အလုပ်ကောင်းကောင်းလိုချင်တယ်ဆိုပြီး မိတ္တူဆိုင်ကနေ ၀ယ်လာတဲ့ CV နဲ့ အလုပ်လျှောက်မှာလား။ ဒါမှမဟုတ် CV ကိုသေချာမပြင်ဆင်ဘဲနဲ့ အလုပ်လျှောက်တော့မှာလား။ CV ဆိုတာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်ရရှိဖို့အတွက်ကြိုးစားတဲ့နေရာမှာ ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်လိုပါပဲ။ အဖွဲ့အစည်းကောင်းကောင်းတစ်ခုခုမှာ အလုပ်အကိုင်ကောင်းတစ်ခုကိုလိုချင်လေလေ အပြိုင်အဆိုင်များများကို ကြုံတွေ့ရလေပါပဲ။ ဒီလိုများပြားလှတဲ့အပြိုင်အဆိုင်တွေကြားမှာ အလုပ်ခန့်မယ့်သူတွေ ကိုယ့်ကိုသတိထားမိဖို့အတွက် ကိုယ့်ရဲ့ CV ကိုဆွဲဆောင်မှုရှိအောင်ပြင်ထားရပါမယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီတွေအများအပြားဝင်ရောက်လာတဲ့အပြင် ပြည်တွင်းကုမ္ပဏီတွေကလည်း နိုင်ငံတကာအဆင့်မီတိုးတက်ပြောင်းလဲမှုတွေ လုပ်လာကြတဲ့အတွက်ကြောင့် ၀န်ထမ်းစီစစ်ရွေးချယ်ခန့်ထားတဲ့နေရာမှာ အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေလာကြပါတယ်။ ဒီလိုကုမ္ပဏီကောင်းတွေမှာ အလုပ်အကိုင်ကောင်းကောင်းရချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ CV ကိုမြင်တာနဲ့အလုပ်ခန့်ချင်သွားအောင် အင်္ဂလိပ်လိုထိထိရောက်ရောက်ရေးပြီး ဖော်ပြဖို့လိုအပ်ပါတယ်။
ဒါဆိုရင် ကိုယ့်ရဲ့ CV မှာ ဘယ်လိုအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေရှိခဲ့တယ်ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုထိထိရောက်ရောက်နဲ့ စွဲဆောင်မှုရှိရှိရေးရမယ်ဆိုတာကို စကားလုံးလေးတွေနဲ့ တွဲဖက်ဖော်ပြလိုက်ပါတယ်။
၁။ Communication skills အတွက် ထိရောက်တဲ့ စကားလုံးများ
တကယ်လို့ ကိုယ့်မှာ communication skills နဲ့ပတ်သက်ပြီး အလုပ်အတွေ့အကြုံတွေရှိခဲ့ပြီး အဲဒါတွေကို ဖော်ပြမယ်ဆိုရင် “talk, lead, present, organize” ဆိုတဲ့ စကားလုံးတွေအစား “address, correspond, persuade, publicize, reconcile” ဆိုတဲ့ စကားလုံးတွေက ပိုပြီးထိရောက်ပါတယ်။
အစည်းအဝေးတွေသွားရပြီး ကိုယ့်ရဲ့ကုမ္ပဏီအကြောင်း၊ ထုတ်ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေအကြောင်း နားလည်သဘောပေါက်အောင် တင်ပြဆွေးနွေးတဲ့အလုပ်အတွေ့အကြုံ ရှိခဲ့တဲ့သူဆိုရင် “talk” နဲ့ “present” ဆိုတဲ့သာမန်စကားလုံးကို သုံးတာထက် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပါ ဖော်ပြပေးမယ့် “address” တို့ “persuade” စတဲ့စကားလုံးတွေကို သုံးပါ။ “Persuade” ကတော့ တခြားသူနားလည်သဘောပေါက်လာအောင် စွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ဖော်ပြတဲ့အခါမှာသုံးရင် အရမ်းကိုထိရောက်တဲ့စကားလုံးဖြစ်ပါတယ်။
စီးပွားရေးမိတ်ဖက်ပါတနာတွေအချင်းချင်း အပြင်မှာ အစည်းအဝေးလုပ်ဖို့စီစဉ်ပေးရတယ်ဆိုရင် “organize an off-site meeting” လို့သုံးတာထက် “orchestrate an off-site meeting” သုံးတာပိုပြီး အားကောင်းပါတယ်။ နောက်ထပ် ဥပမာကတော့ “lead the meeting” ဆိုတာထက် “chair the meeting” ကလည်း ပိုပြီးထိရောက်ပါတယ်။
စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို အပြန်အလှန်ရေးသားဆက်သွယ်ပြောဆိုတဲ့အခါမှာ “write” အစား “correspond” ဆိုတဲ့စကားလုံးက ပိုပြီးအားပါပါတယ်။
၂။ Organizational skills အတွက် ထိရောက်တဲ့ စကားလုံးများ
တစ်ခုခုကို အစီအစဉ်တကျစီစဉ်ဆောင်ရွက်ပေးရတယ်ဆိုတာကို ဖော်ပြတဲ့အခါမှာ “organize, order, file” စတဲ့စကာားလုံးတွေအစား “catalogue, monitor, operate” ဆိုတဲ့ စကားလုံးတွေက ပိုပြီးထိရောက်ပါတယ်။
ဥပမာ ကိုယ်ကအစီအစဉ်တစ်ခုအကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်ဆိုရင် ဒီအတိုင်းပဲစီစဉ်ပေးပြီး ကျန်တာတွေကို ပစ်ထားလိုက်ရောလား။ တကယ်က အဲဒီအစဉ်အစီအစအဆုံးကို တာဝန်ယူပြီး နောက်ဆက်တွဲကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးရတာမလား။ ဒါဆိုရင် “execute” ဆိုတဲ့စကားလုံးက “organize” ဆိုတဲ့စကားလုံးထက်ပိုပြီး ထိရောက်ပါတယ်။
နောက်ပြီး ဖောက်သည်တွေ ၀ယ်ယူသူတွေရဲ့ အမှာစာတွေနဲ့ account ကို စနစ်တကျဖြစ်အောင် ကိုင်တွယ်ပေးရတဲ့အခါမျိုးမှာ “file account paperwork” လို့သုံးတာထက် “monitor client accounts” လို့သုံးတာ ပိုပြီးမြင်သာပါတယ်။
၃။ Management skills အတွက် ထိရောက်တဲ့ စကားလုံးများ
“Lead, handle, oversee” ဆိုတဲ့စကားလုံးတွေအပြင် “consolidate, appoint, delegate, establish” ဆိုတဲ့စကားလုံးတွေက management အပိုင်းတာဝန်ယူရတဲ့သူတွေအတွက် အရမ်းကိုအသုံးဝင်ပါတယ်။
Management အပိုင်းကိုတာဝန်ယူပြီး အဖွဲ့တစ်ခုကိုဦးဆောင်ခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေကိုဖော်ပြတဲ့အခါမှာ “lead a team” လို့ရေးသားတာထက် “establish a team” လို့ရေးသားတာက ကိုယ့်ရဲ့အဖွဲ့ကိုဦးဆောင်ပြီး အကြံအဥာဏ်အသစ်တွေ၊ ထုတ်ကုန်အသစ်တွေကို ဖန်တီးပြီးခဲ့တယ်လို့ ဆိုလိုတဲ့အတွက်ကြောင့် ပိုပြီးထိရောက်ပါတယ်။
ဘာပဲဖြစ်ဖြစ် CV ပြင်ဆင်တဲ့အခါမှာ ကိုယ့်လုပ်ခဲ့တဲ့အလုပ်အတွေ့အကြုံနဲ့ သဘောသဘာဝအပေါ်မူတည်ပြီး စကားလုံးရွေးချယ်မှုတွေကို သေချာပြုလုပ်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ စကားလုံးတွေကို ထပ်ခါထပ်ခါမသုံးမီရင်ပိုကောင်းပါလိမ့်မယ်။ အဲဒါက ကိုယ့်ရဲ့ CV ကိုဖတ်မယ့်သူကို ပျင်းရိစေပြီး စကားလုံးတွေရဲ့ထိရောက်မှုကို အားပျော့စေပါတယ်။ CV ကို အင်္ဂလိပ်လိုရေးတာဟာ အလုပ်ရှင်ကအလုပ်လျှောက်တဲ့သူကို အထင်ကြီးမှုကိုဖြစ်စေသလို စကားလုံးပေါင်းမှားတာတွေ အသုံးအနှုန်းအမှားတွေဖြစ်သွားမယ်ဆိုရင်တော့ အနုတ်လက္ခဏာတွေပိုပြသွားပါလိမ့်မယ်။ အဲဒါကြောင့် နောက်ဆုံးမှာချင်တာရှိပါတယ်။ မသေချာဘူးဆိုရင် အဘိဓာန်ထဲမှာပြန်စစ်ဖို့လုံးဝမမေ့ပါနဲ့။ ကိုယ့်ရဲ့ CV တွေကို အခုပဲ စူပါပါဝါတွေ ဖြည့်လိုက်ရအောင်…
ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတွေ မြင်အောင်ပြသချင်တယ်ဆိုရင်တော့ အခုပဲ JobNet.com.mm မှာ စာရင်းပေးသွင်းပြီး CV ကိုပြည့်စုံအောင်ဖြည့်လိုက်ပါ…