1st October, 2018
မိမိအရည်အချင်းနှင့်ကိုက်ညီတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဘယ်လိုရှာကြမလဲ
Share
Blog Link Copied
Job opportunity တွေကိုဘယ်လိုရှာကြမလဲ။ career path နဲ့ ပက်သက်ပြီး ဘယ်လိုမျိုး အကြောင်းအရာတွေကို လုပ်ဆောင်သင့်သလဲ ဆိုတာနှင့်ပက်သက်ပြီး သက်ဆိုက်ရာနယ်ပယ်အလိုက်မှာ အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်ပညာရှင်များမှ အလုပ်ရှာဖွေနေသူလူငယ်များအတွက် အောက်ပါအတိုင်းဆွေးနွေးထားပါတယ်။
Ms. Khine Thazin Swe – HR Manager, Jotun Myanmar Company limited
ကိုယ်ကဘယ် Professional လိုင်းကိုသွားချင်တာလဲ၊ နောက်တစ်ခုက ကိုယ့်ရဲ့အားသာချက်က ဘာမျိုးရှိလဲ။ အဓိက ကိုယ့်ရဲ့ mission ကဘာလဲ။ ဒါကိုအရင်ဆုံး define လုပ်ရမယ်ပေါ့နော်။ ကိုယ်လိုချင်တဲ့ လမ်းကြောင်း၊ ကိုယ်လိုချင်တဲ့အရာနဲ့ ကိုက်ညီမှုရှိမယ့် အခွင့်အရေးကိုအရင်ဆုံးရှာပါ။
Ms. Kay Khing Aung – Chief HR Officer, Camusat Myanmar
အမအနေနဲ့တောက်လျှောက် ဒီနေ့အထိ ဝန်ထမ်းပေါင်းများစွာကို job opportunities ဖန်တီးပေးခဲ့တယ်။ ဒီ life တောက်လျှောက်မှာလည်း လူငယ်အများစုကို Sharing လုပ်ပေးတာက အမ life တစ်ခုလုံးမှာ smart ဆိုတဲ့ စကားလုံးနဲ့ Practice လုပ်တယ်။ ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်နဲ့ ကိုယ့်ဝါသနာပါတဲ့ဟာနဲ့ ကိုယ့်ကိုယ်ကို self-assessment လုပ်သင့်တယ်။ အမရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို အသက်အရွယ်နဲ့ပိုင်းခြားထားပါတယ်။ အမ အသက် ၂၅ နှစ်မှာ HR Manager ဖြစ်အောင်ကြိုးစားမယ်။ ၃၀-၃၅ မှာ GM နဲ့ Head of HR/ Director Level ရောက်အောင်ကြိုးစားမယ်။ ၄၀-၄၅ မှာ Chief level ရအောင်ကြိုးစားမယ်ဆိုတဲ့ အပိုင်းအခြားလေးတွေရည်ရွယ်ထားတယ်။ ဒါကအမ ဘဝမှာအရေးပါတဲ့ Smart မှာပါတဲ့ specification ပေါ့နော်။ ကိုယ့် life အတွက် Specification ကို သတ်မှတ်လိုက်တယ်။ ရေရှည်အတွက် အမလုပ်လိုက်တယ်။ ပြီးတဲ့အခါမှာ ကိုယ့်အတွက်ဘယ် education တွေ ဘယ်လို Learning တွေလုပ်ရမလဲ။ လူငယ်အများစုကိုလည်းအမပြောတယ်။ အမတို့ခေတ်တုန်းက Learning လုပ်ဖို့ Opportunity အရမ်းနည်းတယ်။ သင်တန်းကျောင်းတွေအရမ်းနည်းတယ်။ အခုခေတ်မှာတော့ Internet တွေပေါလာပြီ။ လ္ဘက်ရည်တစ်ခွက်ထိုင်သောက်နေမယ့်အစား အင်တာနက်ဖိုးအကုန်ခံပြီး Learning