ဘယ်လောက်ပဲ အင်တာဗျူးအတွေ့အကြုံတွေ ရှိခဲ့တယ်ဆိုဦးတော့ အလုပ်အင်တာဗျူးတိုင်းဟာ စိတ်လှုပ်ရှားစရာတော့ကောင်းနေပါတယ်။ အကောင်းဆုံးအဝတ်အစားတွေဝတ်သွားမယ်၊ CV အပိုတွေ ပရင့်ထုတ်ပြီးဆောင်သွားမယ်၊ ပြုံးပြုံးလေးဖြေမယ်။ အင်တာဗျူးမှာ အားလုံးအဆင်ပြေချောမွေ့နေပြီလို့ ထင်နေချိန်မှာပဲ မေးတဲ့လူတွေက ကိုယ်မထင်ထားတာတွေ မေးလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဒီလိုမေးခွန်းတွေ မေးကြမှာပါ။
(၁) မင်းအကြောင်းပြောပါဦး
ကိုယ့်အကြောင်းတွေကိုမေးတဲ့အခါ ဘာမှမဖြေနိုင်ရင် ဂွမ်းပါတယ်။ ကိုယ်ရည်သွေးလွန်းရင်လည်း အဆင်မပြေပါဘူး။ ကိုယ့်ရဲ့အလုပ်အကိုင်အကြောင်း ၃ ခွန်းလောက်နဲ့ ဒီအလုပ်ကို ဘာကြောင့်လျှောက်ရတယ်ဆိုတာပြောပြပြီး အဆုံးသတ်လိုက်တာ အကောင်းဆုံးပါပဲ။
(၂) ဘာကြောင့်ဒီမှာအလုပ်လုပ်ချင်ရတာလဲ
ဘာကြောင့်လုပ်ချင်ရတာလဲဆိုတာကို သိချင်ရုံသာမကပါဘူး ကုမ္ပဏီအကြောင်း ဘယ်လောက်သိလဲဆိုတာကိုပါ သိချင်တဲ့အတွက် မေးတာဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ပတ်သက်ပြီး ကိုယ်သိထားတဲ့အရာတွေနဲ့ အဲ့တာတွေအပေါ် စိတ်ဝင်စားတဲ့အတွက် ဒီမှာအလုပ်လုပ်ချင်ကြောင်း ပြောရမှာပါ။
(၃) ဒီအလုပ်အကြောင်းဘယ်လိုကြားထားလဲ
အလုပ်ခေါ်စာကို အင်တာနက်မှာတွေ့လို့ လာလျှောက်လိုက်တာပဲလို့ ဖြေရင် အရမ်းရိုးရှင်းပါတယ်။ ကုမ္ပဏီရဲ့ ဘယ်လိုကောင်းကွက်တွေကြောင့် အလုပ်လုပ်ချင်ရတာလဲဆိုတာကို သိချင်လို့ မေးကြတာပါ။ အထူးသဖြင့် ကုမ္ပဏီမှာလက်ရှိလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကနေ သိရတာမျိုးလား၊ ဘယ်လိုတွေသိကျွမ်းကြတာလဲဆိုတာတွေ မေးကြပါလိမ့်မယ်။
(၄) CV ထဲက စိတ်ဝင်စားစရာတစ်ခုခုကို ပြောပါဦး
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူရတဲ့ အောင်မြင်မှုတွေကို CV ထဲမှာ ဖော်ပြရပါတယ်။ အဲ့ဒီအကြောင်းအရာကို အသေးစိတ်ပြောပြစေချင်တာမျိုးပါ။
(၅) ဘာကြောင့်အလုပ်ပြောင်းချင်ရတာလဲ
လက်ရှိအလုပ်မှာ လုပ်နေရင်း ပိုကောင်းတဲ့အလုပ်တစ်ခုကို ရှာဖွေတဲ့အခါ အင်တာဗျူးသူတွေက အကြောင်းရင်းကို မေးမြန်းကြပါတယ်။ သဘောရိုးနဲ့မေးတာလို့ ထင်ရပေမဲ့ အရင်အလုပ်ကနေ အထုတ်ခံရလို့လား ဒါမှမဟုတ် အပြောင်းအလဲလုပ်ချင်လို့လားဆိုတာ သိချင်တဲ့အတွက်ပါ။ လုပ်ငန်းခွင်မှာ မမြဲမယ့်ဝန်ထမ်းမျိုးကိုလည်း မခန့်ချင်ကြပါဘူး။
(၆) ဘာကြောင့်မင်းကိုအလုပ်ခန့်သင့်တာလဲ
အင်တာဗျူးသူတွေအနေနဲ့ သူတို့အတွက်အသုံးတည့်မယ့် ဘယ်လိုစွမ်းရည်မျိုးကို လုပ်ဆောင်ပေးမလဲဆိုတာ သိချင်လို့ မေးကြတယ်ဆိုတာကို မှတ်ထားပါ။ “ ပေါင်းသင်းဆက်ဆံရေးကောင်းလို့၊ အလုပ်ကြိုးစားလို့” စတဲ့ မသဲကွဲတဲ့အဖြေတွေကို မပေးရပါဘူး။
(၇) နောက်ငါးနှစ်အတွင်းပန်းတိုင်
ကိုယ့်ဘဝရဲ့ပန်းတိုင်တွေကို ခရေစေ့တွင်းကျ ပြောပြဖို့လည်းမလိုပါဘူး။ အဓိက ဖြေရမှာက ကုမ္ပဏီမှာအလုပ်ဝင်ပြီးရင် နောက်ငါးနှစ်အတွင်း ဘယ်လိုနေရာရောက်အောင် ကြိုးစားမလဲဆိုတဲ့ အလုပ်အကိုင်လမ်းကြောင်းရဲ့ ပန်းတိုင်ကိုပဲ ဖြေပေးရပါတယ်။
(၈) အလုပ်ထဲကသဘောထားကွဲလွဲမှုတွေအကြောင်း
