19th November, 2018

စမတ်ကျကျဝတ်ပြီး အလုပ်အင်တာဗျူးမှာ အမှတ်ယူပါ

အလုပ်အင်တာဗျူးကို သွားတဲ့အခါ ဂျင်းအပြဲတွေ၊ တိုလွန်းတဲ့အဝတ်တွေနဲ့ ညစ်ပတ်နေတဲ့ ဖိနပ်တွေ ဝတ်ဆင်ပြီး သွားမလို့လား။ အင်တာဗျူးကို တွန့်ကြေရှုပ်ပွနေတဲ့ အဝတ်တွေနဲ့ ရောက်သွားတာမျိုး၊ အင်တာဗျူးဖြေနေရင်း ပီကေဝါးတာတွေရော လုပ်မလို့လား။ အလုပ်အင်တာဗျူးအတွက် မသင့်လျော်တဲ့အဝတ်တွေ ဝတ်ပြီး သွားခြင်းက ရသင့်တဲ့အလုပ်ကို ရမယ့်အခွင့်အလမ်းနဲ့ ဝေးသွားနိုင်ပါတယ်။

မေးမြန်းမယ့်ပုဂ္ဂိုလ်ရဲ့ ကိုယ့်အပေါ် ပထမဆုံးအမြင်ဟာ အချိန်အကြာကြီးအထိ ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ အင်တာဗျူးတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးပြင်ဆင်ပြီး မျက်နှာပန်းပြတင်ဆက်မလဲဆိုတာ အရေးကြီးပါတယ်။ လုံးဝ(လုံးဝ)ကို ရှောင်ရမယ့် အဝတ်အစားတွေကို ရှောင်လိုက်ပါ။ ဥပမာ ဂျင်းဟောင်းတွေလိုမျိုးပေါ့။ အင်တာဗျူးမှာ သင့်လျော်တဲ့အဝတ်အစားကိုပဲ ဝတ်ဆင်ဖို့ အကြံပေးတိုက်တွန်းရခြင်းရဲ့ အကြောင်းရင်းကိုတော့ အောက်မှာ ဆက်လက်ဖတ်ကြည့်ပါဦး။

 

အကောင်းဆုံးဝတ်ဆင်ပါ

အဝတ်အစား ကောင်းကောင်းဝတ်ပြီး အင်တာဗျူးသွားဖြေလို့ ဘာထူးခြားသလဲလို့မေးရင် အတော်များများမှာတော့ ထူးခြားပါတယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ်မဝတ်ဘဲ ဖရိုဖရဲဝတ်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ အလုပ်ခန့်မယ့်ကုမ္ပဏီဘက်က စိတ်ပျက်သွားပါလိမ့်မယ်။ မိန်းကလေးတွေဆိုရင်လည်း နီရဲပြီးအရောင်တောက်နေတဲ့ စကတ်တိုတိုကျပ်ကျပ်ကလေးကြောင့် ပထမဆုံးအမြင်နဲ့တင် အမှတ်လျော့သွားနိုင်ပါတယ်။

ရှေးရိုးစွဲရှိတဲ့ ကုမ္ပဏီတွေမှာဆိုရင် ဝတ်စားဆင်ယင်မှုက အတော်လေး တာသွားပါတယ်။ တချို့အလုပ်ခွင်တွေမှာတော့ အဲ့လောက်အရေးမကြီးပါဘူး။ ဥပမာပြောရရင် startup လုပ်ငန်းတွေမှာဆို အလုပ်အင်တာဗျူးဖြေတဲ့အခါ ဝတ်စားဆင်ယင်မှုကို သိပ်အများကြီး ထည့်မတွက်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီက သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုပုံစံ/ ယူနီဖောင်းကို ထည့်မတွက်ရင်တောင် အဝတ်အစားကောင်းကောင်းပဲ ဝတ်သွားသင့်ပါတယ်။

ရှေးရိုးဆန်တဲ့လူကြီးတွေ မေးမယ့်အလုပ်အင်တာဗျူးမှာ ကိုယ်ကဘာဝတ်ရမှန်းမသိဘဲ သပ်သပ်ရပ်ရပ်မဝတ်သွားဘူးဆိုရင်တော့ သူတို့အမြင်မှာ ကိုယ့်အတွက် အမှတ်နည်းသွားတော့မှာပါ။ တစ်ဖက်လူအပေါ် လေးစားသမှုမရှိတဲ့ အင်တာဗျူးအတွက် မသင့်လျော်တဲ့ ဖရိုဖရဲအဝတ်တွေ ဝတ်တာထက်စာရင်တော့ ရှိုးစမိုးနဲ့ အကောင်းဆုံးဝတ်သွားတာက ပိုကောင်းပါတယ်။ တကယ်လို့ မရေရာဘူးဆိုရင်တော့ အင်တာဗျူးလာဖြေဖို့ အကြောင်းကြားလာသူကို ဆက်သွယ်ပြီး ဘာဝတ်ရမလဲဆိုတာ မေးမြန်းနိုင်ပါတယ်။

လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို မြင်မြင်ချင်းမှာ သူ့ရဲ့အသွင်အပြင်ကိုကြည့်ပြီး ကောက်ချက်ချကြတာများပါတယ်။ ဒါကြောင့်မို့လို့ အလုပ်အင်တာဗျူးကိုသွားတဲ့အခါ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုဟာ ကိုယ့်မှာရှိတဲ့ လုပ်ငန်းအတွေ့အကြုံ၊ စိတ်ကူးအကြံဉာဏ်တွေနဲ့ ဆက်စပ်သင့်လျော်မှုရှိသင့်ပါတယ်။ ဥပမာ ကိုယ်က ဒီဇိုင်နာအလုပ်ကိုလျှောက်ရင် ကိုယ့်ရဲ့ဖက်ရှင်က အလန်းစားလေးဖြစ်သင့်သလို စာရင်းကိုင်လိုရာထူးမျိုးဆိုရင်တော့ ရုံးတက်ဝတ်စုံဆန်ဆန် ဝတ်ခြင်းက အင်တာဗျူးသူတွေအမြင်မှာ ကိုယ့်ကို သူများတွေထက်ပိုပြီး ပေါ်လွင်ခြားနားသွားစေပါလိမ့်မယ်။

 

ပရော်ဖက်ရှင်နယ်ဆန်အောင် ဘယ်လိုမျိုး ဝတ်မလဲ

အမျိုးသမီး ။ ။ အရောင်အနုဖြစ်စေ အရင့်ဖြစ်စေ ငြိမ်တဲ့အရောင်ကိုရွေးပါ။ ဘလောက်စ်အင်္ကျီ၊ လေဒီရှုးကို ဝတ်ပါ။ လက်ဝတ်ရတနာတွေ အများကြီးမဝတ်ပါနဲ့။ ဒူးအတိစကတ်က အသင့်လျော်ဆုံးပါ။ အသားကပ်ခြေအိတ် ဝတ်နိုင်ပါတယ်။ ဆံပင်လည်း သပ်သပ်ရပ်ရပ်ပြင်ဆင်သွားပြီး မိတ်ကပ်နဲ့ ရေမွှေးတွေ အလွန်အကျွံမသုံးမိဖို့ လိုပါတယ်။ ခြေသည်းလက်သည်းတွေ သန့်ရှင်းသပ်ရပ်ဖို့ကလည်း သတိထားပါဦး။

အမျိုးသား ။ ။ အမျိုးသားတွေလည်း တည်ငြိမ်တဲ့အရောင်ကိုပဲ ရွေးသင့်ပါတယ်။ ရှပ်လက်ရှည် အဖြူရောင်ကို နက်ခ်တိုင်စည်းပြီး ဝတ်ဆင်ပါ။ ခြေအိတ်ကို အနက်ရောင်ပဲရွေးပြီး ပရော်ဖက်ရှင်နယ် ရှုးဖိနပ်ကိုပဲ ဝတ်ရပါမယ်။ ယောက်ျားလေးတွေနဲ့ လက်ဝတ်ရတနာတွေနဲ့ သိပ်မလိုက်လှပါဘူး။ လက်စွပ်အပြင် တခြားအရာတွေ ဝတ်မသွားပါနဲ့။ ဆံပင်၊ မုတ်ဆိတ်တွေကို သပ်သပ်ရပ်ရပ် ဖြီးသင်ရိတ်သွားဖို့လိုပါတယ်။ ယောက်ျားလေးတွေက လက်သည်းခြေသည်းတွေကို သိပ်ဂရုမစိုက်တတ်လို့ လက်သည်းညှပ်ဖို့ မေ့ကောင်းမေ့နေနိုင်ပါတယ်။ အင်တာဗျူးရှိရင်တော့ လက်သည်းတွေကိုညှပ်ပြီးမှ သွားဖြေပါ။

ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားတတ်ခြင်းဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အင်တာဗျူးဖြေဖို့သွားမယ်ဆို ဂျင်းတွေကို လုံးဝမဝတ်မိပါစေနဲ့။ ဖက်ရှင်လုပ်ငန်းအတွက်၊ အဝတ်အစားဒီဇိုင်းအတွက် အလုပ်လျှောက်တာမဟုတ်ဘူးဆိုရင်တော့ ယေဘုယျအားဖြင့် ဂျင်းနဲ့ ခြေညှပ်ဖိနပ်ပါးတွေကို မဝတ်သွားသင့်ပါဘူး။ အကောင်းဆုံး အင်တာဗျူးဝတ်စုံဆိုတာ သန့်ရှင်းပြီး ကိုယ်နဲ့ကွက်တိဖြစ်သင့်သလို လျှောက်ထားတဲ့ကုမ္ပဏီရဲ့ ဓလေ့နဲ့ သင့်လျော်တဲ့ ဝတ်စုံမျိုး ဖြစ်သင့်ပါတယ်။