လုပ်ဖို့အမြဲတမ်းတိုက်တွန်းတယ်။ ကိုယ်သွားမယ့်ပညာရပ်လိုအပ်တဲ့အချိန်မှာ ကိုယ်သည်ဒီအသက်အရွယ်မှာ ဒါသတ်မှတ်ထားတယ်၊ ဒါနဲ့meet ဖြစ်ရဲ့လား၊ meet မဖြစ်ရင်ဘယ်လိုactionယူမလဲ၊ ခုနကပြောသလို နောက်ဆုံးကတော့ realistic ကို ကိုယ့်ကိုယ်ကို အမြဲတမ်းပြန်ဆန်းစစ်တယ်။ နှစ်အပိုင်းခြားနဲ့ ဒီိတစ်နှစ်မှာငါဘာလုပ်မလဲ၊ ဒီသင်တန်းကိုရအောင် တက်မယ်ဆိုတာကို နှစ်အပိုင်းခြားနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်း assessment ပြန်လုပ်ဖြစ်တယ်။ အချိန်အတိုင်းအတာကို အမက အသက်အရွယ်နဲ့ပိုင်းခြားပြီးတော့ S.M.A.R.T လေးနဲ့အမြဲတမ်းသွားစေချင်တယ်။ ကိုယ့် career ကို continuous improvement ဖြစ်စေချင်ပါတယ်၊ အားလုံးကိုပေါ့နော်။ အခုဆိုလို့ရှိရင် အမတို့ market ထဲမှာ manager level, manager role တွေအရမ်းရှားတယ်။ ရှာလို့ရှိရင် supervisor ထိ, specialist level ထိ ရှိတယ်။ manager and above ကိုရှာရတာခက်နေသေးတယ်။ အဲ့အတွက်ကြောင့် လူငယ်အများစုရဲ့အင်အားကို အမတို့တိုင်းပြည်အတွက် အများကြီးအလိုရှိတယ်။ အဲ့တော့ continuous improvement ဖြစ်ပြီးတော့ ကိုယ့်career ကို decide လုပ်ဖို့လိုအပ်တယ်။
Ms. Soe Hnin Phyu – HR Manager – KEB Hana Microfinance
အမကတော့ Career ဆိုတာကိုယ့်အတွက် အဓိက ဝင်ငွေရအောင်လုပ်တဲ့အလုပ်လို့ မှတ်ယူပါတယ်။ အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို ကိုယ့်ရဲ့ဘဝအချိန်တော်တော် များများကို ကိုယ့် career life ထဲမှာအချိန်ကုန်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လူငယ်တွေက career life တစ်ခုရွေးတော့မယ်ဆိုရင် ကိုယ်တကယ်ကို အချိန်အကြာကြီးလုပ်နိုင်တဲ့အရာမျိုးပေါ့၊ ကိုယ်ဝါသနာပါတဲ့ဟာ၊ ကိုယ်စိတ်ဝင်စားတဲ့ဟာ၊ အဲ့ဒီဟာကို ရွေးချယ်မိဖို့လိုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဟာမဟုတ်ဘဲနဲ့ ရွေးချယ်မိရင် အချိန်တွေသာ ကုန်ဆုံးသွားမယ်၊ ကိုယ်လိုချင်တဲ့ ထိုက်သင့်တဲ့ အောင်မြင်မှုတွေရရှိမှာမဟုတ်ဘူးလို့ထင်တယ်။ အဲ့တော့ ဝန်ထမ်းလုပ်တော့မယ်ဆိုလို့ရှိရင် ကိုယ်ကဘယ်အပိုင်းမှာစိတ်ဝင်စားတာလဲ၊ ဘယ်လိုဟာမျိုးတွေကို ကိုယ်ကကောင်းကောင်းလုပ်နိုင်သလဲ အဲ့ဒါတွေသိဖို့အရေးကြီးပါတယ်။ အဲ့ဒါမှ ကိုယ့်ရဲ့ career ကို တိုးတက်အောင်လုပ်တဲ့အခါမှာ ပင်ပင်ပန်းပန်းလုပ်ရတာမျိုးမဟုတ်ဘဲ သက်တောင့်သက်သာနဲ့ ကိုယ့်ရဲ့ career life ကို မြှင့်ပေးလို့ရတယ်။ career life တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ကိုဘယ်လောက်ထိ Development လုပ်ပေးနိုင်တဲ့ organization မျိုးလဲ။ အဲ့ဒါမျိုးကိုလည်းရွေးချယ်ဖို့အရေးကြီးပါတယ်။ ဘွဲ့ရတဲ့လူငယ်တော်တော်များများက ဝင်လိုက်တယ်။ ပြီးလို့ရှိရင် ကိုယ့် career life ဘယ်လောက်ထိ develop ဖြစ်တယ်၊ မဖြစ်တယ်ကို သူတို့မဆုံးဖြတ်နိုင်ကြဘူးပေါ့နော်။ အဲ့တော့ တစ်နှစ်လောက်နေတာနဲ့ တခြားအလုပ်တစ်ခုကိုပြောင်းတယ်။ နောက် Junior level နဲ့ပြန်စဝင်တယ်။ အဲ့လိုမျိုးနဲ့ပဲ အချိန်တွေသာ ကုန်သွားတယ်။ ကိုယ်က develop ဖြစ်မလားဘူးနော်။ အဲ့တော့ အလုပ်ရှာတဲ့ Job Seeker တွေအနေနဲ့ အရင်ဆုံးစဉ်းစားရမှာက ကိုယ်ကိုဘယ်လောက်ထိ develop လုပ်ပေးနိုင်လဲ။ အဲ့လိုလုပ်ပေးနိုင်တဲ့ organization မျိုးကိုရွေးချယ်မိတယ်ဆိုရင်ကိုယ့်အတွက်အချိန်ကုန်လည်းသက်သာတယ်။ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုလည်း မြန်မြန်ဆန်ဆန်ရနိုင်ပါတယ်။
Mr Han Lwin – HR Manager – Colgate Palmolive Myanmar
Career ကို တစ်ချက်စဉ်းစားစေချင်ပါတယ်။ Career ဆိုတာဘာလဲ။ စောစောကပြောခဲ့သလို ကိုယ့်ရဲ့ဘဝတစ်သက်တာမှာ လုပ်တဲ့အလုပ်ပေါ့။ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့က လေ့လာရတယ်၊ သင်ယူရတယ်။ တစ်သက်လုံးလုပ်သွားတဲ့အခါမှာ ဒါသည်ငါ့ရဲ့ဘဝဆိုပြီး သတ်မှတ်ချက်မျိုးဖြစ်စေချင်တာပေါ့။ ဥပမာ ကျွန်တော်ဆိုလို့ရှိရင် ၂၀၀၉ မှာ MBA ပြီးတယ်။ MBA မတိုင်ခင်မှာ ကျွန်တော်ကရာထူးမျိုးစုံလုပ်ခဲ့တယ်။ GM ထိလုပ်ခဲ့တယ်ပေါ့။ MBA တက်လိုက်တဲ့အချိန်မှာ ကျွန်တော်သည် HR ကိုအရမ်းစိတ်ဝင်စားတယ်။ HR လုပ်သင့်တယ်လို့ ကိုယ့်ကိုယ်ကိုမြင်တယ်ပေါ့နော်။ အဲ့နောက်ပိုင်းမှာ ကျွန်တော်က HR ကိုလုပ်တယ်။ HR လုပ်တဲ့အခါမှာ ကျွန်တော်ဘာပြန်ဖြစ်လဲဆိုတော့ မြင့်နေတဲ့ရာထူးတစ်ခုကနေပြီးတော့ အောက်ခြေကပြန်စ တယ်။ ဒါပေမယ့် ကျွန်တော်သည် HR ကိုချစ်တယ်၊ HR ကိုလုပ်ချင်တဲ့အတွက်ကြောင့်မလို့ အဲ့အတွက်စွန့်လွှတ်ရတာ မနှောမြောဘူး။ မနှောမြောဘဲနဲ့ တဆင့်ပြီးတဆင့်ပြန်တက်တဲ့အခါမှာအဲ့ဒီ Level ကို အခုချိန်မှာပြန်ရခဲ့တယ်ပေါ့နော်။ ဒါပေမယ့်ကြားထဲမှာ ကျွန်တော်ကာလတစ်ခုတော့ရင်းလိုက်ရတာရှိတယ်။ ပြောချင်တာက ကျွန်တော်တို့တွေ career တစ်ခုကိုရွေးလိုက်ပြီဆိုရင် အဲ့ဒီ career