လုပ်ငန်းခွင်တိုင်းမှာ သဘောထားကွဲလွဲမှု ပဋိပက္ခတွေရှိကြပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ကိုယ်ဘယ်လိုတုံ့ပြန်ခဲ့လဲ၊ ဘယ်လိုဖြေရှင်းခဲ့သလဲ ဆိုတာတွေကို ဖြစ်ရပ်တစ်ခုအကြောင်းပြောပြရမှာပါ။ ဘယ်ဖြစ်ရပ်ကိုပဲ ပြောပြပါစေ အဆုံးသတ်မှာ ပြေလည်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်အဆင်ပြေသွားရတဲ့ ဖြစ်ရပ်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ပြဿနာတွေကြုံလာရလို့ အလုပ်ထွက်တယ်ဆိုတာမျိုးက မှားယွင်းတဲ့အဖြေပါပဲ။
(၉) တကယ်လုပ်ချင်တဲ့အလုပ်
နောက်ငါးနှစ်အတွင်း ဖြစ်ချင်တဲ့ပန်းတိုင်အကြောင်း မေးခွန်းနဲ့ ဆင်ပါတယ်။ အင်တာဗျူးသူတွေက ကိုယ့်ရဲ့ပန်းတိုင်တွေဟာ လက်တွေ့ကျသလား၊ ပန်းတိုင်တွေရောက်ဖို့ စိတ်ထက်သန်မှုရှိသလားဆိုတာကို သိချင်တဲ့အတွက် မေးကြတာဖြစ်ပါတယ်။ တကယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘဲ လာလျှောက်တဲ့လူမျိုးကိုလည်း ဘယ်ကုမ္ပဏီကမှ မခန့်ချင်ကြပါဘူး။
(၁၀) လုပ်ဖော်ကိုင်တွေဆီကဘာမျှော်လင့်သလဲ
ဒီမေးခွန်းရဲ့ ဆိုလိုရင်းကတော့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတဲ့အပေါ် သင်ဘယ်လိုနားလည်သလဲဆိုတာကို သိချင်တဲ့သဘောပါပဲ။ ကုမ္ပဏီရဲ့ သဘောသဘာဝ၊ အလုပ်လုပ်တဲ့ပုံစံနဲ့ အံဝင်ပါ့မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် မေးတာဖြစ်ပါတယ်။
(၁၁) မန်နေဂျာဆီက ဘာမျှော်လင့်ထားသလဲ
ကိုယ်ဟာ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုစိတ်သဘောထားမျိုးရှိသလဲဆိုတဲ့အပေါ် သိလိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ ဒီမေးခွန်းကိုတော့ အဖွဲ့ခေါင်းဆောင် သို့မဟုတ် ဌာနမှူးတွေက ဝင်ရောက်မေးမြန်းလေ့ရှိကြတယ်။ ကိုယ့်ရဲ့မန်နေဂျာတွေက ကိုယ့်အပေါ်ဘယ်လိုကူညီပေးကြတယ်ဆိုတာကို ပြောပြနိုင်ပါတယ်။
(၁၂) စိတ်ဖိစီးမှုကို ဘယ်လိုဖြေရှင်းလဲ
အလုပ်နဲ့ပတ်သက်လာရင် ပရော်ဖက်ရှင်နယ်ကျကျ ထိန်းချုပ်နိုင်ပြီး အပြုသဘောဆန်တဲ့ အမူအကျင့်လေးတွေ ရှိတယ်ဆိုတာကို သိအောင် ပြောပြလိုက်ပါ။ စိတ်ဖိစီးမှုကြောင့် အလုပ်ကချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ရပ်တန့်သွားမှာမဟုတ်ကြောင်း ဖြေနိုင်ဖို့လိုပါတယ်။
(၁၃) အလုပ်ဝင်တဲ့ပထမလမှာ ဘာလုပ်မလဲ
အလုပ်ဝင်ပြီး တစ်လမှသုံးလအတွင်းမှာ ထူးခြားတဲ့တိုးတက်မှုတွေကို မြင်ချင်တယ်လို့ သွယ်ဝိုက်ပြီးပြောလိုက်တာဖြစ်ပါတယ်။
(၁၄) လစာလိုအပ်ချက်
ဒီမေးခွန်းကို တချို့တွေကမေးတယ်၊ တချို့တွေကတော့ မမေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့ လစာနှုန်းထားအတိုင်းပဲ ပေးကြတယ်။ ပြင်ဆင်ထားရင်တော့ အကောင်းဆုံးပါ။ လစာမေးခွန်းဟာ ကိုယ့်ရဲ့တန်ဖိုးကို ညွှန်ပြနေရာလည်း ရောက်ပါတယ်။
(၁၅) မေးစရာရှိသေးလား
နောက်ဆုံးအနေနဲ့ ဒီမေးခွန်းကို မေးကြပါလိမ့်မယ်။ အဲ့တာက အခွင့်အရေးကောင်းတစ်ခုပါ။ ဘာမှမေးစရာမရှိပါဘူးလို့ မဖြေလိုက်ပါနဲ့။ အနည်းဆုံး မေးခွန်း သုံးခုမှ ငါးခုအထိ ပြင်ဆင်သွားဖို့လိုပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ညှိနှိုင်းချင်တာတွေကိုလည်း ဒီအချိန်မှာ မေးလို့ရပါတယ်။