17th August, 2018

အင်ဂျင်နီယာတွေအတွက် ကျင့်ဝတ်ကဘာကြောင့်အရေးကြီးသလဲ

“ကျောင်းတွေမှာလည်းဒီ ethics နဲ့ပတ်သက်တာတွေကို သေသေချာချာ အရေးတကြီး သင်ဖို့လိုပါတယ်။ ကျောင်းတွေမှာ text book ထဲကဟာဆိုရင် သူများရဲ့ case ဆိုတော့ ကိုယ့်ရဲ့ရင်ထဲကိုမရောက်ပါဘူး”  ဦးစောထွေးဇော်
 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်က JobNet ရဲ့ Technology and Engineering Career Conference မှာ အင်ဂျင်နီယာနယ်ပယ်နဲ့ပတ်သက်လို့ အဲဒီနယ်ပယ်က ပညာရှင်တွေက တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အင်ဂျင်နီယာနယ်ပယ်အတွက် အရေးကြီးလှတဲ့ ကျင့်ဝတ်နဲ့ပတ်သတ်ပြီး
The Importance Of Ethics for Engineers ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးမှုလည်း ပါဝင်ခဲ့ပြီးဒီဆွေးနွေးပွဲမှာ
တော့ ပညာရှင်တွေရဲ့တန်ဖိုးရှိတဲ့အမြင်တွေကို လူပေါင်းများစွာက စိတ်ဝင်တစားနားထောင်ခဲ့ကြပါတယ်။
ဒီအထဲကမှပညာရှင်တွေသုံးသပ်ပြတဲ့ Engineering Ethics နဲ့ပတ်သက်ပြီးဆွေးနွေးထားချက်တချို့ကို စုစည်းဝေမျှပေးလိုက်ပါတယ်။

 

ဦးကျော်ဦး - Electrical / Instrument HVAC Engineer, EI Engineering - Oil and Gas Company

 

Ethic နှင့်ပတ်သတ်၍သုံးသပ်ချက်

Ethics ထဲမှာ ဘာကိုရေးထားလဲဆိုတော့ မိမိလုပ်တဲ့အလုပ်မှာ confidence ရှိရမယ်ပေါ့လေ။ ကျွမ်းကျင်တတ်မြောက်ရမယ်ပေါ့လေ။ အဓိကပြဿနာကဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံက ပညာရေးစနစ်နဲ့ပေါင်းပြီးပေါ့လေ ကျောင်းပြီးသော်ငြားလည်း တချို့တွေက ဒီ Field မှာ သိပ်ပြီး မကျွမ်းကျင်ဘူးပေါ့ ။ နောက်ပိုင်းတော့ Internship တို့ဘာတို့လာရင်တော့ သူတို့အနေနဲ့ဒါ သူတို့ရဲ့ Competencyကတော့ တက်လာမှာပေါ့လေ။ ကျွမ်းကျင်မှုတွေကတက်လာမယ်။

အင်ဂျင်နီယာမျိုးဆက်သစ်အတွက် အစီအစဉ်

တကယ်လို့ ကျွန်တော်တို့ဆီမှာသာ General Specification ရှိမယ်ဆိုလိုရှိရင် Transformer တစ်လုံးကို ဘယ်လိုတပ်ရမယ် ဘယ်လိုဆောက်ရမယ် အဲဒါတွေကို ကျွန်တော်တို့ကဆောက်တယ်။ အဲဒီတော့ Contractor ကဆောက်လိုက်တယ်။ ဆောက်ပြီးတဲ့အချိန်မှာ  third party လာစစ်မယ်။ Third party ကလည်း မင်းတို့ဒီလိုဆောက်လို့မရဘူး ဒီလိုဆောက်ရမယ် ဘာညာအဲဒီလိုမျိုးဆိုရင် သူ့ရဲ့ Specification အတိုင်းဖြစ်သွားတယ်ဆိုရင် ကျွန်တော်တို့ဒီပြဿနာတွေက မရှိတော့ဘူးပေါ့။ အဲဒီပြဿနာတွေကိုလည်း ပြေလည်အောင်ကိုက ခါးပြတ်သွားတဲ့မျိုးဆက်တစ်ခုအတွက်ကတော့ ကျွန်တော်တို့ အင်ဂျင်နီယာ အသင်းတွေကလည်း အခုစပြီးလုပ်နေပါပြီ။ Third party တို့ specification တွေရေးတာတို့ပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အရင်ခေတ်ကလည်း ပြီးအောင်လုပ်ရမယ်ဆိုတဲ့အရာမျိုးတွေရှိခဲ့တော့ တစ်ယောက်ကဒီလိုလုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အချိန်မှာ အင်ဂျင်နီယာမတတ်တဲ့သူက ဒါမျိုးလုပ်လိုက်ရင် မကောင်းဘူးလားပြောလိုက်ရင် သူတို့ပြန်မပြောရဲ့တော့ဘူး။ တဖြည်းဖြည်းနဲ့တော့ အခုချိန်မှာ Social media တွေကလည်း အားကောင်းလာတယ်။ နောက်အဖွဲ့အစည်းတွေကလည်း အားကောင်းလာတယ်ဆိုတော့ ဒါတွေကပျောက်ကသွားမှာပါ။

