21st September, 2018

ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် career objective ကိုဘယ်လိုရေးကြမလဲ

Career Objective ရေးခြင်းက ကိုယ့်CV ရဲ့အဆင့်တစ်ခုကိုဖော်ပြနေပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ နဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်မှာထားရှိတဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြပေးနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ဒါကတော့ အလုပ်လျှောက်ထားတဲ့ CV မှာ မဖြစ်မနေပါရမယ်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့လုပ်ဆောင်နိုင်တဲ့ အချက်တွေ၊ အလုပ်အပေါ်ထားရှိတဲ့ကိုယ့်ရဲ့ခံယူချက်တွေကို သေချာဖော်ပြရေးသားထားမယ်ဆိုရင်တော့ အလုပ်ရှင်ရဲ့စိတ်ကို စွဲဆောင်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေအကြောင်းကိုရေးသားဖော်ပြထားပေးပါ

Career Objective ထဲမှာ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို ရေးသားရပါမယ်။ တကယ်လို့ကိုယ်က အခုမှ ဘွဲ့ရပြီးကာစဆိုရင် ကိုယ့်ရဲ့ရေးသားပုံက အခြားအတွေ့အကြုံရှိတဲ့သူတွေနဲ့တော့ ကွဲပြားနေပါလိမ့်မယ်။ ကိုယ့်ရဲ့ Career Objective ထဲမှာ ကိုယ်ရထားတဲ့ဘွဲ့၊ သက်ဆိုင်ရာအလုပ်နဲ့ပတ်သတ်တဲ့ လုပ်အားပေးမှုတွေရှိခဲ့တယ်ဆိုရင် ဘယ်လိုအတွေ့အကြုံတွေလဲ၊ ကိုယ်ကဘယ်လောက်ထိ အလုပ်ကြိုးစားပြီးလုပ်မယ့်အကြောင်းနဲ့ ဘယ်လောက်ထိ ယုံကြည်စိတ်ချရကြောင်းတွေကို ထည့်သွင်းဖော်ပြထားပါ။

ဒါမှမဟုတ် သင်ကအတွေ့အကြုံရှိပြီးသားလူတစ်ယောက်ဆိုရင်တော့ ကိုယ့်ဆီမှာအတွေ့အကြုံဘယ်လောက်ရှိတယ်၊ ယခုလျှောက်ထားတဲ့ရာထူးအတွက် သင်ကဘယ်လောက်ထိသင့်တော်တယ်၊ အလုပ်နဲ့သက်ဆိုင်တဲ့ဘွဲ့တွေ၊ ဒီပလိုမာ တွေကိုထည့်သွင်းဖော်ပြသင့်ပါတယ်။

ကိုယ့်ကိုခန့်အပ်တဲ့အတွက်ဘယ်လောက်ထိအကျိုးရှိကြောင်းဖော်ပြပါ

ကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့ ကျွမ်းကျင်မှုတွေကိုဖော်ပြပေးရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေက ကုမ္ပဏီအတွက် ဘယ်လောက်အကျိုးရှိကြောင်းကိုသေချာအလေးပေးဖော်ပြပေးသင့်ပါတယ်။ အလုပ်ခေါ်ယူတဲ့သူကလည်း ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကကုမ္ပဏီအတွက် ဘယ်လောက်ထိ သင့်တော်သလဲဆိုတာကိုကြည့်ပြီးရွေးချယ်မှာဖြစ်ပါတယ်။

မှန်ကန်တဲ့စကားလုံးတွေကိုအသုံးပြုသင့်ပါတယ်

ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို သေချာထိထိမိမိဖော်ပြပေးနိုင်မယ့်စကားလုံးတွေကိုသာ အသုံးပြုပြီးရေးသားပါ။ ကိုယ်ရေးသားလိုက်တဲ့ စကားလုံးတွေကတဖက်လူဖတ်လိုက်တာနဲ့ အထင်မြင်ကြီးသွားစေနိုင်မယ့်စကားလုံး၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုထိထိမိမိနဲ့ဖော်ပြနိုင်ပြီး အင်တာဗျုးခေါ်ချင်လာမယ့်စကားလုံးတွေဖြစ်ဖို့လိုပါတယ်။

