5th November, 2018

ဖုန်းနဲ့ဖြေရမယ့် အလုပ်အင်တာဗျူးမှာ ဒီလိုပြင်ဆင်ပါ

CV ကောင်းကောင်းတစ်စောင်ကိုလည်း သေသေချာချာ ပြင်ဆင်ပြီးသွားပြီ၊ ကိုယ့်ရဲ့ ဆိုရှယ်အကောင့်တွေမှာလည်း အလုပ်နဲ့ပတ်သက်တာတွေကိုပါ ဖြည့်စွက်ထားပြီးပြီ။ JobNet ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ကုမ္ပဏီတွေထံမှာ အလုပ်လျှောက်ထားပြီးပြီဆိုရင်တော့ ကုမ္ပဏီဘက်ကနေ ကိုယ့်ကို အလုပ်အင်တာဗျူးဖြေဖို့အတွက် ခေါ်လာမယ့်ဖုန်းကို စောင့်နေရုံပါပဲ။ တချို့သောကုမ္ပဏီတွေက အလုပ်အင်တာဗျူးကို ဖုန်းထဲကနေ အကြမ်းမျဉ်း ပြုလုပ်လေ့ရှိကြပါတယ်။ အဲ့ဒီမှာ အဆင်ပြေသွားရင်တော့ ဒုတိယအကြိမ် လူချင်းတွေ့ဆုံ အင်တာဗျူးပြီး အလုပ်ခန့်တာမျိုးလည်း ရှိပါတယ်။ အိမ်ကနေ ဖုန်းနဲ့ဖြေရတဲ့ အင်တာဗျူးတွေကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

(၁) ပြင်ဆင်မှု

ဖုန်းအင်တာဗျူး မစခင် မိနစ်အနည်ငယ်လောက် ကြိုတင်ပြင်ဆင်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ကို အားတက်စေမယ့် စကားတွေရွတ်ကြည့်တာ၊ အသက်ဝဝရှုတာနဲ့ ရေအနည်းငယ်လောက်သောက်ထားခြင်းက လူတွေ့အင်တာဗျူးဖြေရသလိုမျိုးပဲ ပြင်ဆင်ထားသင့်ပါတယ်။ ဗီဒီယိုဖွင့်ပြီး အွန်လိုင်းပေါ်ကနေ အင်တာဗျူးတာမျိုးဆိုရင် ကင်မရာနဲ့ မိုက်ခရိုဖုန်း အဆင်ပြေနေအောင်လည်း စစ်ဆေးထားပါဦး။ ဖုန်းနဲ့ဆိုရင်တော့ ဖုန်းအားကုန်တာ၊ လိုင်းမမိတာမျိုး မဖြစ်အောင် ပြင်ဆင်ထားပါ။ တစ်ခုခုပြောရင် လက်ကလိုက်ရေးမှတ်တတ်တဲ့အကျင့်ရှိတယ်ဆို စာရွက်နဲ့ဘော့ပင် ဒါမှမဟုတ် ကွန်ပျူတာမှာ note pad လေး ဖွင့်ထားပြီး ပြင်ဆင်ထားသင့်ပါတယ်။

 

(၂) အောင်မြင်မှုအတွက် ဝတ်စားဆင်ယင်မှု

အိမ်ကနေ ဖြေရမယ့် အင်တာဗျူးပဲ … ဘာဝတ်ဝတ်ပေါ့လို့ စိတ်က တွေးမိကြမယ်ထင်ပါတယ်။ အလုပ်အင်တာဗျူးကို ယောဂကျင့်တဲ့ဝတ်စုံ ဒါမှမဟုတ် ညအိပ်ဝတ်စုံနဲ့ ဖြေဖို့ မစဉ်းစားပါနဲ့။ အပြင် အင်တာဗျူးမှာ ဖြေသလိုမျိုး ဝတ်ကြည့်လိုက်ပါ။ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်လိုက်တာနဲ့ စိတ်ခံစားချက်ကပါ ပြောင်းသွားပါလိမ့်မယ်။ ခေါင်းထဲမှာ အလုပ်နဲ့ဆက်စပ်တာတွေ တွေးမိလာပြီး စိတ်ကလည်း အလုပ်အပေါ် အာရုံစိုက်မိသွားမှာဖြစ်ပါတယ်။

 

(၃) တိတ်ဆိတ်တဲ့နေရာဖြစ်ပါစေ

ဖုန်းပြောနေတဲ့အချိန်မှာ အနှောင့်အယှက်ဖြစ်စေမယ့် အရာအားလုံးကို သင့်အနေနဲ့ လိုလားမှာ မဟုတ်ပါဘူး။ ဘေးကနေ ဆူညံနေမယ့် အသံတွေကလည်း သင့်အလုပ်အင်တာဗျူးအတွက် အဖျက်တွေပါပဲ။ ဒါကြောင့်မို့လို့ တိတ်ဆိတ်တဲ့နေရာက အလွန်အမင်းကို အရေးကြီးပါတယ်။ ဆူညံတဲ့နေရာတွေက သင့်ကိုရော သင့်ကိုအင်တာဗျူးမယ့်လူကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေလို့ ဆူညံသံတွေကြားထဲကနေ အင်တာဗျူးမယ့်လူကို ပြန်ဖြေတာက ပရော်ဖက်ရှင်နယ်မဆန်ရာရောက်သွားနိုင်ပါတယ်။ အရမ်းဆူတဲ့နေရာကိုရောက်နေတုန်း အလုပ်အတွက် ဖုန်းအင်တာဗျူးလုပ်မယ့်ဖုန်း ဝင်လာရင် တစ်ဖက်ကိုခွင့်တောင်းပြီး နေရာပြောင်း ဖြေသင့်ပါတယ်။

 

ယနေ့ခေတ်ဟာ နည်းပညာအသုံးပြုမှု အားကောင်းလာချိန်မို့လို့ အလုပ်အင်တာဗျူးတွေကို ပြုလုပ်တဲ့အခါ ဖုန်း သို့မဟုတ် အင်တာနက်ဗီဒီယိုကတစ်ဆင့် အကြမ်းမျဉ်း မေးမြန်းမှုတွေ ပြုလုပ်နေကြပါတယ်။ ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေကို လက်မလွှတ်လိုက်ပါနဲ့။ အလုပ်အကိုင်ကောင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ www.jobnet.com.mm မှာ ဝင်ရောက်လေ့လာပြီး အကောင်းဆုံးအလုပ်အကိုင်တစ်ခုကို ခုပဲ လျှောက်ထားလိုက်ပါ။