ဦးလေးညွှန့် - Deputy Department Head, Fukken Myanmar

Ethic နှင့်ပတ်သတ်၍သုံးသပ်ချက်
 

Ethic ကိုပြောရမယ်ဆိုရင်တော့ အင်ဂျင်နီယာဖြစ်လာပြီးရင်တော့ ခုနကပြောတဲ့ အင်ဂျင်နီယာသိက္ခာ ကတော့ရှိရမယ်ပေါ့။ အင်ဂျင်နီယာက အင်ဂျင်နီယာပီပီသသ အင်ဂျင်နီယာ အတွေးအခေါ်နဲ့ လုပ်ရမှာပေါ့နော်။ သဘောကစီးပွားရေးသမား စီးပွားရေးဆန်ဆန် စဉ်းစားတဲ့ဟာမျိုး ကုန်သည်စဉ်းစားသလိုမျိုးတော့ မဟုတ်ဘူးလေ။

အင်ဂျင်နီယာရဲ့ သဘောတရားကတော့ ခုနကလိုမျိုး ကိုယ်ဆောက်လုပ်လိုက်တဲ့ အဆောက်အဦးပဲဖြစ်ဖြစ် တံတားပဲဖြစ်ဖြစ် ဆည်မြောင်းတာတမံပဲဖြစ်ဖြစ် အကုန်လုံးကို ပတ်ဝန်းကျင်လည်း ဘေးကင်းရမယ်။ အကုန်လုံး အစစအရာရာနေရာတိုင်းမှာ စီးပွားရေးတွက်ခြေကိုက်တာ မကိုက်တာထက် ခိုင်ခံ့မှု Safety ဖြစ်တယ်ဆိုတဲ့ ဟာကို ဦးစားပေးပြီး စဉ်းစားရမှာပေါ့။

တွက်ချက်ကတည်းက စဉ်းစာစရာတွေက Safety ကိုပါ Safety ဆိုတာ ပတ်ဝန်းကျင်တစ်ခုတည်းမဟုတ်ဘူး အဆောက်အဦးဆောက်တဲ့အတွက် ပတ်ဝန်းကျင်မှာ ဘယ်လိုထိခိုက်မလဲ ကျန်းမာရေးရှုထောင့်ကရှိမယ် လူမှုရေးရှုထောင့်ကရှိမယ်။ တချို့က ကိုယ်ဆောက်လိုက်တဲ့ အဆောက်အဦးဟာ တစ်နေရာတည်းမှာတော့ ဘာမှမဖြစ်ပေမဲ့ ရေရှည်စဉ်းစားလိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတဲ့ အရာတွေကိုတော့ ထည့်စဉ်းစားရမယ်။

လက်သမားဖြစ်ပါစေ ပန်းရံဆရာကြီးဖြစ်ပါစေ ဟိုးတုန်းက သူတို့သိက္ခာနဲ့ သူတို့ရှိကြတယ်။ သူ့တပည့်တွေဆိုရင်လည်း အဲဒီလက်သမားဆရာကြီးဆိုရင် တကယ့်ဘုရားတစ်ဆူပဲ။ ပညာသင်ပေးတယ် တဖြည်းဖြည်းသင်ပေးတယ်။ ၃ ၄ ၅ နှစ်သင်ပေးပြီးခါမှ လက်လွှဲတယ်။ အခုကတော့ တဖြည်းဖြည်းနဲ့စာရိတ္တတွေက ယိုယွင်းလာပြီးတော့ လက်သမားဆရာကြီးကလည်း သူ့ပညာတွေကို လျှိုလာတဲ့သဘောဖြစ်လာတယ်။ ပန်းရံဆရာကလည်း လျှိုလာတဲ့သဘောပေါ့။ အဲဒီသဘောမျိုး တကယ့်အနှစ်သာရတွေမပြည့်စုံတော့ဘူးပေါ့။ အင်ဂျင်နီယာဆိုလည်း သူ့သိက္ခာနဲ့သူ သွားနေပြီးသား။ ပန်းရံဆရာလဲ ပန်းရံဆရာကြီး သူ့သိက္ခာနဲ့သူပဲ။

