18th July, 2018

အိမ်ကိုပြန်ခဲ့တော့

အိမ်ကိုပြန်ခဲ့တော့
 
“အိမ်ကိုပြန်ခဲ့တော့ ဟိုမှာ မပျော်တဲ့ ခဏ၊ အိမ်ကို ပြန်ခဲ့တော့ …အတူတူ ပြန်ဆုံနိုင်အောင် ကြိုးစား”
Iron Cross အဖွဲ့က သီဆိုသည့် “အိမ်ကို ပြန်ခဲ့တော့” သီချင်းကို နှုတ်ဖျားမှ အဓိပ္ပါယ်မဲ့ လိုက်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး ဖုန်းမှ နာရီကို ကြည့်လိုက်သည်။
ထို့နောက် Facebook messenger မှ တစ်ဆင့် ကိုလေးကို ဖုန်းခေါ်လိုက်သည်။
ပြောသမျှစကားတို့သည် ရောက်တတ်ရာရာ၊ ဦးတည်ရာမရှိ၊ မြန်မာပြည်ကအကြောင်းလဲပါသည်။ ကမ္ဘာကြီး အကြောင်းလည်းပါသည်။ ဒေါ်နယ်ထရန့်အကြောင်း ဖြစ်တတ်သလို၊ တရုတ်ပြည်စီးပွားရေး ဖြစ်တတ်သည်။
နိုင်ငံရပ်ခြားသို့ သွားရောက်နေသည့် သူ၏ ဒုတိယအစ်ကိုဖြစ်သူ ကိုမြတ်သက်အောင်ကို သတိရသည့်အခါတိုင်း အိမ်ကို ပြန်ခဲ့တော့ သီချင်းသည် နှုတ်ဖျားသို့ ရောက်လာတတ်ကြောင်း ၎င်းက ဆိုသည်။
“နေ့တိုင်းမဟုတ်ပေမယ့် ကိုလေးကို တစ်ပတ် ၂ ခါလောက်တော့ ဖုန်းဆက်ဖြစ်တယ်”ဟု မမေနှင်းက ဆိုသည်။
သူ၏ တစ်ဦးတည်သော အစ်ကိုသည် စင်ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၄ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ၄ နှစ်အတွင်း အိမ်ပြန်လာနိုင်ခြင်း မရှိသေးကြောင်း ဆက်ပြောသည်။
“ဖုန်းဆက်ပြောတိုင်း နင်တို့ မြန်မာနိုင်ငံက လစာက မဖြစ်စလောက်နဲ့ ပြန်လာရင် ဘယ်မှာ အလုပ်လုပ်ရမလဲ လို့ ညည်းတယ်”ဟု မေနှင်းက ပြောပြသည်။
လုပ်ခလစာနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ငန်းခွင် အခွင့်အရေး အပြည့်အဝ မရရှိမှု စသည့် အကြောင်းပြ ချက် များဖြင့် အခြေခံလုပ်သားများမှသည် ပညာရှင်အဆင့်အထိ မြန်မာနိုင်ငံသား များစွာသည် အိမ်နီးချင်းနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
စင်ကာပူနိုင်ငံတွင်ပင် မြန်မာနိုင်ငံသား ၂ သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း စင်ကာပူအစိုးရက ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ သိရသည်။
“ကျွန်တော် Singapore Management University မှာ ကျောင်းလာတက်တယ်။ ကျောင်းပြီးတော့ မပြန်ဘဲ အလုပ်ဆက်လက်နေတာ ၄ နှစ်လောက် ရှိပြီ။ ပြန်ချင်လားမေးရင် ပြန်ချင်တာပေါ့။ ဒါပေမယ့် ပြန်ရင် ဒီလောက် လစာကောင်းတဲ့ အလုပ် ဘယ်လိုမှ မရနိုင်ဘူး”ဟု ကိုမြတ်သက်အောင်က ပြောသည်။
အသက် ၂ နှစ်သာကွာသည့် ညီမငယ်သည် သူ့အတွက် ညီမအဖြစ်သာမဟုတ် သူငယ်ချင်းလည်းဖြစ်သဖြင့် အိမ်မှ မိသားစုများအနက် အများဆုံး ဖုန်းပြောဖြစ်သည်က ညီမငယ်ဖြစ်ကြောင်း ကိုမြတ်သက်အောင်က ပြောသည်။
