17th May, 2019

မန္တလေးမြို့ရဲ့Professionals ၃၀၀၀ ကျော်တက်ရောက်ခဲ့တဲ့ JobNation Mandalay

မြန်မာနိုင်ငံ၏အကြီးမားဆုံး အလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်သည့် JobNation ပွဲကြီးကို မေလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ကျင်းပခဲ့ပြီး ထိုပွဲကြီးသို့ လုပ်ငန်းနယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိကျွမ်းကျင်သူပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ထိုအလုပ်အကိုင်ပြပွဲကြီးကို မြန်မာနိုင်ငံ၏ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် JobNet.com.mm မှ ဦးစီးပြုလုပ်ပြီး Hotel Marvel Mandalay ၌ကျင်းပခဲ့ပါသည်။ ပြည်တွင်းနှင့်နိုင်ငံတကာကုမ္ပဏီပေါင်း ၂၅ ခုကျော်မှ IT နယ်ပယ်မှစပြီး ဟိုတယ်နှင့်ခရီးသွားလာရေးနယ်ပယ်အထိ လုပ်ငန်းနယ်ပယ်အသီးသီးအတွက် လိုအပ်နေသောလစ်လပ်ရာထူးများကို ခေါ်ယူခဲ့ပါသည်။ ပွဲသို့လာရောက်ခဲ့အလုပ်ရှာဖွေသူများအတွက်လည်း အထောက်အကူဖြစ်စေမည့်အစီအစဉ်များဖြစ်သည့် အလုပ်အကိုင်ရရှိနိုင်ရေး၊ တိုးတက်ရေးတို့နှင့် သက်ဆိုင်သောအကြောင်းအရာများကို လုပ်ငန်းနယ်ပယ်အသီးသီးနှင့် ဈေးကွက်ရှိထိပ်တန်းကုမ္ပဏီများမှ ကျွမ်းကျင်ပညာရှင်များ၏ အခမဲ့အကြံပေးဆွေးနွေးဟောပြောပွဲများလည်း ပါဝင်ခဲ့ပါသည်။

ထို JobNation အလုပ်အကိုင်ပြပွဲကြီးတွင် လစ်လပ်ရာထူးအလုပ်အကိုင်ပေါင်း ၄၀၀ ကျော်အတွက် ခေါ်ယူခဲ့ပါသည်။ ခေါ်ယူခဲ့သည့်အလုပ်အကိုင်အရေအတွက်ကိုကြည့်ချင်းအားဖြင့် ထိုအလုပ်အကိုင်ပြပွဲသည် အလုပ်ရှာဖွေနေသူများနှင့် အလုပ်ခေါ်ယူနေသည့်အလုပ်ရှင်များ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သည်အထိ အရေးပါကြောင်းကို သက်သေပြနေပါသည်။ ခေါ်ယူနေသောအလုပ်အကိုင်များမှာ လုပ်ငန်းခွင်စတင်ဝင်ရောက်မည့်သူများမှစ၍ လုပ်ငန်းအတွေ့အကြုံရှိကျွမ်းကျင်သူများအထိ သင့်တော်သည့် လုပ်သက်အတွေ့အကြုံမျိုးစုံရှိသည့်အလုပ်များ ပါဝင်ခဲ့ပါသည်။ သို့ပါ၍ ထိုပွဲတွင်ပါဝင်သည့်ကုမ္ပဏီများသည့် အရည်အချင်းရှိအလုပ်ရှာဖွေနေသူများကို တွေ့ဆုံရန်လွန်စွာစိတ်အားထက်သန်ခဲ့ပါသည်။

Asia General Business Group မှ Head of HR ဒေါ်သူဇာအောင်မှ “ကျွန်မတို့ကုမ္ပဏီအနေနဲ့ ဒီ JobNation အလုပ်အကိုင်ပြပွဲကို ပုံမှန်ပါဝင်ဖြစ်ပါတယ်။ ပါဝင်ဖြစ်တဲ့နှစ်တိုင်းလည်း ရလဒ်ကောင်းတွေရရှိပါတယ်။ ကျွန်မတို့ကုမ္ပဏီက ဒီပွဲမှာပုံမှန်ပါဝင်ပြီး အတွေ့အကြုံရော အရည်အချင်းရောရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ရှာဖွေလေ့ရှိတယ်။ နောက်ပြီး ဒီပွဲတွေက ကျွန်မတို့ကုမ္ပဏီမှာ ခေါ်ယူနေတဲ့လစ်လပ်ရာထူးတွေနဲ့ကိုက်ညီပြီး အလားအလာကောင်းတွေရှိတဲ့ကျွမ်းကျင်ဝန်ထမ်းတွေရရှိဖို့လည်း အရေးပါတယ်လေ။