ကို တစ်ကယ်နှစ်နှစ်ကာကာချစ်ဖို့လိုတယ်။ အဲ့ဒီမှာလည်း ဒါကို အတက်နိုင်ဆုံး၊ အမြင့်ဆုံး Level ထိရောက်အောင်ဆွဲတင်သွားချင်စိတ်ရှိမယ်၊ ဆွဲတင်လိုစိတ်ရှိရမယ်ပေါ့နော်။ နောက်တစ်ခုကလည်း career ကို develop ဖြစ်အောင်ဘယ်လိုတွေလုပ်ကြမလဲ။ စောစောကပြောသွားတဲ့အထဲမှာလည်းပါပါတယ်။ သင်တန်းတွေတက်တာတွေရှိမယ်၊ အဖွဲ့အစည်းတွေထဲမှာဝင်ပါတာတွေလည်းရှိမယ်။ အဲ့လိုပဲ ကိုယ့်ကိုသင်ပေးမယ့်ဆရာတွေ၊ ဆရာကောင်းတွေရှာကြပေါ့။ ဆရာကောင်းတွေရှာပြီးတော့ သူကလည်းကိုယ့်ကို တာဝန်ပေးချင်လာအောင်၊ နေရာပေးချင်လာအောင်ကိုယ့်ဘက်ကလည်းလုပ်ပြရမယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့တွေဘာလုပ်လုပ်ရိုးသားမှုရှိဖို့လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုလည်း ရိုးသားရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူ၊ ကိုယ့်အဖွဲ့အစည်း ရိုးရိုးသားသားနဲ့အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ စောစောကပြောခဲ့သလိုမျိုး အင်တာနက်တွေ၊ Network တွေက အလွယ်တကူရှိနေတာမျိုးတွေ မှာအချိန်တိုင်းလေ့လာနေမယ်ဆိုရင် လေ့လာလို့ရနေပါတယ်။ နောက် Job Fair လိုမျိုးအနေအထားတွေရှိတဲ့ အထဲမှာကျွန်တော်တို့လိုအပ်တာတွေကိုဝင်ပြီးလေ့လာလို့ရနေတယ်ပေါ့နော်။ နောက်တစ်ခုအကြံပေးချင်တာက အများကြီးမမျှော်မှန်းသေးဘဲနဲ့ နောက်တဆင့် Level လေးကိုဖြည်းဖြည်းချင်း ကိုယ့်အထက်တဆင့်က ဘာလုပ်သလဲ၊ အဲ့အဆင့် level မှာ ဘယ်လို capacity မျိုးရှိလဲ။ ကိုယ့်မှာဘာရှိသလဲ။ ကိုယ်ဒါကိုရောက်အောင်ဘယ်လိုရအောင်သွားမလဲ။ ဖြည်းဖြည်းမှန်မှန်တက်သွားဖို့ပေါ့။ စောစောကပဲ candidate တစ်ယောက်ဆို ဘာလုပ်သလဲဆိုတော့ လက်ရှိမှာ sales supervisor ပေါ့။ နောက်တဆင့်ဘာလုပ်ချင်တာလဲ ဆိုတော့ National Sales Manager လုပ်ချင်တာဆိုတော့ တော်တော်ဝေးဝေးကြီးကိုမျှော်မှန်းပြီးနေမယ့်အစား ကိုယ်ဖြစ်နိုင်ခြေလေးကနေသွားစေချင်ပါတယ်။ နောက်တစ်ခုကတော့အခြေနေအချိန်အခါရ ကျွန်တော်တို့တွေ မြန်မာပြည်အနေအထားအရ ရရှိတဲ့အလုပ်ကိုလုပ်ရတာတွေရှိတယ်။ ဥပမာ ကိုယ်က ကိုယ့်ကိုယ်ကိုဘာမှန်းမသိတဲ့အချိန်မှာပဲ accountant ဖြစ်နေတာမျိုးရှိတယ်။ ကိုယ့်ကိုယ်ကို ဘာမှန်းမသိလိုက် တဲ့အချိန်မှာပဲ အခြားရာထူးတစ်ခုကိုရောက်နေတာရှိတယ်။ အဲ့ဒါဆို ကိုယ်ဘာကိုလုပ်ချင်တာလဲပြန်ပြောင်းဖို့အ တွက်စဉ်းစားဖို့ ဒါလေးအကြံပြုချင်ပါတယ်။