“ဗွီဒီယိုကောတွေ၊ ဖုန်းခေါ်တာတွေ၊ ချက်တင် ထိုင်တာတွေ ဘာမဆိုလုပ်လို့ရနေပေမယ့်။ အတူတူ နေထိုင်ရှင် သန်ကြီးပြင်းရတာနဲ့တော့ တူမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ယခုအချိန်တွင်မူ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံရေးစနစ်အပြောင်းအလဲနှင့်အတူ လျင်မြန်စွာ တိုးတက်လာလျက်ရှိနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ နှစ်စဉ် ၆ ရာခိုင်နှုန်းအထက်တွင် ရှိနေကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော အစီရင်ခံစာများ အရသိရသည်။
မြန်မာနိုင်ငံတွင် လာရောက် အခြေစိုက်သော နိုင်ငံတကာ ကုမ္ပဏီများ တိုးပွားလာသကဲ့သို့ နိုင်ငံသားပိုင်ကုမ္ပဏီ များကလည်း အဆိုပါ ကုမ္ပဏီများနှင့် အပြင်းအထန် ပြိုင်ဆိုင်လာရသည်။
သို့ဖြစ်ရာ ကုမ္ပဏီ အများအပြားသည် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အချင်း ပြည့်ဝသော လုပ်သားများကို အပြင်းအထန် ရှာဖွေလာကြသည်။
မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်း ပြည်ပကုမ္ပဏီကြီးများက ကျွမ်းကျင် လုပ်သား ရှာဖွေရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြည်တော်ပြန်မည့် ကျွမ်းကျင်လုပ်သားများကို စုဆောင်းလျက်ရှိကြောင်း JobNet.com.mm မှ သိရသည်။
စင်ကာပူနိုင်ငံရှိ Raffles City Convention Centre တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်တို့၌နံနက် ၉ နာရီ မှ ည ၉ နာရီအထိ ပြုလုပ်ခဲ့သည့် အဆိုပါ မြန်မာ - စင်ကာပူ အကြီးဆုံး အလုပ်အကိုင်ပြပွဲတွင် ကုမ္ပဏီကြီး ၁၆ ခုအပါအဝင် ပြည်တွင်းကုမ္ပဏီ များက အလုပ်အကိုင်နေရာပေါင်း ထောင်ချီမိတ်ဆက်ခဲ့ကြကြောင်း JobNet.com.mm မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Matt De Luca က ပြောသည်။
“YIG တို့ YOMA တို့လို ထိပ်တန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေ၊ MPT တို့လို နည်းပညာ ကုမ္ပဏီကြီး CDSG တို့၊ PMG တို့လို စားသောက်ကုန် ကုမ္ပဏီကြီးတွေ၊ ထိပ်တန်း ဘဏ်လုပ်ငန်းကြီးတွေ အတော်များများဟာ ပရော်ဖက်ရှင်နယ်တွေကို အပြင်းအထန် ရှာဖွေခဲ့ကြပါတယ်”ဟု Mr Matt De Luca က ပြောသည်။
အဆိုပါ ပြပွဲတွင် ပါဝင်မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT၏ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ Mr. Takashi Ozawa က “ကျွန်တော်တို့မှ အလုပ်အကိုင်နေရာ ၅၀ ကျော်လိုနေပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်လုပ်ပေးမယ့် အရမ်းတော်တဲ့ စင်ကာပူရောက်မြန်မာလူငယ်တွေကို ပြန်ခေါ်ချင်နေပါတယ်”ဟု ပြောသည်။