သူငယ်တန်းကတည်းက ပြည်သူ့နီတိဆိုတာသင်တယ်။ အခုကျတော့ အကုန်လုံးက ဖရိုဖရဲတွေဖြစ်သွားတာ အခုမှပြန်ပြီးတည့်မတ်တဲ့အချိန်ဖြစ်နေတော့ အဲဒါကိုလည်း လိုက်နာရကောင်းမှန်းလဲမသိတာတွေလည်း ရှိတယ်။ တချို့ကတော့ လိုက်နာရမယ်မှန်းသိရဲ့သားနဲ့ ရေစုန်မြောနေတာပေါ့။ အဲဒါတွေကို အိမ်နီးနားချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်လိုက်တော့ မြန်မာပြည်မှာ မြန်မာလူမျိုးတွေနောက်ကျကျန်ခဲ့တာ အဲဒီအချက်ပဲ။ အဲဒါကြောင့် ethic က အရေးကြီးတယ်။ ကိုယ်ကျင့်သိက္ခာပေါ့ ကိုယ်တတ်တဲ့ပညာကို ထိထိရောက်ရောက်အသုံးချရမှာပေါ့လေ။ သိတဲ့လူက မဟုတ်တာလုပ်တာပိုဆိုးတာပေါ့။  သူများမသိအောင် ဘယ်လိုလိမ်ရမလဲဆိုတာကို သူကသိနေပြီးသားဖြစ်နေတယ်လေ။

 

ဦးစောထွေးဇော် - Joint Secretary, Myanmar Engineering Society

Ethic နှင့်ပတ်သတ်၍သုံးသပ်ချက်
ကိုဓလို့ မြန်မာလိုပြန်ထားတာ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းကို code လို့ပြောတာပေါ့။ နောက်တစ်ဖက်က ethic ဆိုတာကတော့ ဘာပြောလဲဆိုတော့ code ဆိုတာက ခြံစည်းရိုးရဲ့ အပြင်ဘက်က တိုင်တွေက စည်းနဲ့ကမ်းနဲ့ Frame ပေးတဲ့ဟာကို code လို့ခေါ်တာပေါ့ ethic ကျတော့ အတွင်းစည်းပေါ့နော်။ ကိုယ့်ရဲ့လူတစ်ဦးချင်းစီရဲ့ သီလပေါ့။ ဒီအင်ဂျင်နီယာတွေမှာလည်း ဘယ်လိုမျိုး သီလထားရမလဲပေါ့။ စည်းမျဉ်းစည်းကမ်းရှိတာတော့မှန်တယ် ဒါပေမဲ့လည်း ကိုယ်ကို၌ကိုယ်က ကိုယ့်ရဲ့ခံယူချက်နဲ့ ဘယ်စည်းဆိုတဲ့ဟာကို ကိုယ့်ရဲ့ခံယူချက်နဲ့ထားပြီးတော့ တစ်ဦးချင်းဆီက ဘောင်မကျော်ခဲ့ဘူးဆိုရင် society မှာလည်း အမှားအယွင်းနည်းတယ်ဆိုတဲ့ဟာကို code of ethics ကိုသွားတာမျိုးလို့ ထင်ပါတယ်။

