5th October, 2018

အလုပ်ခေါ်စာထဲက ဖော်ပြချက်တွေကိုပါဖတ်ရင် အလုပ်ရနိုင်ပါတယ်

လုပ်ငန်းခွင် စတင်ဝင်ရောက်တော့မယ့် လူငယ်တွေရော အလုပ်ပြောင်းချင်လို့ အလုပ်ရှာနေတဲ့လူတွေမှာပါ ကြုံရလေ့ရှိတဲ့ အခက်အခဲတစ်ခုက ကိုယ်လုပ်ချင်တဲ့ ရာထူးနေရာ မသဲကွဲမှုပါ။ ခေတ်တွေ ပြောင်းလဲလာတာနဲ့အမျှ စကားလုံးအသုံးအနှုန်းတွေ ပြောင်းလဲလာတဲ့အခါ တချို့သော အလုပ်အကိုင်ရာထူးအခေါ်အဝေါ်တွေကလည်း ပြောင်းလဲသွားကြပါတယ်။ အလုပ်ခေါ်စာတစ်ခုကို ကြည့်လိုက်လို့ ကိုယ်တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ရာထူးနေရာကို မြင်ရင် ကျော်မသွားပါနဲ့။ ကိုယ့်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်လို့ပါ။

ရာထူးအမည် (job title) ဆိုတာက ဝန်ထမ်းတစ်ယောက် တာဝန်ယူလုပ်ဆောင်ရမယ့် အလုပ်တွေနဲ့ ရာထူးအဆင့်ကို ချုံ့ပြီးတော့ ရေးထားတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီ အဖွဲ့အစည်း အမျိုးအစားနဲ့ လုပ်ငန်းနယ်ပယ်ကို လိုက်ပြီးတော့ ရာထူးအမည်က ပြောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာဆိုရင် Sales Manager ဆိုတဲ့ ရာထူးအမည်အစား Customer Development Manager လို့ တချို့က အမည်တပ်ပြီး ခေါ်တာမျိုးတွေ ရှိပါတယ်။ ကိုယ်က Sales ပိုင်းဆိုင်ရာ အလုပ်ကို ရှာဖွေနေသူဆိုရင်တော့ ဒီလိုမျိုး ဇဝေဇဝါဖြစ်နေတဲ့ အလုပ်ခေါ်စာကို သေသေချာချာလေး ဖတ်သင့်ပါတယ်။

Colgate Palmolive Myanmar ရဲ့ HR မန်နေဂျာဖြစ်သူက ဦးဟန်လွင်ကလည်း အလုပ်အကိုင်လမ်းကြောင်း ရှာဖွေနေသူတွေကို အလုပ်ခေါ်စာတွေမှာ ဖော်ပြထားတဲ့ ရာထူးအခေါ်အဝေါ်တွေနဲ့ပတ်သက်ပြီး

“ ဘာတွေလုပ်ရတာလဲပေါ့… လုပ်ရမယ့်အလုပ်တွေကို အမှတ်စဉ် ချကြည့်လိုက်ပေါ့။ ကြည့်ကြည့်လိုက်ပြီးတော့ ကိုယ်ဘယ်အလုပ်ကို လုပ်ချင်တယ်လို့ထင်လဲ၊ ဘယ်အလုပ်ကိုတော့ဖြင့် လုပ်နိုင်တယ်လို့ထင်လဲပေါ့။ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်တာတွေကို ချကြည့်လိုက်လို့ လုပ်ချင်တာတွေလည်းများတယ်၊ လုပ်နိုင်တာတွေလည်းများတယ်ဆို ဒီအလုပ်ကို ရွေးပြီးတော့ အကောင်းဆုံး ဆက်လုပ်ပေါ့နော်” လို့ Job Net မှတစ်ဆင့် အကြံပေးဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးအလုပ်အကိုင်ပြပွဲဖြစ်တဲ့ Job Nation မှာ ထည့်သွင်းခဲ့တဲ့ HR ပိုင်း ကျွမ်းကျင်သူတွေရဲ့ စကားဝိုင်းမှာ ဦးဟန်လွင်က ပါဝင်ခဲ့ပြီး ခုလိုအကြံပေးခဲ့တာ ဖြစ်ပါတယ်။

အဓိက ကြည့်သင့်တာက အလုပ်ခေါ်စာမှာ ဖော်ပြထားတဲ့ လုပ်ငန်းတာဝန်တွေကို ဖတ်ရှုရမှာပါ။ ကိုယ် သိပ်မရှင်းတဲ့ ခေါင်းစဉ်မျိုးဆိုပေမဲ့ တကယ်တမ်း ဖတ်ကြည့်လိုက်တော့ ကိုယ်လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် ဖန်တီးမှုပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာဆိုရင် job title အပြင် ဖော်ပြထားတဲ့ တာဝန်တွေကိုကြည့်ပြီး ကိုယ့်ဘက်က စိတ်ဝင်စားမှုရှိမရှိနဲ့ လုပ်နိုင် မလုပ်နိုင်ဆုံးဖြတ်ရတာပါ။

ပိုကောင်းတဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေနေသူတွေရော လုပ်ငန်းခွင်ထဲကို အခြေချ ဝင်ရောက်တော့မယ့် လူငယ်တွေအတွက်ပါ www.jobnet.com.mm ရှိပါတယ်။ Job Net ဟာ မြန်မာနိုင်ငံရဲ့ နံပတ်တစ် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်ပြီး ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာတွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ လုပ်ငန်းနယ်ပယ်အလိုက် ခေါ်ယူနေတဲ့ အလုပ်ခေါ်စာတွေကို မြင်ရမှာပါ။ ဒါ့အပြင် ကုမ္ပဏီတွေက ခေါ်ယူနေတဲ့ အလုပ်ခေါ်စာတွေကို ဖတ်ရှုရင်း ကုမ္ပဏီတွေရဲ့အကြောင်းကိုပါ တပါတည်း သိရှိနိုင်ဦးမှာပါ။ သေချာတဲ့  အလုပ်တစ်ခုကို ရဖို့အတွက်တော့ Job Net မှာ register ပြုလုပ်ပြီး ကိုယ့်ရဲ့ CV ကို တင်ထားလို့ရဦးမှာ ဖြစ်ပါတယ်။