3rd May, 2018
အလုပ်ထဲမှာ “Sorry” တစ်ခွန်း အလွန်အကျွံမပြောဖြစ်အောင်
Share
Blog Link Copied
အမှားတစ်ခုခုလုပ်မိတိုင်း Sorry လို့ပြောတတ်တဲ့အကျင့်က ယဉ်ကျေးရာရောက်ပါတယ်။ ဒါပေမဲ့ အလုပ်ထဲမှာ ခဏခဏ Sorry ပြောနေရရင်တော့ကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။ ချမှတ်ထားတဲ့အလုပ်တာဝန်တွေ မပြီးလို့ Sorry ပြောပြီး တောင်းပန်နေရတာကတော့ အဆိုးဆုံးပါပဲ။ အထူးသဖြင့်တော့ လက်ရှိနေရာထက် ပိုမြင့်မားတဲ့နေရာကို ရဖို့အတွက် Sorry ပြောနေရတာတွေ လွတ်မြောက်အောင် ရုန်းထွက်ဖို့လိုအပ်ပါတယ်။ ပြီးတော့ မပြောသင့်တဲ့ Sorry တွေကိုလည်း မပြောဖို့ လိုပါသေးတယ်။
(၁) Sorry ပြောစရာမလိုတဲ့အချိန်
ကိုယ့်ဘက်က ရည်ရွယ်ချက်မပါဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတဲ့ကိစ္စတွေမှာတောင် တာဝန်ယူစိတ်နဲ့ တောင်းပန်ရတယ် ဆိုရင်တောင် တချို့တွေက လိုတာထက်ပိုပြီး Sorry ချင်းထပ်အောင်ပြောလေ့ရှိကြတယ်။ ကိုယ့်အမှားမဟုတ်တဲ့ ကိစ္စတွေမှာ Sorry ပြောစရာမလိုပါဘူး။ လူတွေ ကိုယ့်ကိုသဘောမကျတော့မှာကြောက်ပြီး Sorry ခဏခဏပြောနေရရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်။ သူများတွေသဘောမကျလည်း ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူဆိုတာ ကိုယ့်အမှားမဟုတ်တဲ့ကိစ္စတွေကို လိုက်တောင်းနေဖို့ မလိုပါဘူး။ ဥပမာပြောရရင် ပရင်တာပျက်နေလို့ ၊ တောင်းဆိုစရာရှိတဲ့ အလုပ်ကိစ္စကို တောင်းဆိုရလို့ Sorry ပြောနေရရင် ကိုယ့်ရဲ့ဖြစ်တည်မှုက သေးငယ်တယ်လို့ တစ်ဖက်က မြင်သွားနိုင်ပါတယ်။
(၂) ဘယ်လိုအခြေအနေမှာ Sorry ပြောဖို့လိုလဲ
တောင်းပန်စကားဆိုရမယ့် အခြေအနေတွေ ရှိလာတဲ့အခါမှာလည်း မှန်ကန်တဲ့နည်းနဲ့ တောင်းပန်ရပါမယ်။ ကိုယ့်ဘက်က မကောင်းတဲ့အရာတစ်ခုခု လုပ်မိတဲ့အတွက် နောင်တရမိတယ်ဆိုရင် တောင်းပန်လိုက်ပါ။ ဒေါသတကြီးပြုမူမိတာတွေ၊ အစည်းအဝေးနောက်ကျတာတွေ၊ အလုပ်ကို အချိန်မီ မပြီးတာတွေလိုမျိုး ကိုယ့်ဘက်က မှားသွားတာတွေကို အလေးအနက်ထားပြီး တောင်းပန်သင့်ပါတယ်။ Sorry လို့ လွယ်လွယ်မတောင်းပန်ရပါဘူး။ တောင်းပန်တဲ့ ဖော်မြူလာလေးလည်း ရှိသေးတယ်။ တောင်းပန်၊ အသိပေး၊ ရှင်းပြ ၊ တာဝန်ယူဆောင်ရွက် ဆိုတဲ့ အဆင့်လေးဆင့်နဲ့ တောင်းပန်ရပါတယ်။ ပထမဆုံး တောင်းပန်ပါ။ ဒုတိယက ကိုယ့်ရဲ့အမှားက