10th February, 2020

မန္တလေးမြို့တွင် ဒစ်ဂျစ်တယ်နည်းပညာကိုအပြည့်အဝအသုံးပြုပြီး နယ်ပယ်အစုံမှအလုပ်အကိုင်ပေါင်းများစွာကိုခေါ်ယူသွားမည့် JobNATION 2020

အောင်မြင်တဲ့အလုပ်အကိုင်လမ်းကြောင်းတစ်ခုပေါ်ကိုရောက်ဖို့ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို ရှာဖွေလျှောက်ထားတဲ့အခါမှာ လျှောက်ထားချင်တဲ့အလုပ်ရဲ့တည်နေရာကလည်း အဓိကစဉ်းစားရတဲ့အချက်တွေအများကြီးထဲမှာ ပါဝင်ပါတယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မိသားစုဟာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့အလုပ်ရှာဖွေသူအများစုဟာ အလုပ်ရှာဖွေတဲ့အခါမှာ ကိုယ့်ရဲ့မိသားစုနဲ့တစ်နယ်တည်းမှာ ဒါမှမဟုတ် အနီးစပ်ဆုံးနေရာမှာအတူတူနေနိုင်ပြီး အလုပ်လုပ်ကိုင်နိုင်မယ့်အလုပ်မျိုးကိုရှာဖွေကြပါတယ်။

အချို့သောအခြေအနေတွေမှသာ ဥပမာ တိုးတက်ရာတိုးတက်ကြောင်းရှာဖွေဖို့၊ စိန်ခေါ်မှုအသစ်တွေနဲ့ တွေ့ကြုံဖို့ ဒါမှမဟုတ် အခြားအခြားသောအကြောင်းအရာတွေကြောင့်မှာသာ  မိသားစုနဲ့ခွဲပြီးအလုပ်လုပ်ကြရပါတယ်။ ဒါပေမဲ့လည်း အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာတော့ မိသားစုရှိတဲ့မွေးရပ်နေရာမှာပဲ ပြန်လည်အခြေချပြီး အလုပ်လုပ်ကိုင်လိုကြပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အခြာကျတဲ့နေရာဟာ ရန်ကုန်မြို့ဖြစ်ပြီး ပြည်တွင်းနဲ့နိုင်ငံတကာ စီးပွားလုပ်ငန်းအများစုဟာလည်း အဲဒီနေရာမှာပဲအခြေစိုက်တဲ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသဟာ တစ်နိုင်ငံလုံးအနေနဲ့ခြုံပြောရမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းအများဆုံးနေရာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီပေါင်း ၉၀၀ ကျော်က အလုပ်အကိုင်ခေါ်ယူမှုအတွက် အဓိကထားပြီးအသုံးပြုနေတဲ့ JobNet.com.mm ရဲ့လစဉ်အလုပ်အကိုင်ခေါ်ယူမှုအချက်အလက်တွေအရဆိုရင် အလုပ်ခေါ်ယူမှုကြော်ငြာအားလုံးရဲ့ ၈၈ ရာခိုင်နှုန်းဟာ ရန်ကုန်မှာပဲလုပ်ကိုင်ရတဲ့အလုပ်တွေဖြစ်ပါတယ်။ တကယ်လို့ အလုပ်ရှာဖွေနေသူတစ်ယောက်က ရန်ကုန်မြို့မှာမဟုတ်ဘဲ ကိုယ့်ရဲ့မိသားစုနဲ့နီးတဲ့ ဒါမှမဟုတ် နေထိုင်တဲ့ မန္တလေးမြို့နဲ့အထက်မြန်မာပြည်ဘက်က အလုပ်အကိုင်တွေကိုစိတ်ဝင်တစားနဲ့ရှာဖွေနေတယ်ဆိုရင် ဒါကသတင်းကောင်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း JobNet အနေနဲ့ JobNATION အလုပ်အကိုင်ပြပွဲကို မြန်မာနိုင်ငံရဲ့ဒုတိယအချက်အချာမြို့တော်ဖြစ်တဲ့မန္တလေးမြို့ဆီကို နှစ်စဉ်နှစ်တိုင်းယူဆောင်လာပြီး စိန်ခေါ်မှုအသစ်တွေကိုရှာဖွေနေတဲ့ ဒါမှမဟုတ် ကိုယ့်မိသားစုနဲ့နီးတဲ့နေရပ်မှာပဲ အလုပ်အကိုင်ကောင်းကောင်းနဲ့ပြန်လည်အခြေချချင်နေတဲ့သူတွေကို အခွင့်အလမ်းကောင်းတွေနဲ့တွေ့ဆုံနိုင်အောင် ကူညီပေးနေပါတယ်။

