6th September, 2018

ဘာလို့အခုထိအလုပ်မရသေးတာလဲ

အလုပ်ရှာနေတဲ့လူတိုင်းနီးပါး အမြဲတမ်းမေးလေ့မေးထရှိတဲ့မေးခွန်းက ဘာလို့အလုပ်မရသေးတာလဲ ဆိုတာပါပဲ။ တစ်ချို့တွေအတွက်တော့လျှောက်ထားပေမယ့် အင်တာဗျုးမခေါ်သေးတာရှိသလို အင်တာဗျူးပြီးပြီ၊ ဒါပေမယ့် အကြောင်းမပြန်သေးတာတွေရှိပါတယ်။ ဒီအလုပ်ကိုစောင့်နေရမှာလား။ နောက်အလုပ်ထပ်လျှောက်ရမှာလား ဒီလိုတွေလည်းမေးတတ်ကြပါတယ်။ ဒါဆို ကိုယ့်ဆီမှာဘာလိုအပ်ချက်တွေရှိတာလဲ၊ အလုပ်ရဖို့ ဘာတွေပြင်ဆင်သင့်သလဲ။ ဒီအချက်လေးတွေနဲ့ ချိန်ထိုးပြီးတိုက်ကြည့်ရအောင်။

စွဲဆောင်မှုရှိတဲ့ CV ကိုပြုလုပ်ထားပါ

ပထမဦးဆုံးအနေနဲ့ အလုပ်လျှောက်တော့မယ်ဆိုရင် သင့်အတွက်အရေးကြီးဆုံးတစ်ခုကတော့ CV ကောင်းကောင်းတစ်စောင်ပြင်ထားခြင်းပါပဲ။ အလုပ်လျှောက်ပြီးဆိုတာနဲ့ အလုပ်ရှင်တွေကကိုယ့်ရဲ့ CV ကိုအရင်ဆုံးတွေ့ရမှာဖြစ်တဲ့အတွက် စွဲဆောင်မှုရှိရှိရေးထား၊ ဖော်ပြထားမယ်ဆိုရင်တော့ သင့်အတွက်အခွင့်အရေးပိုရမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာရိုးရိုှးရှင်းရှင်း CV တွေနဲ့လျှောက်မယ်ဆိုရင်တော့ ဘယ်လောက်ပဲကိုယ့်မှာ Skills တွေအတွေ့အကြုံတွေရှိနေပါစေ ပထမဦးဆုံးကိုယ်အပေါ်အမြင်ကတော့ သိပ်ကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ်တက်မြောက်ထားတဲ့ပညာရပ်တွေကို ဖော်ပြပေးနိုင်တဲ့ CV ကောင်းကောင်းရေးတက်ချင်ရင်တော့ အွန်လိုင်းက CV ပုံစံတွေကိုကိုးကားပြီးတာဖြစ်ဖြစ်၊ အတွေ့အကြုံရှိတဲ့သူတွေကိုမေးမြန်းပြင်ဆင်ထားမယ်ဆိုရင်တော့ အလုပ်ရှင်တွေကိုစွဲဆောင်နိုင်မှာဖြစ်ပါတယ်။

ဆက်သွယ်ဖို့အတွက်လွယ်ကူပါစေ

အလုပ်လျှောက်မယ့်ကိုယ့် CV မှာ ဆက်သွယ်ရမယ့်လိပ်စာ၊ ဖုန်းနံပါတ်၊ email လိပ်စာတွေကိုအမှားအယွင်းမရှိ သေချာဖြည့်စွက်ထားပါ။ တခါတလေ စာရိုက်တဲ့အခါမှားတာတွေ ဖြည့်တာမှားယွင်းနေတာတွေရှိတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဖုန်းနံပါတ်ပြောင်းတာတွေ၊ email ၀င်မစစ်ဖြစ်တာတွေရှိတတ်တော့အလုပ်ရှင်ဘက်က ဆက်သွယ်ချင်တဲ့အခါမရရင် ကိုယ့်အတွက်အခွင့်အရေးကောင်းတွေလက်လွှတ်လိုက်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် CV မှာဖုန်းနံပါတ်၊ email တစ်ခုခုနဲ့လျှောက်လိုက်ပြီဆိုရင်တော့ ဖုန်းနံပါတ်ခဏခဏပြောင်းတာတွေမလုပ်ဘဲ email ကိုလည်းအမြဲတစေ၀င်စစ်နေသင့်ပါတယ်။

ဒီအချက်တွေပြည့်စုံမယ်၊ သူတို့လိုချင်တဲ့အရည်အချင်းတွေနဲ့ ကိုက်ညီမယ်ဆိုရင်တော့ သင့်အတွက် အင်တာဗျုးဖို့အခွင့်အရေးကောင်းတွေရောက်ရှိလာမှာပါ။