အမှားပြင်ဆင်နိုင်ဖို့အတွက်ပြန်ဖတ်ကြည့်ပါ

တခါတလေ စာကြောင်းတွေထဲမှာ typing error ကြောင့်သော်လည်းကောင်း၊ ခဏခဏပြန်လည်ရေးသားတဲ့အတွက်ကြောင့်ဖြစ်လာတဲ့ အမှားမျိုးတွေကိုရှောင်ရှားနိုင်ဖို့အတွက် အပြီးမသတ်ခင်၊ CV မပို့ခင်မှာ သေချာဖတ်ကြည့်ပါ။ ဒါ့အပြင်ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေကိုလည်း ဖတ်ကြည့်ခိုင်းပြီး အမှားရှိမရှိထပ်မံစစ်ဆေးနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ Career Objective ကိုထည့်သင့်သလဲ

Career Objective တွေက CV တိုင်းမှာပါလေ့မရှိပါဘူး။ ဒါပေမယ့် ဒီလိုတွေထည့်လိုက်တာက သင့်အတွက် အကျိုးရှိစေမှာအမှန်ပါ။ ဥပမာ ကိုယ်က Marketing နယ်ပယ်ကနေ Accounting ကိုပြောင်းမယ်ဆိုရင် ကိုယ်ရခဲ့တဲ့ Marketing က အတွေ့အကြုံကဒီရာထူးမှာဘယ်လိုအသုံးချလို့ရကြောင်းကိုဖော်ပြနိုင်သလို၊ ကိုယ့်မှာအတွေ့အကြုံမရှိတာ ဒါမှမဟုတ် အနည်းငယ်သာရှိတာဆိုရင်လည်း ကိုယ်အလုပ်အပေါ်ရည်ရွယ်ချက်တွေကို သေချာဖော်ပြပေးခြင်းဖြင့် အလုပ်ရှင်ကကိုယ့်ကိုအင်တာဗျုးခေါ်ဖို့ စိတ်ဝင်စားလာနိုင်ပါတယ်။

Career Objective တွေရေးတဲ့အခါမှာအများဆုံးတွေ့ရတဲ့အမှားတွေကိုလေ့လာကြည့်ပါ

ဒီလိုတွေရေးသားတဲ့အခါမှာ လူတော်တော်များများကြုံတွေ့ရလေ့ရှိတဲ့ အမှားတွေကိုလေ့လာပြီး ကိုယ့်ရဲ့ရေးသားချက်တွေထဲမှာ အောက်ဖော်ပြပါ အမှားတွေနဲ့ကင်းရဲ့လားဆိုတာကို ကြည့်ကြည့်ပါ။ ကိုယ့်ရဲ့ရေးသားချက်တွေကမရေမရာဖြစ်ပြီးတိကျမှုမရှိတာ၊ စာကြောင်း ၃ ကြောင်းထက်ပိုများနေတာ၊ ကိုယ်ကျွမ်းကျင်မှုတွေကိုပဲဖော်ပြပြီး ဒီအချက်တွေက လက်ရှိလျှောက်ထားတဲ့ရာထူးမှာဘယ်လိုအသုံးချလို့ ရကြောင်းကို ဖော်ပြမထားတာ၊ ကိုယ့်ကိုယ်ကို အရမ်းအမွှန်းတင်လွန်းတာတွေအပြင် အရမ်းရင်းနှီးတဲ့စကားတွေသုံးတာတွေကို ရှောင်ရှားသင့်ပါတယ်။

လျှောက်တဲ့အလုပ်တိုင်း မတူညီတဲ့ Career Objective တွေနဲ့လျှောက်ထားပါ

အလုပ်ပေါင်းများစွာကို Career objective တစ်ခုထဲနဲ့လျှောက်ခြင်းကနေ ရှောင်ကြဉ်လိုက်ပါခေါ်ထားတဲ့အလုပ်နဲ့သက်ဆိုင်တဲ့ career objective ကိုပဲရေးသားပြီးလျှောက်ထားက သင့်အတွက်ပိုပြီး ထိရောက်မှုရှိပါလိမ့်မယ်။

အထက်ပါအချက်တွေကိုလေ့လာပြီး ကိုယ့်ရဲ့ Career Objective ကိုစွဲဆောင်မှုရှိအောင်ရေးသားပြီး သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကိုရှာဖွေလိုက်ကြရအောင်။