24th July, 2018

ပထမဆုံး အလုပ်ကို ရဖို့ ခက်နေသလား။

ပထမဆုံး အလုပ်ကို ရဖို့ ခက်နေသလား?

လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ သူတွေနဲ့ အပြိုင်အလုပ်အကိုင်တစ်ခုကို ရဖို့ဆိုတာ သာမန်ထက်ခက်ခဲမှာပါ။ ဒါပေမယ့်လည်း ဒီအဆင့်ကို မကျော်ဖြတ်ဘဲနဲ့တော့ လုပ်ငန်းခွင် အတွေ့အကြုံဆိုတာကို ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်မှာ  ထည့်သွင်းနိုင်ဖို့ဆိုတာလည်း ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ဆိုတော့ ဒီလမ်းညွှန်လေးကို အဆုံးအထိ ဖတ်ကြည့်ပါ။

၁။ အလုပ်လျှောက်လွှာ (CV) ကို သေသေချာချာရေးပါ။

သင့်ရဲ့ ကိုယ်ရေးအကျဉ်းပါဝင်တဲ့ လျှောက်လွှာဟာ အလုပ်တစ်ခုရဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ နာမည်နဲ့ လိပ်စာလောက်သာပါတဲ့ လျှောက်လွှာမျိုးဟာ ဘယ်တော့မှ အလုပ်ရဖို့ အထောက်အကူမပြုပါဘူး။

ပထမဆုံး အလုပ်တစ်ခုကို လျှောက်မှာဖြစ်တဲ့အတွက် သင့်ရဲ့ လျှောက်လွှာဟာ အတွေ့အကြုံရှိသူတွေထက် အများကြီးကို နည်းနေကောင်းနည်းနေနိုင်ပါတယ်။  ဒါပေမယ့်စိတ်မပျက်ပါနဲ့။

လျှောက်လွှာမရေးခင် သင်လျှောက်ထားချင်တဲ့ ကုမ္ပဏီအကြောင်းကို လေ့လာပါ။ (ဥပမာ www. jobnet.com.mm မှာ ရှာကြည့်ရင် ဘယ်ကုမ္ပဏီတွေက ဘယ်လိုအလုပ်အကိုင်ခေါ်သလဲ အပြင် အဲဒီကုမ္ပဏီ အကြောင်းကို အကျဉ်းချုပ် ရေးထားတာတွေ့ရမှာပါ) အဲဒီကုမ္ပဏီက ဘာတွေလုပ်သလဲဆိုတာကို ထပ်ဆောင်းပြီး ရှာဖွေတာမျိုး လုပ်ပါ။

ကုမ္ပဏီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ ကိုယ်လုပ်နိုင်ကြောင်း ကိုယ်ရေးအကျဉ်းမှာ သေချာ ပေါက်ထည့်သွင်းရပါမယ်။ ဥပမာ Auto Cad ကို ကိုယ်ကျွမ်းကျင်ကြောင်း၊ ဒါမှ မဟုတ် Survey ပိုင်းမှာ ကျွမ်းကျင်ကြောင်းကို ထည့်သွင်း ဖော်ပြနိုင်ရပါမယ်။

ထပ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရရင် သင့်အိမ်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းမှန်သမျှကို သင်ဝယ်ပေးရတာမျိုး။ စာရင်းတွေကို ကူလုပ်ပေးရတာမျိုးက အစပါ။

သင့်မှာ အတွေ့အကြုံအများကြီး မရှိပေမယ့် သင်အများကြီး လုပ်နိုင်တယ်ဆိုတာ ပေါ်လွင်အောင် ဖော်ပြတဲ့ အထောက်အထားတွေ ထည့်သွင်းရပါမယ်။

၂။ အပေါ်စာ (cover letter)

ကိုယ်ရေးအကျဉ်းလောက်နဲ့ ကုမ္ပဏီတွေဟာ သင့်ရဲ့ အရည်အချင်းကို မဆုံးဖြတ်နိုင်ပါဘူး။ သင့်အရည်အချင်းကို အကဲဖြတ်ရာမှာ သင်ရေးထားတဲ့ အပေါ်စာ (cover letter) ဟာ ကုမ္ပဏီအတွက် အရေးကြီးပါတယ်။

ဒီအလုပ်ဟာ သင့်အတွက် ဘယ်လောက်အရေးကြီးကြောင်း၊ ဒီအလုပ်ကနေ ဘာတွေသင်ယူချင်ကြောင်း၊ သင်သာရောက်လာရင် ဒီအလုပ်အတွက် ဘယ်လိုကောင်းမွန်အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း ထည့်သွင်းရေးသားရမှာပါ။ သင်တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေ၊ သင်ကြားထားတာတွေဟာ ကုမ္ပဏီအတွက် ဘယ်လောက်တောင် အသုံးဝင်မှာ ဖြစ်ကြောင်းကို တိုတိုနဲ့ ရှင်းရှင်း  ဖော်ပြနိုင်ဖို့ လိုပါတယ်။

၃။ အင်တာဗျူးမှာ ရဲရဲ ရင်ဆိုင်ပါ။

အတွေ့အကြုံမရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားပြီဆိုရင် သူဟာ သင့်ရဲ့ တက်ကြွမှု၊ သင်ယူချင်စိတ်နဲ့ သူတို့နဲ့ ဘယ်လောက်ကြာကြာလက်တွဲနိုင်မလဲဆိုတာတွေကို အဓိက စဉ်းစားပါတယ်။

မေးခွန်းတွေကို အာရုံစိုက်ပါ။ မေးခွန်းမေးသူတွေရဲ့ ပြောစကားတိုင်းကို တလေးတစား နားထောင်ဖြေဆိုပါ။ အများစုက နာခံတတ်သူကို ရှာကြတာပါ။

မေးခွန်းတွေများများမေးပါ။ သူတို့ရဲ့ အလုပ်အကြောင်းကို ဘယ်လောက်ထိ စိတ်ပါဝင်စား ရှိသလဲဆိုတာကို အကဲဖြတ်လေ့ရှိပါတယ်။ တနည်းအားဖြင့် ကိုယ့်ဘက်က ဒီအလုပ်ကို ဘယ်လောက်တောင်လိုချင်သလဲ၊ ရခဲ့ရင် ဘယ်လိုအားထုတ်မလဲဆိုတာကို ပြသရာပဲရောက်ပါ။

အင်တာဗျူးမှာ ကြောက်ရွံနေတဲ့ ပုံမျိုးထက် ခင်မင်နှစ်လိုဖွယ်ကောင်းစွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းတာမျိုးကို မေးသူတွေက နှစ်သက်ပါတယ်။

ကဲ ဒီလောက်ဆိုရင် အလုပ်သစ်ရှာဖို့အတွက် ခြေလှမ်းတွေ စတင်လို့ရပြီ ထင်ပါတယ်။

www.jobnet.com.mm မှာ စာရင်းသွင်း (register) လုပ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီကြီးတွေဆီမှာ အလုပ်ရဖို့ စတင်ကြိုးစားလိုက်ပါ။