အဲဒါကြောင့်လည်း JobNet.com.mm အနေနဲ့ ဒီနှစ်သစ်မှာ ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့အထက်မြန်မာပြည်က အလုပ်ရှာဖွေနေသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်ရာပေါင်းများစွာကိုယူဆောင်လာဖို့ ကြိုးစားနေပါတယ်။ အဲဒါကြောင့် ၂၀၂၀ ခုနှစ်အတွက် JobNet ရဲ့ပထမဆုံးအလုပ်အကိုင်ပြပွဲကြီးကို အထက်မြန်မာပြည်ရဲ့အချက်အချာကျတဲ့ မန္တလေးမြို့မှာ ဒစ်ဂျစ်တယ်နည်းပညာကိုပထမဆုံးအနေနဲ့ အပြည့်အဝအသုံးပြုပြီး တစ်ဖန်ပြန်လည်ကျင်းပတော့မှာပါ။ အဲဒါကတော့ JobNATION Mandalay 2020 အလုပ်အကိုင်ပြပွဲပဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ပြည်တွင်းနဲ့နိုင်ငံတကာကထိပ်တန်းကုမ္ပဏီတွေပါဝင်ကြပြီ သူတို့ရဲ့အထက်မြန်မာပြည်ရုံးခွဲတွေမှာ လပ်လစ်နေတဲ့အလုပ်အကိုင်တွေအတွက် ခေါ်ယူသွားမှာဖြစ်ပါတယ်။

အဲဒီအလုပ်အကိုင်ပြပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ Hotel Marvel မန္တလေးမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြပွဲမှာ Colgate Palmolive Myanmar Ltd, Myanmar Yangtse Copper Co, Ltd, Wall Street English, Global Technology Group, Hayman Capital Microfinance Co, Ltd အစရှိတဲ့ထိပ်တန်းကုမ္ပဏီတွေအပြင် ကုမ္ပဏီပေါင်း ၂၅ ခုကျော်ပါဝင်မှာဖြစ်ပြီး ITနဲ့ အင်ဂျင်နီယာ၊ အရောင်းနဲ့ ဈေးကွက်ရှာဖွေရေး၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်၊ HR နဲ့ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှု အလုပ်အကိုင်တွေအပြင် သင်ကြားရေးနဲ့သက်ဆိုင်တဲ့အလုပ်အကိုင်တွေနဲ့ အခြားအလုပ်အကိုင်ပေါင်းများစွာကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ ခေါ်ယူသွားမယ့်လစ်လပ်အလုပ်အကိုင်တစ်ခုချင်းစီဟာ အလုပ်ရှာဖွေနေသူတစ်ဦးတစ်ယောက်ချင်းစီအတွက် ပြည့်စုံကောင်းမွန်တဲ့အလုပ်တွေဖြစ်မှာ သေချာပါတယ်။

ဒီပွဲမှာပါဝင်ပြီးအလုပ်တွေခေါ်ယူသွားမယ့် Ooredoo Myanmar က “ဒီတစ်ခေါက် ၂၀၂၀ ခုနှစ်အတွက် ကျင်းပမယ့်မန္တလေးအလုပ်အကိုင်ပြပွဲကြီးမှာ Regional Sales ဌာန၊ Distribution ဌာန၊ Mobile Money နဲ့ Customer Experience ဌာနတွေမှာ လိုအပ်နေတဲ့မန်နေဂျာအဆင့်စီမံခန့်ခွဲမှုသူတွေကို အဓိကထားရှာဖွေသွားမှာ ဖြစ်ပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

ဒီနှစ်မှာကျင်းပမယ့် JobNATION Mandalay ၂၀၂၀ ရဲ့ထူးခြားချက်ကတော့ Digital CV ID လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီး အလုပ်လျှောက်ထားမှုတွေနဲ့ အလုပ်ခေါ်ယူမှုတွေကို စာရွက်တွေအသုံးမပြုတော့ဘဲ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အဲဒီ Digital ID ဟာ တစ်ဦးနဲ့တစ်ဦးအချက်အလက်တွေကို Scan ဖတ်ပြီးလွှဲပြောင်းလို့ရပြီး အလုပ်ခေါ်ယူနေသူဘက်ကရော အလုပ်ရှာဖွေလျှောက်ထားသူဘက်ပါ နှစ်ဦးနှစ်ဖက်စလုံးအသုံးပြုလို့ရတဲ့ နည်းပညာပဲဖြစ်ပါတယ်။

