2nd December, 2020
အနာဂတ်မှာဖြစ်ပေါ်လာမယ့်အလုပ်အကိုင်တွေအတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ
Share
Blog Link Copied
အခု ၂၀၂၀ မှာဖြစ်ပေါ်ခဲ့တဲ့ကျန်းမာရေးပြဿနာတွေနဲ့ သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဟာ မျက်မှောက်ကာလရဲ့အကြီးမားဆုံးစိန်ခေါ်မှုပဲဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုဟာ လူ့အသိုင်းအဝိုင်းထဲမှာရှိတဲ့တစ်ဦးတစ်ယောက်ချင်းစီအပေါ် အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုလည်း လှုပ်ကိုင်ခဲ့သလို စီးပွားရေးကဏ္ဍတစ်ခုချင်းစီကိုလည်း ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီလိုမျိုး ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုတွေနဲ့အတူ လူအစားထိုးအလိုအလျောက်လုပ်ဆောင်လို့ရတဲ့အဆင့်မြင့်နည်းပညာတွေ တိုးတက်လာမှုကြောင့် အရင်နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်ပိုင်းအတွင်းမှာအလုပ်အကိုင်ဆုံးရှုံးမှုတွေကို ပိုပြီးရင်ဆိုင်လာရပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့လေ့လာခန့်မှန်းချက်တွေအရ စဉ်ဆက်မပြတ်နည်းပညာတိုးတက်လာမှုကြောင့် ဒီလိုမျိုးအဖြစ်အပျက်ဟာ ရှေ့ဆက်ပြီးဖြစ်လာနိုင်ပါတယ်။
World Economic Forum ရဲ့လေ့လာချက်တစ်ခုအရ လူသား၊ စက်နဲ့ AI နည်းပညာတွေကြားမှာ လုပ်အားခွဲဝေမှုနဲ့ပတ်သက်ပြီး လက်ရှိဖြစ်နေတဲ့ပြောင်းလဲမှုဟာ နောင် ၅ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အလုပ်အကိုင်ပေါင်း ၈၅ သန်းခန့်ကို အစားထိုးဖယ်ရှားလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါမှမဟုတ် နည်းပညာပြောင်းလဲမှုတွေအတူ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်လိုက်တဲ့ အလုပ်အကိုင်အသစ်ပေါင်း ၉၇ သန်းခန့် ထွက်ပေါ်လာနိုင်တယ်လို့ဆိုထားပါတယ်။
ဒါဆို အဲဒီလိုပြောင်းလဲလာနိုင်တဲ့အနာဂတ်အတွက် မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စိန်ခေါ်မှုတွေအတွက်ပြင်ဆင်ထားပါ
မိမိလုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းကဏ္ဍ ဒါမှမဟုတ် အလုပ်အကိုင်နယ်ပယ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေ့ကို သေချာစဉ်းစားကြည့်ပါ။ သိသာမြင်သာတဲ့ဥပမာကိုပြရမယ်ဆိုရင် အခုနှစ်အတွင်းမှာ ဖြစ်ပွားနေတဲ့ကျန်းမာရေးစိန်ခေါ်မှုတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီလုပ်ငန်းတော်တော်များများမှာ နည်းပညာကိုအသုံးပြုပြီး လုပ်ငန်းလည်ပတ်မှုစနစ်တွေကို ပြောင်းလဲခဲ့ပါတယ်။ အဲဒါကြောင့် မိမိနဲ့သက်ဆိုင်တဲ့နယ်ပယ်မှာရှိတဲ့ဆော့ဖ်ဝဲလ်နည်းပညာအသစ်တွေ ဒါမှမဟုတ် လုပ်ငန်းခွင်အလေ့အထအသစ်တွေနဲ့ အလားအလာအသစ်တွေကို မျက်ခြေမပျက်ပါစေနဲ့။ ပြောင်းလဲမှုတွေကိုအမြဲတမ်းအမီလိုက်နိုင်ဖို့အတွက်လည်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဂျာနယ်တွေ၊ အစီရင်ခံစာတွေကိုဖတ်ရှုလေ့လာတာ၊ Podcast တွေနားထောင်တာ ဒါမှမဟုတ် Online course တွေ webinar တွေမှာလေ့လာသင်ယူပါ။
၂။ လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးတွေကို တိုးတက်အောင်ပြုလုပ်ပါ
ယှဉ်ပြိုင်မှုများတဲ့အလုပ်အကိုင်ဈေးကွက်ထဲမှာ မိမိမှာရှိတဲ့လုပ်ငန်းအရည်အချင်းအတိုင်း တခြားသူတွေမှာလည်းရှိနေတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ခုတည်းသောနည်းလမ်းက မိမိရဲ့လုပ်ငန်းကဏ္ဍနဲ့ဆက်စပ်နေတဲ့နယ်ပယ်တွေမှာရှိတဲ့အရည်အသွေးတွေကို တိုးတက်အောင်ပြုလုပ်ထားပါ။
၃။ လိုက်လျောညီထွေရှိအောင်လေ့ကျင့်ပါ
မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ လုပ်ငန်းခွင့်အလေ့အထအသစ်တွေကို ပိုပြီးလိုက်လျောညီထွေရှိလုပ်နိုင်လေလေ ဒါမှမဟုတ် အသစ်အသစ်သောအရည်အချင်းတွေကို လေ့လာလိုစိတ်ပိုများလေလေ မိမိအတွက်ပိုကောင်းလေလေပါပဲ။ အဲဒါကြောင့် မိမိကိုယ် သက်သောင့်သက်သာဖြစ်စေတဲ့နေရာကနေ တွန်းထုတ်နိုင်တဲ့အခွင့်အလမ်းအသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေကိုမဆို အမြဲတမ်းကြိုဆိုနေပါ။
၎။ Soft-skills တွေကို တိုးတက်စေမယ့်နည်းလမ်းတွေရှာဖွေပါ
အလုပ်နဲ့ဆက်စပ်တဲ့အရည်အချင်းတွေနဲ့မတူတဲ့ Soft-skill တွေကတော့ လူတိုင်းတတ်မြောက်နိုင်တဲ့အရာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေဟာ လူတွေရဲ့ပင်ကိုယ်ဗီဇကလာတဲ့ soft-skills တွေကို အတုခိုးလို့မရနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်ချင်းစာနာစိတ်၊ အသင်းအဖွဲ့စိတ်၊ ဆက်သွယ်ပြောဆိုနိုင်မှု၊ ခေါင်းဆောင်မှုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ခြင်း အစရှိတဲ့ soft-skill တွေကိုဖွံဖြိုးအောင်ပြုလုပ်ပါ။ ဒီအရည်အသွေးတွေဟာ အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကိုပြောင်းတဲ့အခါမှာလည်း အမြဲတမ်းလိုအပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။
အားလုံးပဲ… ပြောင်းလဲလာမယ့်အနာဂတ်အတွက် မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို ပြောင်းလဲဖို့စဉ်းစားပြင်ဆင်နေတယ်ဆိုရင် အခုဆိုပဲ JobNet.com.mm ကိုဝင်ရောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ပြည်တွင်းကုမ္ပဏီတွေမှာ ခေါ်ယူနေတဲ့အလုပ်ကိုင်ကိုလေ့လာလိုက်ပါ။
ဆက်လက်ဖတ်ရှုရန် >>> နယ်ပယ်တစ်ခုတည်းမှာပဲကျွမ်းကျင်တဲ့သူတွေက အနာဂတ်မှာအလုပ်ရဖို့လွယ်ပါ့မလား