12th July, 2021

Digital Marketer တစ်ယောက်အတွက်လိုအပ်သောအရည်အချင်းများ

ယခုနှစ်ပိုင်းတွေမှာအထူးသဖြင့် ကျန်းမာရေးနဲ့လူမှုစီးပွားရေးစိန်ခေါ်မှုများအပြင်းအထန်ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ များစွာသောကုမ္ပဏီတွေဟာ ဝယ်လိုအားတွေတိုးတက်လာစေဖို့အတွက် အင်တာနက်ကိုပိုမိုအသုံးချလာကြပါတယ်။ အဲဒါကြောင့် Digital Marketing မှာ ကျွမ်းကျင်ပညာရှင်တွေကိုလိုအပ်မှုဟာ ပိုမိုများပြားလာပါတယ်။ ဒီအလုပ်အကိုင်လမ်းကြောင်းဟာ စိန်ခေါ်မှုများစွာနဲ့လျင်လျင်မြန်မြန်တိုးတက်လာတဲ့လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ရုံသာမက ဝင်ငွေကောင်းပြီး နောက်ပိုင်းမှာအကျိုးအမြတ်များတဲ့လစာကိုရရှိစေနိုင်ပါတယ်။


အကယ်၍ ကိုယ့်ရဲ့လက်ရှိအလုပ်အကိုင်ကနေလမ်းကြောင်းပြောင်းပြီး Digital Marketing နယ်ပယ်ထဲကိုသွားရောက်ဖို့ စဉ်းစားထားတယ်ဆိုရင် အခုအချိန်မှာအချိန်ကောင်းပါပဲ။ အဲဒါကြောင့် Digital marketer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုလို့သူများ ပြင်ဆင်ထားသင့်တဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ Buyer’s Journey နဲ့ Sales Funnel 
Digital Marketers တစ်ယောက်အနေနဲ့ အခြေခံအကျဆုံးသိရှိထားသင့်တဲ့အရာကတော့ မိမိရဲ့ကုန်ပစ္စည်းအကြောင်းကို လုံးဝမသိသေးတဲ့ဝယ်ယူသူတွေကို အဲဒီကုန်ပစ္စည်းကိုဝယ်ယူသုံးစွဲလာစေဖို့ ဘယ်လိုမျိုးဆွဲဆောင်ချိတ်ဆက်ပြီး ကျေနပ်မှုတွေကိုပေးစွမ်းမလဲဆိုတာပဲဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်တဲ့နေရာမှာ မိမိရဲ့ကုန်ပစ္စည်းကိုဝယ်ယူသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှု၊ အတွေ့အကြုံ၊ လိုအပ်ချက်အစရှိတာတွေကို ပိုမိုနားလည်နိုင်တဲ့နည်းလမ်းတွေကိုအသုံးပြုခြင်း (Buyer’s Journey) နဲ့ အရောင်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်လာစေတဲ့နည်းဗျူဟာတွေချမှတ်ခြင်း (Sales Funnel) တို့ပါဝင်ပါတယ်။

 

၂။ အချက်အလက်ဒေတာများကိုခွဲခြမ်းစိတ်ဖြာခြင်း 
ဒီအလုပ်အကိုင်လမ်းကြောင်းမှာ အသက်မွေးဝမ်းကြောင်းပြုလိုတဲ့သူတွေဟာ ၎င်းတို့ရဲ့ရောင်းအားမြှင့်တင်ရေး Campaign တွေဟာ တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာကိုနားလည်နိုင်ဖို့အတွက် ကိန်းဂဏန်းတွေကိုလိုအပ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ Campaign အသစ်တွေကိုစတင်ဖို့နဲ့ သူတို့ရဲ့နည်းဗျူဟာတွေကိုထိန်းညှိနိုင်ဖို့အတွက် အဲဒီကိန်းဂဏန်းအချက်အလက်တွေကို သေချာနားလည်နိုင်ဖို့အရည်အချင်းတွေလိုအပ်ပါတယ်။ ဒါ့အပြင် အဲဒီအချက်အလက်ဒေတာတွေကို digital marketing ကိုအပြည့်အဝနားမလည်တဲ့အခြားအဖွဲ့ဝင်တွေ နားလည်လာအောင်လည်းရှင်းပြတတ်ဖို့လိုအပ်ပါတယ်။ 

 