အလုပ်ရှာဖွေလျှောက်ထားသူတွေအတွက် ပြုလုပ်ထားတဲ့ Digital CV ID ဆိုတာကတော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်ဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code တစ်ခုနဲ့ချိတ်ဆက်ထားပြီး အဲဒီကိုယ့်ရဲ့ကိုယ်ပိုင် QR code ကိုအလုပ်လျှောက်ထားတဲ့အခါမှာ ဒစ်ဂျစ်တယ် CV အနေနဲ့အသုံးပြုရမှာ ဖြစ်ပါတယ်။ ပွဲကိုရောက်လို့ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို ခေါ်ယူနေတဲ့ကုမ္ပဏီကိုတွေ့လို့ အလုပ်လျှောက်ထားချင်တယ်ဆိုရင် စမတ်ဖုန်းအသုံးပြုပြီး ကိုယ့်ရဲ့ Digital CV ID ကို အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီဘက်ကိုယ်တိုင်ကိုယ်ကျပြရမှာဖြစ်ပါတယ်။ ကုမ္ပဏီဘက်က အဲဒီ CV ID ကို Scan ဖတ်လိုက်ရုံနဲ့ အလုပ်လျှောက်ထားသူရဲ့အချက်အလက်တွေကို စုဆောင်းရရှိသွားမှာဖြစ်ပါတယ်။ ပွဲပြီးတဲ့နောက် အလုပ်လျှောက်ထားခဲ့သူတွေကို ပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် အလုပ်လျှောက်ထားခဲ့သူတွေရဲ့ အချက်အလက်တွေအားလုံးကို သူတို့ရဲ့ database ထဲမှာ အလိုအလျှောက်သိမ်းဆည်းသွားမှာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်လျှောက်ထားလိုတဲ့ကုမ္ပဏီဒါမှမဟုတ် လျှောက်ထားချင်တဲ့အလုပ်ရဲ့ Digital ID QR Code ကို ကိုယ့်ရဲ့ဖုန်းနဲ့ Scan ဖတ်၊ ပြီးရင် အဲဒီကုမ္ပဏီကခေါ်ယူနေတဲ့အလုပ်တွေနဲ့ အလုပ်လိုအပ်ချက်တွေကို ဝင်ရောက်ကြည့်ရှုပြီး ကိုက်ညီမယ့်အလုပ်တွေကို click တစ်ချက်နှိပ်ရုံနဲ့ လွယ်ကူအဆင်ပြေစွာ လျှောက်ထားနိုင်ပါတယ်။ အဓိကကတော့ အဲဒီပွဲနေ့မှာအောင်မြင်တဲ့အလုပ်လျှောက်ထားမှုဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ JobNet Profile ကိုပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့နဲ့ ကိုယ့်ရဲ့စမတ်ဖုန်းကိုမမေ့မလျော့ယူလာဖို့ပါပဲ။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် JobNATION Mandalay အလုပ်အကိုင်ပြပွဲမှာ အလုပ်အကိုင်ခေါ်ယူမှုတွေအပြင် ကံစမ်းမဲအစီအစဉ်တွေနဲ့ JobNet ကပြုလုပ်မယ့်စိတ်လှုပ်ရှားစရာပျော်စရာ အစီအစဉ်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် ဒီလိုအခွင့်အရေးကောင်းတွေကိုလက်မလွတ်ရလေအောင် အခုပဲဒီနေရာမှာ ပွဲတက်ရောက်ဖို့အတွက် အခမဲ့စာရင်းပေးသွင်းလိုက်ပါ။ ခေါ်ယူသွားမယ့်အလုပ်အကိုင်တွေနဲ့ ပွဲအကြောင်းအရာအသေးစိတ်တွေကို အချိန်နဲ့တပြေးညီသိချင်တယ်ဆိုရင်တော့ JobNet Myanmar Facebook Page ရဲ့ JobNATION Mandalay 2020 ပွဲစာမျက်နှာကို Interested ဒါမှမဟုတ် Going လုပ်ထားကြပါနော်…