21st January, 2019
ဒီနှစ်မှာ လစာတိုးအောင်ဘာလုပ်မလဲ
Share
Blog Link Copied
“ပိုက်ဆံကဒုတိယဘုရားသခင်” လို့ လူအများစုက ယုံကြည်ထားကြပါတယ်။ တကယ်လက်တွေ့မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုက်ဆံတွေပိုရှာနိုင်မယ် လစာတွေတိုးလာမယ်ဆိုတာကိုတော့ မကြိုက်တဲ့သူမရှိလောက်ပါဘူး။ ဒီနှစ်မှာ ကိုယ့်ရဲ့ဝင်ငွေနဲ့ အလုပ်လမ်းကြောင်းကို ပိုမိုတိုးတက်အောင်ပြုလုပ်ဖို့ အစီအစဉ်တွေရှိတယ်ဆိုရင် ဒီအချက်တွေကို သေချာဖတ်ကြည့်လိုက်ပါ။
၁။ လစာတိုးပေးဖို့ ဆွေးနွေးပါ
အလုပ်တစ်ခုမှာ ကိုယ့်ရဲ့လုပ်သက်က အချိန်အတိုင်းအတာတစ်ခုအထိရှိပြီး လစာကလည်းစ၀င်ကတည်း ဒီအတိုင်းပဲဆိုရင် လစာကိုတိုးပေးဖို့ကို အထက်လူကြီး ဒါမှမဟုတ် HR မန်နေဂျာနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီလိုမျိုး တိုင်ပင်ဆွေးနွေးမှုမလုပ်ခင်မှာ အရင်ဆုံးလုပ်ရမယ့်အလုပ်ကတော့ ကိုယ့်ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်နဲ့ ကြိုးစားမှုကို အထက်လူကြီးတွေအပြင် လုပ်ဖော်ကိုင်ဖက်တွေကလည်း ယုံကြည်ပြီး အသိအမှတ်ပြုအောင် လုပ်သင့်ပါတယ်။ ဒါတွေပြီးရင်တော့ လစာတိုးပေးဖို့ တိုင်ပင်ဆွေးနွေးပါ။ ဘယ်အရာမှ မတောင်းဆိုဘဲနဲ့ ဖြစ်လာမှာမဟုတ်ပါဘူး။
၂။ ပိုကောင်းတဲ့အကျိုးခံစားခွင့်တွေရအောင် ညှိနှိုင်းပါ
နောက်တစ်ချက်ကတော့ တချို့ကုမ္ပဏီတွေမှာ လစာအပြင် တခြားအကျိုးခံစားခွင့်တွေရှိပါတယ်။ ၀န်ထမ်းအများစုက လစာတစ်ခုတည်းကိုပဲ တိုးပေးဖို့မြင်ကြပါတယ်။ တကယ်တမ်းက လစာအပြင် တခြားအကျိုးခံစားခွင့်တွေလည်းရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ ဥပမာ လစဉ်ဆုကြေးတို့၊ နှစ်ကုန်ဆုကြေးတို့၊ အချိန်ပိုဆင်းခတို့ပါ။ ဒီအရာတွေကလည်း ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်အကဲဖြတ်ပြီး ပေးရတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်ဘက်လည်း ကိုယ့်ရဲ့ဝန်ထမ်းတွေတကယ် ကြိုးစားတယ်ဆိုရင် ပေးချင်ပါတယ်။
၃။ ရာထူးတိုးပေးဖို့ တောင်းဆိုကြည့်ပါ
လူအများစုကတော့ ရာထူးတိုးတယ်ဆိုတာဟာ အလျဉ်းသင့်သလို ကောက်ခါငင်ကာ ဖြစ်တတ်တယ်လို့ထင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်တိုင်လည်းယုံကြည်ချက်ရှိတယ်၊ သူများတွေ ယုံကြည်လာအောင်လည်း သက်သေပြနိုင်တယ်၊ ဒီထက်ပိုကောင်းတဲ့ အလုပ်ကိုလည်း လုပ်ကိုင်ချင်တယ်ဆိုရင်တော့ ရာထူးတိုးပေးဖို့ တောင်းဆိုဆွေးနွေးကြည့်ပါ။ ရာထူးတိုးသွားတဲ့အခါမှာ လစာနဲ့ တခြားအကျိုးခံစားခွင့်တွေလည်း အလိုအလျောက်တိုးသွားပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အလုပ်မှာ စီနီယာရာထူးတွေခေါ်ယူနေပြီး ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်တယ်ဆိုရင် အဲဒီရာထူးအတွက်လျှောက်ကြည့်လိုက်ပါ။
ဒီနှစ်ထဲမှာ အခုလက်ရှိအလုပ်နဲ့လစာထက် ပိုကောင်းတဲ့အလုပ်တွေကို သိချင်တယ်ဆိုရင်လည်း www.jobnet.com.mm မှာ အခွင့်အလမ်းအသစ်တွေကို ရှာဖွေလိုက်နိုင်ပါတယ်။