10th September, 2020

အလုပ်ခေါ်စာတစ်ခုချင်းစီနဲ့ကိုက်ညီအောင် CV ကိုပြင်ဆင်ရဲ့လား

CV တစ်ခုကိုသေသေချာချာပြင်ဆင်ရေးသားပြီးတဲ့အခါမှာ ကိုယ်လုပ်ရမယ့်အလုပ်ကြီးတစ်ခု ပြီးသွားပြီလို့ခံစားရစေပါတယ်။ စာလုံးပေါင်းအမှားတွေနဲ့ စကားလုံးဖောင့်ပုံစံအရွယ်အစားမှန်မမှန်ကို သေချာစွာစစ်ဆေးပြီး ဘယ်အလုပ်ကိုမဆိုလျှောက်ထားဖို့အတွက် အဆင်သင့်ဖြစ်နေကောင်းဖြစ်နေပါလိမ့်မည်။

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု HR နှင့် Online Job Platform လုပ်ငန်းနယ်ပယ်ရှိ ကျွမ်းကျင်သူများ၏အဆိုအရ မိမိရဲ့ CV ကို တစ်ခါတည်းအကောင်းဆုံးပြင်ဆင်ရုံလောက်နဲ့တော့ အလုပ်ပြီးတယ်လို့မဆိုနိုင်ပါဘူး ဟုပြောပြထားပါတယ်။ ကိုယ်လျှောက်ချင်တဲ့အလုပ်အသစ်တစ်ခုချင်းစီနဲ့ ကုမ္ပဏီတစ်ခုချင်းစီကိုလိုက်ပြီး ကိုယ့်ရဲ့ CV ကိုထပ်မံပြန်လည်ပြင်ဆင်ရေးသားမှသာ အခြားလျှောက်လွှာတွေအကြား ကိုယ့်ရဲ့ CV ကထူးခြားနေပါလိမ့်မယ်။ နောက်ထပ်အရေးကြီးတာကတော့ လျှောက်ထားမယ့်အလုပ်အတွက် မိမိဟာသင့်တော်တဲ့လူတစ်ယောက်ဆိုတာကို ပြသနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

လျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီကိုလိုက်ပြီး မိမိရဲ့ CV ကိုပြင်ဆင်ရမယ်လို့ဆိုပေမဲ့ အချိန်တိုင်း အစအဆုံးပြန်ရေးခိုင်းတာမျိုးမဟုတ်ပါဘူး။ ခေါ်ယူနေတဲ့အလုပ်ရဲ့တာဝန်ယူရမယ့်အပိုင်းတွေနဲ့ သက်ဆိုင်တဲ့အဓိကစကားလုံးတွေကိုသုံးပြီး မိမိရဲ့အတွေ့အကြုံနဲ့အရည်အချင်းနေရာတွေမှာ ပြင်ဆင်ပေးရမှာပဲဖြစ်ပါတယ်။ ဥပမာ - မိမိကလက်ရှိမှာ FMCG ကုမ္ပဏီရဲ့ B2B Sales Manager တစ်ယောက်အဖြစ်လုပ်ကိုင်နေပေမဲ့ ကြောငြာအေဂျင်စီတစ်ခုမှာ Key Account Manager ရာထူးကိုလျှောက်ထားလိုပါက Sales နဲ့ပတ်သက်တာတွေကိုပဲ ဖော်ပြထားတဲ့လက်ရှိ CV နဲ့ဆိုရင် မိမိရဲ့လျှောက်လွှာကို HR ကသတိထားမိဖို့မဖြစ်နိုင်ပါဘူး။ Sales တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပေမဲ့ Customer Care တွေဘယ်လိုလုပ်ကိုင်ခဲ့ဖူးကြောင်း၊ Marketing နဲ့ပတ်သက်လို့လည်း ဘယ်လိုအတွေ့အကြုံနဲ့ ဗဟုသုတတွေရှိခဲ့ကြောင်း၊ လက်ရှိအလုပ်နဲ့ဆက်စပ်ပြီး ကြော်ငြာအေဂျင်စီတွေနဲ့လုပ်ကိုင်ခဲ့ဖူးကြောင်း အစရှိတာတွေကို ကိုက်ညီအောင်ပြန်လည်ပြင်ဆင်ဖော်ပြသင့်ပါတယ်။

အခုဆိုရင် နည်းပညာတိုးတက်မှုတွေကြောင့် မြန်မာနိုင်ငံရှိတဲ့အလုပ်ခေါ်ယူနေသူနဲ့ HR တွေဟာ အွန်လိုင်းအလုပ်အကိုင်ဝက်ဘ်ဆိုက်တွေကို တော်တော်များများအသုံးပြုလာကြသလို အလုပ်ရှာဖွေသူတွေကလည်း ထိုဝက်ဘ်ဆိုက်တွေကနေ အလုပ်တွေကိုလျှောက်ထားလာကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အလုပ်ခေါ်ယူနေတဲ့အလုပ်ရှင်တွေနဲ့ HR အများစုကြုံတွေ့ရတဲ့ပြဿနာက အလုပ်လျှောက်ထားသူအချို့ဟာ သူတို့ရဲ့ CV တစ်ခုတည်းနဲ့ မတူညီတဲ့အလုပ်အားလုံးကို လျှောက်ထားခြင်းပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ CV မှာဖော်ပြထားတဲ့လုပ်ငန်းအရည်အချင်းတွေနဲ့ လုံးဝကွဲပြားနေတဲ့အလုပ်ကိုလာရောက်လျှောက်ထားတာမျိုးပင် တွေ့မြင်ရသည်ဟု ပြောပြထားပါတယ်။ အဲဒီအခါမှာ အလုပ်လျှောက်ထားသူတွေဟာ ခေါ်ယူနေတဲ့အလုပ်ကြေညာစာကိုသေချာမဖတ်ခြင်း၊ CV ကို ကောင်းစွာမပြင်ဆင်ခြင်းနှင့် အဆိုးဆုံးကတော့ ခေါ်ယူနေတဲ့အလုပ်ကိုအလေးမထားခြင်း အစရှိတဲ့အမြင်တွေကို အလုပ်ခေါ်ယူနေတဲ့အလုပ်ရှင် သို့မဟုတ် HR တွေဆီကနေရနိုင်ပါတယ်။ ဒါဟာ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်း တိုးတက်ဖို့အတွက် သေချာပေါက်အနှောက်အယှက်ဖြစ်စေပါတယ်။

အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ JobNet.com.mm မှ JobSeeker အလုပ်လျှောက်ထားရာတွင် အထူးသဖြင့် အွန်လိုင်းအလုပ်အကိုင်ဝက်ဘ်ဆိုက်တွေမှာ လျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီအလိုက် CV ကိုပြင်ဆင်သင့်ကြောင်းကို “HR တစ်ယောက်က CV တစ်စောင်အတွက် အချိန် ၂ မိနစ်ပဲပေးတယ်။ အဲဒီအချိန် ၂ မိနစ်အတွင်းမှာ သူလိုချင်တဲ့အဓိကအချက်ကို ကိုယ့်ဘက်ကမပေးနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ CV က Shortlist ထဲကိုပါသွားမှာမဟုတ်ပါဘူး။ ဒါဆို အလုပ်အသစ်တစ်ခုလျှောက်မယ့်အချိန်တိုင်း CV ကို ပြန်ပြန်ပြင်နေရမှာလားလို့ မေးနိုင်ပါတယ်။ ဟုတ်ပါတယ်ပြင်ရပါမယ်။ ဒါပေမဲ့ အစကနေအဆုံးပြန်ပြင်ရေးခိုင်းတာ မဟုတ်ပါဘူးနော်။ အရင်ဆုံး ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ ပညာအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ ကိုယ်ရေးအချက်အလက်တွေအားလုံးပါတဲ့ CV တစ်ခုကို ပြည့်ပြည့်စုံစုံပြင်ထားပါ။ အဲဒီတော့နောက် အလုပ်ခေါ်စာတစ်ခုကိုတွေ့လို့ စိတ်ဝင်စားတယ်ဆိုရင် အဲဒီမှာဖော်ပြထားတဲ့အချက်တွေကိုသေချာဖတ်ပါ။ အထူးသဖြင့် တာဝန်ယူလုပ်ကိုင်ရမယ့်အရာတွေပေါ့။ ပြီးရင် ခုနကရေးထားတဲ့ CV နဲ့ ပြန်တိုက်ကြည့်အဆင်ပြေလားမပြေဘူးလားဆိုတာ။ လျှောက်ချင်တာက Marketing အပိုင်း ကိုယ့်နဂို CV က Sales အပိုင်းတွေပဲပြောထားရင် Marketing နဲ့သက်ဆိုင်တာတွေကိုထပ်ထည့်ပါ” ဆိုပြီး အကြံပေးပါတယ်။

နောက်ပြီး “JobNet.com.mm ရဲ့ JobSeeker Profile မှာဆိုရင် Default Profile နဲ့ CV Attachment ဆိုပြီး ၂ မျိုးပါပါတယ်။ ဒါဟာ ခုနကပြောပြခဲ့တဲ့ အလုပ်လျှောက်ထားသူနဲ့ အလုပ်ခေါ်ယူနေသူတွေမှာ တွေ့ရတဲ့ပြဿနာကိုဖြေရှင်းပေးဖို့လုပ်ထားတာပါ။ အလုပ်လျှောက်ထားသူအနေနဲ့ Default Profile မှာ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံအရည်အချင်းတွေကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ပြီး CV Attachment မှာတော့ လျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီကိုလိုက်ပြီး မိမိရဲ့ CV ကိုပြောင်းလဲလို့တွဲဆက်ပေးလို့ရပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ မိမိရဲ့ Profile ကို ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်အောင်ဖြည့်စွက်ထားဖို့လိုပြီး CV Attachment တွဲတဲ့အခါမှာ မှားပြီးမတွဲမိလိုက်ဖို့ပါပဲ” ဟု ပြည့်ပြည့်စုံစုံပြောပြပါတယ်။ CV Attachment ထဲမှာ Cover Letter ကိုပါ ထည့်သွင်းနိုင်ရင်ပိုကောင်းပါတယ်လို့ အကြံပြုထားပါတယ်။

ကဲ… ဒါဆို JobNet.com.mm ကိုဝင်ရောက်ပြီး လတ်တလောမှာခေါ်ယူနေတဲ့အလုပ်တွေက ကိုယ်နဲ့ကိုက်ညီမှုရှိလားဆိုတာကို လေ့လာလိုက်ပါ။ ကိုက်ညီပြီး စိတ်ဝင်စားတဲ့အလုပ်တွေကိုတွေ့ခဲ့ရင် အခုပဲ JobNet Profile ကိုလုပ်ပြီး လျှောက်မယ့်အလုပ်တစ်ခုချင်းစီအလိုက်ကိုက်ညီမယ့် CV တွေကိုရေးသားပြီး လျှောက်ထားလိုက်ပါ။ အားလုံးပဲ… အောင်မြင်တဲ့အလုပ်လျှောက်ထားမှုတွေကို ရရှိပါစေ။