JobNation အလုပ်အကိုင်ပြပွဲ၏ထူးခြားချက်မှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးရှိ ထိပ်တန်းကုမ္ပဏီများ ပါဝင်ခြင်းဖြစ်ပါသည်။ ပွဲကျင်းပသော JobNet.com.mm အနေဖြင့်လည်း ပါဝင်သောကုမ္ပဏီများ၏အရည်အသွေးကို ဦးစားပေးစဉ်းစားကာ JobNation အလုပ်အကိုင်ပြပွဲများကို နံပါတ် ၁ အဖြစ်ရပ်တည်နိုင်အောင် အမြဲကြိုးစားလေ့ရှိပါသည်။ ယခုနှစ် မန္တလေးမြို့တွင်ကျင်းပသော JobNation အလုပ်အကိုင်ပြပွဲတွင် ပလက်တီနမ်အဆင့်ကူညီပံ့ပိုးပေးသောပါဝင်သောကုမ္ပဏီများမှာ Ooredoo, KBZ, SK Herbal နှင့် ရွှေအဆင့်ကူညီပံ့ပိုးပေးသောကုမ္ပဏီများမှာ Mega Lifesciences, Chindwin PSB Institute, Cycle & Carriage (Mercedes), Asia General Electric, British American Tobacco နှင့် Medecins Sans Frontieres တို့ပါဝင်ပါသည်။

JobNet.com.mm ၏ အလုပ်အမှုဆောင်ဒါရိုက်တာ Mr. Matt De Luca မှ “မန္တလေးမြို့က လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့သူတွေကို မြန်မာနိုင်ငံရဲ့ထိပ်တန်းလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံအောင်လုပ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အရမ်းကို ပျော်ရွှင်ရပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားရပါတယ်။ ဒီ JobNation အလုပ်အကိုင်ပြပွဲတွေကို ကျင်းပတိုင်းကျင်းပတိုင်း ပါဝင်တဲ့ကုမ္ပဏီတွေနဲ့ အလားအလာရှိတဲ့အလုပ်ရှာဖွေသူတွေကြားမှာ ကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်ရအောင် ကျွန်တော်တို့အရမ်းကို အားစိုက်ထုတ်ပြီးကြိုးစားရပါတယ်။ အခုဆိုရင် JobNation ပွဲကြီးကို မန္တလေးမှာတတိယအကြိမ်ပြုလုပ်နေပြီ။ ဒီအချိန်ဟာဆိုရင် ပွဲကိုလာတဲ့သူတွေအနေနဲ့ ထိပ်တန်းကုမ္ပဏီတွေက ကျွမ်းကျင်တဲ့အလုပ်ခေါ်ယူနေသူတွေနဲ့ တွေ့ဆုံပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် ပိုပြီးကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ပြုလုပ်သင့်တဲ့အချိန်ပါ။ နောက်ပြီး ဒီပွဲမှာပါဝင်တဲ့ဘယ်ကုမ္ပဏီတွေက ကောင်းမွန်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုပေးပြီး ဝန်ထမ်းတွေရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုတွေတိုးတက်အောင်လုပ်ပေးနေသလဲဆိုတာကို လေ့လာရမယ့်အချိန်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ပွဲတက်ရောက်နေသူတိုင်းဟာ ကုမ္ပဏီတွေဆီကို CV ဖြည့်တာ၊ CV တင်တာ၊ အင်တာဗျူးအမေးခံရတာတွေအပြင် ကုမ္ပဏီတွေရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ HR ဌာနကသူတွေ၊ မန်နေဂျာတွေနဲ့ပါတွေ့ဆုံစကားပြောခွင့်ရတဲ့အတွက် ဒါတွေဟာသူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေပါ။ ကျွန်တော်တို့ ဒီနေ့ပွဲကို သေချာလေးပြင်ဆင်ထားတဲ့အတွက်ကြောင့် လာရောက်ကြည့်ရှုသူတွေရော ပါဝင်တဲ့ကုမ္ပဏီတွေရော အတွေ့အကြုံကောင်းတွေရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ပါဝင်သောကုမ္ပဏီများမှ မိမိတို့၏အဖွဲ့အစည်းအကြောင်းရှင်းလင်းတင်ပြမှုများအပြင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များမှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးတိုးတက်ရေးနှင့်ပတ်သက်သော ဆွေးနွေးဟောပြောမှုများလည်း ပါဝင်ခဲ့ပါသည်။ ပွဲတက်ရောက်ခဲ့သူများသည်လည်း မိမိတို့လျှောက်ထားထားသောရာထူးများတွင် ကောင်းမွန်သောပုံရိပ်ရရှိစေရန် မည်သို့ပြုမူရမည်နည်း၊ မိမိတကယ်ဖြစ်ချင်သောအလုပ်အကိုင်လမ်းကြောင်းပေါ်ကိုရောက်အောင် မည်သို့ပြုလုပ်သင့်သနည်းနှင့် မိမိ၏ပုံရိပ်ကို မည်သို့တည်ဆောက်ရမည်နည်း အစရှိသည့်အကြောင်းအရာများကို နားထောင်ခဲ့ရပါသည်။

Mr. De Luca မှ “နောက်နှစ်မှာလည်း မန္တလေးမှာ JobNation အလုပ်အကိုင်ပြပွဲကိုထပ်မံကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet.com.mm မှာလည်း ထိပ်တန်းကုမ္ပဏီတွေက မန္တလေးမြို့အတွက်ခေါ်ယူနေတဲ့ အလုပ်အကိုင်ရာပေါင်းများစွာကို နေ့စဉ်တင်ပေးနေမှာဖြစ်ပါတယ်” ဟု ထပ်မံပြောခဲ့ပါသည်။