ယင်းပြပွဲတွင် MPT, CB Bank, CDSG, MPT, KBZ Bank, Wilmar, YOMA, PMG, My World, Executive Search, RMA Myanmar, Myanmar Net,MPRL E&P, Young Investment Company, Yoma Land, Wave Money, La Sources စသည့် ကုမ္ပဏီကြီးများအပါအ၀င် အခြားနာမည်ကြီးကုမ္ပဏီများကလည်း အဆိုပါ အလုပ်အကိုင်ပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဝန်ထမ်းများရှာဖွေခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပြပွဲတွင် အတွေ့အကြုံရှိသော အကြီးတန်းဝန်ထမ်းများ၊ စီမံခန့်ခွဲမှု ဝန်ထမ်းများစွာကို ခေါ်ယူရန် ကြိုးစား ခဲ့ကြောင်း Young Investment Group မှ ဝန်ထမ်းရွေးချယ်ခန့်ထားရေးဆိုင်ရာ အရာရှိတစ်ဦး ဖြစ်သည့် ကိုရန်နိုင်ထူးကပြောသည်။
“ကျနော်တို့ YIG အောက်မှာ Business Unit တွေ အများကြီးရှိပါတယ်။ ဥပမာ တီဗီချန်နယ်တစ်ခုရှိတာကြောင့် စင်ကာပူမှာရောက်နေတဲ့ ရုပ်သံမီဒီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ အများကြီးလိုပါတယ်။ အဲဒီလိုပဲ အာမခံလုပ်ငန်းလည်း ရှိတဲ့အတွက်ကြောင့် အာမခံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေ အများကြီး ခန့်ထားဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
Equipment engineer တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ကိုထွန်းနိုင်ကလည်း စင်ကာပူတွင်ရရှိနေသည့် လစာ၏ ထက်ဝက်မျှ ရရှိလျှင်ပင် မြန်မာနိုင်ငံသို့ ပြန်လာရန် အစီအစဉ်ရှိကြောင်း ပြောသည်။
“၁၀ စုနှစ်တစ်စုနီးပါးရှိပါပြီ။ ၂၀၀၇ ကတည်းက ရောက်ပြီး အလုပ်လုပ်ခဲ့တယ်။ အိမ်ပြန်ချင်တဲ့အကြောင်းက အဖေကလည်း အသက်အရွယ်ရလာလို့ပါ။ လုံလောက်တဲ့လစာရမှသာ ပြန်နိုင်မယ့် အခြေအနေပါ” ဟု ၎င်းက ဆိုသည်။
စင်ကာပူပြပွဲရောက် ကိုမြတ်သက်အောင်ကတော့ “အခွင့်အရေး ရရင်တော့ ပြန်လာမှာပေါ့”ဟု ပြောသည်။
စင်ကာပူပြပွဲသို့ ကိုမြတ်သက်အောင်နှင့် ကိုထွန်းနိုင်အပါအဝင် စင်ကာပူရောက် မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ခန့်လာရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေခဲ့ကြသည်။
၎င်းတို့အနက် အချို့မှာ ကုမ္ပဏီကြီးများနှင့် တိုက်ရိုက်အင်တာဗျူးခဲ့ကြသဖြင့် မကြာခင်အချိန်အတွင်း မိခင်မြေတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိမည်ဟု မျှော်လင့်ရပေသည်။
 
အတူတူပြန်ဆုံနိုင်အောင် ကြိုးစား၊ မမေ့နိုင်ဘူး မင်းအရိပ်များလည်း ……
Iron Cross အဖွဲ့၏ အိမ်ကိုပြန်ခဲ့တော့ သီချင်းသံက ဆက်လက်လွင့်ပျံလာသည်။
သီချင်းသံနှင့်အတူ ဖုန်းမျက်နှာပြင်ပေါ်တွင် အထင်းသားပေါ်လာသည့် ကိုလေးဆိုသည့် စာလုံးပေါ်လာ သည်နှင့် မေနှင်းတစ်ယောက် ဖုန်းကို ကောက်ကိုင်ပြီး ဖုန်းလက်ခံခလုတ်ကို ပွတ်ဆွဲလိုက်သည်....