေ ပိုပြီးမြောက်လာတဲ့အတွက် ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတန်ဖိုးကလည်း မြင့်တက်လာပါတယ်။

 

(၃) ဝန်ထမ်းတွေဘက်ကလည်း ကုမ္ပဏီဘက်က ခုလိုမျိုး သင်တန်းတွေပေးတဲ့အခါ ပိုပျော်လာရတာကြောင့် အလုပ်ထွက်ချင်စိတ်တွေ နည်းသွားပါတယ်။ ကုမ္ပဏီဘက်ကလည်း ဝန်ထမ်းကောင်းတွေကို ပိုပြီးထိန်းထားနိုင်လို့ ဝန်ထမ်းအပြောင်းအလဲဆိုင်ရာ ကုန်ကျစရိတ်တွေလည်း နည်းသွားရပါတယ်။ ဝင်ငွေတိုးပြီး ထွက်ငွေနည်းသွားတာက ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုမြင့်တက်လာစေတဲ့ အဓိကအချက်တစ်ခုလည်းဖြစ်ပါတယ်။

 

(၄) စိတ်ခွန်အားတွေပိုကောင်းလာတဲ့ ဝန်ထမ်းတွေဟာ အလုပ်ခွင်ထဲမှာသာမက အခြားအဖွဲ့အစည်းတွေ၊ ဌာနတွေနဲ့လည်း ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်ကြပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းပိုင်းဆိုင်ရာ ပန်းတိုင်တွေအားလုံးကို ရောက်ရှိမှုနှုန်း ပိုမြင့်တက်လာရပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့အခါ မှန်ကန်တဲ့စွမ်းရည်တွေ၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေ တိုးလာရတာက ဝန်ထမ်းအတွက် ကောင်းကျိုးတွေပါပဲ။ ဝန်ထမ်းရဲ့လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်နဲ့ ဗဟုသုတတွေ မြင့်တက်လာခြင်းဟာ ပိုကောင်းတဲ့အစီအစဉ်တွေကို ချမှတ်လာနိုင်တာကြောင့် ကုမ္ပဏီအတွက်လည်း အကျိုးအမြတ်ကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။