ကုမ္ပဏီအကြောင်းကြိုတင်လေ့လာပါ

ကိုယ့်ရဲ့အချက်အလက်တွေကိုကုမ္ပဏီကစိတ်ဝင်စားပြီးအင်တာဗျုးဖို့ခေါ်ယူတဲ့အခါ ပထမဦးဆုံးလုပ်ရမှာက ကုမ္ပဏီအကြောင်းကိုလေ့လာထားပါ။ ကိုယ်လုပ်ရမယ့် ကုမ္ပဏီအကြောင်းကိုဘယ်လောက်သိလဲဆိုတာ အင်တာဗျုးမှာမေးတတ်ကြပါတယ်။ ဒီလိုမှမလေ့လာထားရင်တော့ ကုမ္ပဏီအကြောင်းကိုမသိတဲ့သူကို အလုပ်ရှင်တွေက ခေါ်ယူဖို့ဝန်လေးတတ်ကြပါတယ်။ 

ဘယ်လိုဝတ်စားသွားမလဲ

ကုမ္ပဏီဘက်ကကိုယ့်ရဲ့အကြောင်းကို CV ကတဆင့်သိပြီးတဲ့နောက် ပထမဦးဆုံးလူချင်းတွေ့ဆုံမှာဖြစ်ပါတယ်။ ဒါဆို ဒီလိုတွေ့ဆုံတဲ့အခါမှာသူတို့အမြင်မှာကောင်းမွန်တဲ့ ပုံစံထွက်ရှိဖို့အပြင် သူတို့ရဲ့စိတ်ထဲကနေသဘောကျသွားနိုင်မယ့် အပြင်အဆင်မျိုးဖြစ်ပါစေ။ မြန်မာဆန်ဆန်ဝတ်သွားတာ ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့အ၀တ်အစားကိုသပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းဝတ်စားသွားတာတွေက သင့်အတွက်အမှတ်ကောင်းကောင်းတစ်ခုတော့ရရှိမှာဖြစ်ပါတယ်။

သင့်အရင်အလုပ်အကြောင်းကို မကောင်းမပြောမိပါစေနဲ့

အင်တာဗျုးမှာကိုယ့်ဘာကြောင့်အရင်အလုပ်ကိုထွက်တာလဲဆိုတာကို မေးတတ်ကြပါတယ်။ ဒီလိုမေးလာရင်လည်း အရင်အလုပ်ရဲ့မကောင်းကြောင်းတွေကို ပြောမယ်ဆိုရင်တော့ သင့်ကိုရွေးချယ်ဖို့တွန့်ဆုတ်သွားပါလိမ့်မယ်။ အကြောင်းက သင်ကကြုံလာတဲ့အခက်အခဲကိုမဖြေရှင်းနိုင်သူ၊ စောဒကတက်၊ငြီးငြူလွန်းသူမှတ်ယူပြီး ဒီလိုလူမျိုးကိုအလုပ်ရှင်တွေကရွေးချယ်ဖို့ရှောင်ကြမှာမလွဲပါဘူး။

ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ်ရည်ကိုယ်သွေးကိုထုတ်ပြနိုင်ပါစေ

အလုပ်ရှင်တွေနဲ့တိုက်ရိုက်တွေ့ဆုံတဲ့အခါမှာ ကိုယ်မှာရှိတဲ့ကျွမ်းကျင်မှုတွေကိုအရိုးသားဆုံးနဲ့ အကောင်းဆုံးပြောပြနိုင်အောင်ကြိုတင်ပြင်ဆင်ခဲ့တာက တကယ်ဖြေရတဲ့အချိန်မှာအခက်အခဲမရှိ ဖြေနိုင်မှာအသေချာပါပဲ။ အနည်းဆုံးတော့ ကိုယ့်ရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံ အထစ်အငေါ့မရှိဖြေနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ဒီအလုပ်ကိုဘယ်လောက်ထိစိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းလေးပါ ထည့်ပြောလိုက်မယ်ဆိုရင်တော့ သင့်ရဲ့စိတ်အားထက်သန်မှုကိုတွေ့ပြီးရွေးချယ်ဖို့အခွင့်အရေးပိုများလာမှာဖြစ်ပါတယ်။

အပြိုင်အဆိုင်တွေကြားထဲကအလုပ်ကောင်းတစ်ခုကို ရှာဖွေရတဲ့အတွက်ခက်ခဲကြမှာအမှန်ပါပဲ။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်တွေကိုလေ့လာပြင်ဆင်ထားခဲ့မယ်ဆိုရင်တော့ သင့်အတွက်အခွင့်အရေးတွေက မနှေးအမြန်ရောက်ရှိလာမှာမလွဲပါဘူး။