၃။ Content Marketing သို့မဟုတ် Content Strategy 
ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို ကိုယ်သတ်မှတ်ထားတဲ့ဝယ်ယူသူတွေက အမြဲတမ်းဝယ်ယူသုံးစွဲလိုစိတ်ဖြစ်လာစေဖို့အတွက် ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ကောင်းမွန်သင့်လျော်တဲ့အကြောင်းအရာတွေကို စနစ်တကျဖန်တီးဖြန့်ဝေတဲ့နည်းလမ်းကို Content Marketing လို့ခေါ်ပါတယ်။ Content Marketer တွေဟာ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေဖန်တီးပြီး သုံးစွဲသူအသစ်တွေဆီရောက်အောင်ပြုလုပ်ပါတယ်။ အဲဒီအကြောင်းအရာတွေကို ဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ပိုစ့်များ၊ Email Campaign များ၊ လမ်းညွှန်ချက် ebook များနဲ့ ဗီဒီယို သို့မဟုတ် podcast အသံဖိုင်များကဲ့သို့ မီဒီယာပုံစံအမျိုးမျိုးကိုအသုံးပြုပြီး ပြုလုပ်ပါတယ်။


၄။ လူမှုကွန်ယက်စာမျက်နှာများတွင် ဈေးကွက်ရှာဖွေခြင်း
ယနေ့ခေတ်မှာ လူအများစုဟာ လူမှုကွန်ယက်စာမျက်နှာတစ်ခုခုကို နေ့တိုင်းအသုံးပြုလာကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာများမှာ ဈေးကွက်ရှာဖွေခြင်း (Social Media Marketing) မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုရဲ့လူမှုကွန်ယက်စာမျက်နှာကို စနစ်တကျအသုံးပြုပြီး အဲဒီကုန်ပစ္စည်းတွေကိုကြော်ငြာရောင်းချခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိမိရည်ရွယ်ထားတဲ့ဝယ်ယူစားသုံးသူတွေဟာ ဘယ်လိုမျိုးဆိုရှယ်မီဒီယာကို ပိုပြီးအသုံးပြုကြသလဲဆိုတာကိုလည်း သိရှိထားရပါမယ်။ မြန်မာနိုင်ငံမှာတော့ Facebook ကိုပိုမိုအသုံးပြုကြတဲ့အတွက်ကြောင့် ကုမ္ပဏီတွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဟာ Facebook မှာပိုပြီး social media marketing ကိုလုပ်ဆောင်ကြပါတယ်။


၅။ Search Engine Optimization (SEO)
နည်းပညာတိုးတက်မြှင့်မားမှုတွေကြောင့် အများစုဟာအင်တာနက်နဲ့နည်းပညာပစ္စည်းတွေကိုပဲ ပိုပြီးအသုံးပြုလာကြပါတယ်။ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ဝယ်ယူသုံးစွဲသူတွေကပိုမိုသတိထားမိလာစေဖို့နဲ့ ပိုပြီးဝယ်ယူသုံးစွဲမှုတွေများလာစေဖို့ Google ၊ Yahoo ၊ Bing အစရှိတဲ့ Search Engines မှာတင်ထားတဲ့ကြော်ငြာတွေကလဲလူပိုသိစေတဲ့အတွက် အဲဒီအပေါ်မှာလဲအားထားရပါတယ်။ SEO ဆိုတာ ဝယ်ယူသူတစ်ဦးက ကုန်အမှတ်တံဆိပ် ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို Google လိုမျိုး Search Engine တွေအပေါ်မှာရှာဖွေတဲ့အခါ ၎င်းရှာဖွေလိုက်တဲ့အရာနဲ့ပတ်သက်ဆက်နွယ်ပြီး မိမိရေးသားထားတဲ့အကြောင်းအရာကို ပိုပြီးမြင်သာလာအောင်ဖော်ပြပေးတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ မိမိဖန်တီးထားတဲ့အကြောင်းအရာတွေက ပိုကောင်းပြီးချိတ်ဆက်မှုရှိလေလေ ပိုပြီးမြင်သာလေလေဖြစ်ပါတယ်။ 
အထက်မှာဖော်ပြထားတာတွေကတော့ Digital Marker တစ်ယောက်အနေနဲ့ ယေဘုယျသိမြင်နှံစပ်ထားသင့်တဲ့အရည်အချင်းတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း နည်းပညာတွေကအရှိန်အဟုန်နဲ့ပြောင်းလဲတိုးတက်နေတဲ့အတွက်ကြောင့် အဲဒီနယ်ပယ်မှာအသက်မွေးကြောင်းပြုမယ်ဆိုရင် ပြောင်းလဲနေတဲ့ရေစီးကြောင်းကိုမပြတ်လိုက်ပြီး လေ့လာဆည်းပူးနေရပါမယ်။ Digital Marketing နယ်ပယ်မှာအလုပ်အကိုင်တွေကို ရှာဖွေနေတယ်ဆိုရင် ဒီနေရာမှာလဲဝင်ရောက်ကြည့်ရှုဖို့မမေ့ပါနဲ့။