စည်းကမ်းပျက်လို့ရှိရင် ဥပဒေနဲ့တရားစွဲလို့ ရတယ် အရေးယူလို့ရတယ်။ သီလပျက်တာကျတော့ တရားဥပဒေနဲ့ အရေးယူလို့မရဘူး။ ကျွန်တော်ခုနကပြောခဲ့သလိုပဲ စောစောက လုပ်ငန်းတစ်ခုကို ကျွန်တော်က ကိုင်ထားတယ်။ တခြားလူကိုလွှဲပေးရမယ် ဒါပေမဲ့ ကျွန်တော်က မလွှဲပေးဘူး ကိုင်ထားတယ်ဆိုလို့ရှိရင် ဟုတ်တယ်ဆိုရင် ကျွန်တော့်ကို တရားစွဲလို့ရတယ်။ မဟုတ်ဘဲနဲ့တော့ တရားစွဲလို့မရဘူး။ အဲဒါကကျတော့ သီလပေါ့။ စောစောက လမ်းပြင်တာလည်းပဲ အဲဒါမျိုးပဲ။ လမ်းပြင်တဲ့ဟာကို ဒီနေရာမှာကျွန်တော်တို့က ကျောက်ဘယ်လောက်ထည့်ရမယ်။ ဘာထည့်ရမယ် အဲဒီဟာနဲ့ကိုက်နေသ၍ကတော့ ဒီလမ်းကိုကောင်းအောင်လုပ်လည်း ရတယ် မကောင်းအောင်လုပ်လဲရတယ်။ အဲဒါကတော့ လူတစ်ဦးချင်းစီရဲ့သီလအပေါ်မှာ မူတည်တယ်။ အဲဒါကြောင့် သီလဆိုတဲ့အရာက အရေးကြီးတယ်ဆိုတဲ့ ethic ကို ကျွန်တော်တို့ဆီမှာ အလေးထားဖို့လိုတယ် အရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။

ကျွန်တော် ဖြတ်သန်းခဲ့ရတာလေးနဲ့ပြောရလို့ရှိရင် ၈၅ လောက်မှာ ကျောင်းပြီးပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဆီမှာ အစိုးရလုပ်ငန်းပဲရှိတယ်။ ပြင်ပလုပ်ငန်းဆိုတာက ခပ်ရှားရှားပါ။ ခပ်ရှားရှားဆိုတော့ တော်တော်များများက အစိုးရအလုပ်ပဲလုပ်တယ်။ အစိုးရအလုပ်ပဲလုပ်ပြီးတော့ ဘ၀ကိုရပ်တည်ရတာပေါ့ ။ အဲဒီအချိန်တုန်းက ပြင်ပကအကျိုးစီးပွားတွေ သိပ်မများသေးတဲ့အတွက်ကြောင့် လောဘကနည်းတယ်လို့ ပြောရမယ်။

အဲဒီအချိန်တုန်းက စံပြကောင်းကောင်းတွေရှိခဲ့ဖူးတယ်။ ရှိခဲ့တော့ ဘာပဲပြောပြော ကျွန်တော်တို့ အားကျအတုယူစရာလူတွေ ကျောင်းတွေမှာဆိုလည်း ဆရာကြီးဦးလှငယ်တို့ဘာတို့ဆိုရင် တကယ်ကို နမူနာကောင်းကောင်းနဲ့ ဆရာကြီးတွေ ပေါ့နော်။ အဲလိုဆရာကြီးတွေကို အားကျတယ် ကိုယ့်ဆီမှာလည်း role model ကောင်းကောင်းတွေရှိတယ်ဆိုတော့ လူကအဲဒီဘက်ကို အလိုလိုနေရင်းရောက် သွားတာရှိတာပေါ့။ ဒါက ကျွန်တော်တို့ရဲ့ mental setting ပေါ့။

နောက်တစ်ချက်ကလည်း ကျောင်းတွေမှာလည်း ဒီ ethic နဲ့ပတ်သက်တာတွေကို သေသေချာချာ အရေးတကြီး သင်ဖို့လိုပါတယ်။ ကျောင်းတွေမှာ text book ထဲကဟာဆိုရင် သူများရဲ့ case ဆိုတော့ ကိုယ့်ရဲ့ရင်ထဲကို မရောက်ပါဘူး။ အဲဒီတော့ ကိုယ့်တိုင်းပြည်မှာဖြစ်နေတဲ့ဟာကိုပဲ ပြတော့မှ ကိုယ့်ရင်ထဲကိုရောက်တာပါ။ အဲဒါမျိုးကိုပဲ ကျောင်းမှာသင်ပေးတယ်ဆိုရင် ethic ဘက်ကိုပိုပြီးတော့ ဂရုစိုက်တာလေးတွေ ထွက်လာမှာပေါ့။

သင်နဲ့သင့်တော်မယ့် အင်ဂျင်နီယာအလုပ်အကိုင်အခွင့်အလမ်းတွေကို ဒီလင့်လေးမှာ ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။