ဘယ်လိုသက်ရောက်မှုဖြစ်စေတယ်ဆိုတာ သိတဲ့အကြောင်း ပြောပြပါ။ တတိယအနေနဲ့က ဘာကြောင့် ဒီလိုတွေဖြစ်သွားရတယ်ဆိုတာကို ဆင်ခြေပေးတာမဟုတ်ဘဲ ရှင်းပြပါ။ နောက်ဆုံးအဆင့်ကတော့ ကိုယ်လုပ်ခဲ့တဲ့အမှားအတွက် ဘယ်လိုတာဝန်ယူဖြေရှင်းမယ်ဆိုတာကိုပါ တစ်ခါတည်း ပြောပြပြီး ပြောတဲ့အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(၃) Sorry အစား တခြားဘာပြောသင့်လဲ
ကိုယ်မမှားတဲ့ ကိစ္စတွေမှာ Sorry ပြောစရာ မလိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ Sorry ပြောစရာအခြေအနေတွေ မြင်နေရရင်တော့ တခြားစကားကို ပြောနိုင်ပါတယ်။ အကောင်းဆုံးကတော့ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်တဲ့အကြောင်း ထုတ်ပြောပါ။ ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်မှု၊ နားလည်ပေးမှုတွေကို ကျေးဇူးတင်ကြောင်း ပြောပြလိုက်မယ်ဆိုရင် တစ်ဖက်လူက ပျော်ရွှင်သွားပါလိမ့်မယ်။ ဥပမာတစ်ခု ပြောရရင် ရုံးဆင်းချိန်နားနီးမှ ပေါ်လာတဲ့ အရေးပေါ်ကိစ္စကို ဖြေရှင်းခိုင်းရတာက ကိုယ့်အမှားမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ဘက်ကလည်း အဆင်မပြေဘူးဆိုတော့ ကိုယ်က အားနာရတယ်ဆိုရင် သူ့ကိုနားလည်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောပြလိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
(၄) ဘောင်ကျော်သွားတဲ့တောင်းပန်မှုတွေ မဖြစ်အောင်
တောင်းပန်ရတဲ့ အနေအထားမို့ တောင်းပန်ရတဲ့အခါ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကို တစ်ဖက်က ထိန်းချုပ်သွားတဲ့အဖြစ်မျိုး အရောက်မခံပါနဲ့။ ကိုယ်မှားတာက တစ်ကြိမ်တည်းပါ။ အသက်မွေးဝမ်းကြောင်းအလုပ်ကိုပါ ထိခိုက်သွားရင် အများကြီးနစ်နာရပါတယ်။ အလုပ်ထွက်လိုက်ရတယ် ဆိုရင်တောင် နောက်ထပ်ကုမ္ပဏီတစ်ခုမှာ အလုပ်ပြောင်းလျှောက်လို့ ရနိုင်ပါတယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကိုပါ ထိခိုက်သွားရင်တော့ သင်ယူလေ့လာခဲ့တာတွေ၊ အတွေ့အကြုံနဲ့ တတ်မြောက်ထားတဲ့ကျွမ်းကျင်မှုတွေဟာ ရေစုန်မျောသွားရနိုင်ပါတယ်။ အလုပ်အကိုင်အသစ်တွေကိုလည်း ထပ်မံရှာဖွေရတော့မှာပါ။
သင့်အရည်အချင်းနဲ့ကိုက်ညီမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို www.jobnet.com.mm မှာ အခုပဲ ၀င်ရောက်ရှာဖွေရယူလိုက်ပါ။