12th November, 2018

ကိုယ့်ရဲ့အရည်အချင်းတွေကို Cover Letter ထဲမှာ ပေါ်လွင်စေဖို့

ဝန်ထမ်းခန့်အပ်ဖို့အတွက် မန်နေဂျာတွေနဲ့ HR ဌာနက လူတွေဟာ CV ပေါင်း မြောက်များစွာကို ဖတ်ရှုရပါတယ်။ ရာထူးတစ်နေရာအတွက် လျှောက်ထားသူဟာ တစ်ဒါဇင်ထက်မနည်း ရှိကြပါတယ်။ လျှောက်ထားတဲ့အလုပ်ကို လိုချင်ရင်တော့ ကိုယ့်ရဲ့ CV ဟာ တခြားလူတွေနဲ့မတူ ထူးခြားနေဖို့ အရေးကြီးပါတယ်။ CV ရေးတိုင်း ထည့်ရေးရတဲ့ cover letter ဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်အောင်ပြသဖို့ အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ Cover letter ထဲမှာ ကိုယ့်ရဲ့အရည်အချင်းတွေကို ပေါ်လွင်အောင် ရေးနိုင်မယ်ဆို အလုပ်ရဖို့က ၄၀ ရာခိုင်နှုန်းလောက် သေချာသွားပါပြီ။ အလုပ်ခန့်မယ့် မန်နေဂျာတွေက ကိုယ့်ရဲ့ cover letter ကို ကြည့်ရုံနဲ့ ကိုယ့်ကို သတိထားမိသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဆက်လက်ဖော်ပြလိုက်ပါတယ်။

 

Cover letter ဆိုတာကို အလွယ်ကူဆုံး ပြောပြရရင်တော့ ကိုယ်ပေးချင်တဲ့ ကိုယ်ရေးအချက်အလက်တွေကို အကျဉ်းချုံးဖော်ပြထားတဲ့ စာပိုဒ် ဖြစ်ပါတယ်။ ကိုယ့်ရဲ့အကြောင်းကို အတိုချုပ် ဖော်ပြထားရတာဖြစ်ပြီး အားသာချက်တွေကို ဖတ်မယ့်လူ မြင်သာအောင် ဖော်ပြနိုင်လေလေ အင်တာဗျူးဝင်ဖို့၊ အလုပ်ရဖို့ သေချာလေလေပါပဲ။ သူများထက် ထူးခြားဖို့ဆိုရင်တော့ သူများတွေ ရေးလေ့ရှိတဲ့ ဖန်တရာတေနေတဲ့ အသုံးအနှုံးတွေကို ရှောင်လိုက်ရအောင်ပါ။

 

(၁) ထူးခြားတဲ့ cover letter

ကိုယ့်ရဲ့ cover letter ဟာ ဘယ်ကုမ္ပဏီကိုမဆို လျှောက်လို့ရတဲ့ ယေဘုယျစာမျိုး မဖြစ်ပါစေနဲ့။ လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ ကိုယ်လိုချင်တဲ့ရာထူးနေရာကို အထူးပြုတဲ့ cover letter မျိုးကို ရေးသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်အလုပ်နဲ့ ဆက်စပ်အသုံးပြုတဲ့ စကားလုံးတွေကို ထည့်သွင်းထားရပါမယ်။ ပြီးတော့ လျှောက်ထားတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့ အကြောင်းအရင်းနဲ့အတူ ကုမ္ပဏီရဲ့ ကောင်းကွက်လေးတွေကို ဖော်ပြနိုင်မယ်ဆို ကိုယ့်ကို သဘောကျကြမှာ သေချာပါတယ်။

 

(၂) ဖန်တီးမှုရှိတဲ့စာကြောင်းအစ

ပထမဆုံးစာကြောင်းဟာ သာမာန်ထက်ထူးခြားတဲ့ ဖန်တီးမှုရှိတဲ့ စာကြောင်း ဖြစ်နေဖို့ လိုပါတယ်။ စစချင်းမှာတင် စွဲဆောင်နိုင်ရင် ကိုယ့်ရဲ့ CV ကို အလုပ်ခန့်မယ့်သူဘက်က စိတ်ဝင်တစားနဲ့ ဆက်လက်ဖတ်ရှုသွားပါလိမ့်မယ်။ မိမိအနေနဲ့ ဘယ်အလုပ်ကို လျှောက်ထားလိုပါတဲ့ စာကြောင်းနဲ့ စတင်မယ့်အစား ကိုယ်ဟာ ဘယ်လိုပရော်ဖက်ရှင်အလုပ် လုပ်နေတယ်ဆိုတာနဲ့ စတင်လိုက်ပါ။

 

(၃) အဆက်အသွယ်

ကုမ္ပဏီမှာ လက်ရှိလုပ်ကိုင်နေသူတွေထဲမှာ ကိုယ့်အသိပါတယ်ဆိုရင် သူ့နာမည်ကို ထည့်ရေးလိုက်တာလည်း ကောင်းပါတယ်။ ဒီကုမ္ပဏီရဲ့ ကောင်းကြောင်းတွေ၊ ဝန်ထမ်းတွေအပေါ် ဂရုစိုက်ပုံတွေကို အဲ့ဒီအသိကတစ်ဆင့် သိခဲ့ရပြီး လာရောက်လုပ်ကိုင်ချင်ခဲ့တယ်ဆိုတာ ပြောပြနိုင်ရင် ကိုယ့်အတွက် မှတ်ချက်ကောင်းပါပဲ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ ဖော်ပြတာမျိုးပဲ ဖြစ်ပါစေ။ အလွန်အမင်းညွှန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

 

(၄) ကိုယ့်ရဲ့ ထူးခြားချက်များ

ကိုယ့်ရဲ့ ပရော်ဖက်ရှင် အသက်မွေးဝမ်းကြောင်း အလုပ်မှာ ဘယ်လောက်ကြာခဲ့ပြီဆိုတာ မဖြစ်မနေ ဖော်ပြပါ။ အလုပ်လုပ်တဲ့တစ်လျှောက် ရထားတဲ့ ဆုတွေ၊ အောင်မြင်ပြီးမြောက်မှုတွေကိုလည်း ထည့်သွင်းထားမှ ကိုယ့်ရဲ့ထူးချွန်မှုကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ အလုပ်ကို အထောက်အပံ့ဖြစ်စေမယ့် ကိုယ်ရည်ကိုယ်သွေးတွေကို မမေ့မလျော့ ရေးသားထားဖို့ပါပဲ။

 

အလုပ်လျှောက်လွှာတွေ တင်တဲ့အခါတိုင်းမှာ လူတွေက CV ကို ရေးကြပေမဲ့ cover letter ကို ရေးဖို့တော့ မေ့လျှော့နေတတ်ကြပါတယ်။ Cover letter ကောင်းကောင်းတစ်စောင်က ကိုယ့်အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတစ်ခုကို ရယူပေးနိုင်စွမ်း ရှိပါတယ်။ အပြုသဘောဆန်တဲ့အရေးအသား၊ အမှားအယွင်းမရှိတဲ့ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါတွေနဲ့ ရေးသားဖို့ လိုပါတယ်။