30th May, 2018

အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်ရာမှာ ကြန့်ကြာစေတဲ့အရာများ

အလုပ်စလုပ်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာက ဘယ်လိုလုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်မလဲဆိုတဲ့ အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်မှုပါ။ အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်တဲ့နေရာမှာ ကိုယ့်ရဲ့တတ်ကျွမ်းမှုနဲ့ ပင်ကိုယ်ဗီဇကို ချင့်ချိန်ပြီး ရွေးကြရပါတယ်။ ဒါမှသာ ကိုယ့်ဘဝတစ်လျှောက် ဇောက်ချလုပ်ကိုင်သွားမယ့် အသက်မွေးဝမ်းကြောင်းအလုပ်ကို သိနိုင်မှာဖြစ်ပါတယ်။ အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်ဖို့အတွက် အချက်အလက်တွေအများကြီး ထည့်သွင်းတွက်ချက်ပေမဲ့လည်း တိကျတဲ့ အလုပ်အကိုင်လမ်းကြောင်းကို မရွေးချယ်နိုင်သေးဘူးဆိုတာကတော့ အောက်ပါအချက်တွေကြောင့် ကြန့်ကြာနေရခြင်းဖြစ်ပါတယ်။

 

(၁) ကြောက်စိတ်

ကိုယ့်ရွေးချယ်မှုက မှားသွားမှာကြောက်နေတယ်။ ရွေးပြီးတော့မှ အလုပ်မဖြစ်မှာ၊ ကိုယ်သဘောမကျတော့မှာကို တွေးပြီးကြောက်နေတယ်။ ကိုယ့်အလုပ်ကလူတွေကရော ကိုယ့်ကိုသဘောကျပါ့မလားဆိုပြီး တွေးတောကြောက်လန့်နေတဲ့အခါ အလုပ်အကိုင်လမ်းကြောင်းရွေးဖို့ နှောင့်နှေးရပါတယ်။ ကြောက်စိတ်တွေကို တွန်းလှန်ပြီး စွန့်စားလိုတဲ့စိတ် ရှိနေမှ ပိုကောင်းတဲ့အခွင့်အလမ်းတွေကို ရရှိမှာဖြစ်ပါတယ်။

 

(၂) သက်ဆိုင်တဲ့ပညာရပ်ကိုမတတ်ကျွမ်းလို့

လုပ်ချင်တဲ့အလုပ်နဲ့ လုပ်တတ်တာနဲ့ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ကိုယ်တတ်မြောက်ထားတာတွေထဲမှာ အကျွမ်းကျင်ဆုံးက ဘာလဲဆိုတာကို သိနေဖို့အရေးကြီးပါတယ်။ ကိုယ်က နည်းပညာနယ်ပယ်ထဲကို ဝင်ချင်ပေမဲ့ သက်ဆိုင်တဲ့ ပညာရပ်ကို မတတ်ထားဘူးဆိုရင်လည်း အလုပ်ရဖို့ မဖြစ်နိုင်ပါဘူး။ အရင်ဆုံး ကိုယ့်ရဲ့စိတ်ပါဝင်စားမှုကိုသိပြီးမှ သက်ဆိုင်ရာပညာရပ်တွေကို သင်ယူလိုက်ပါဦး။

 

(၃) ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘူး

ကိုယ့်ဘဝ၊ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ်တတ်မြောက်ကျွမ်းကျင်မှုတွေကို ကိုယ်တိုင်ပဲ အသိဆုံးပါ။ ကိုယ့်ထက်ပိုပြီး ဘယ်သူကမှ မသိပါဘူး။ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်၊ စိတ်သဘောထားတွေကလည်း ထိုနည်းတူပါပဲ။ ဒါတွေက အလုပ်အကိုင်လမ်းကြောင်းရွေးဖို့အတွက် အဓိကကျဆုံးအချက်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်ဖို့အတွက် တစ်စုံတစ်ယောက်က ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပါနဲ့။ အကြံဉာဏ်၊ ဆွေးနွေးမှုတွေကို ရယူရုံလောက်ပဲ လုပ်သင့်ပါတယ်။

 

လုပ်ငန်းနယ်ပယ်တစ်ခုကို ဝင်ရောက်လိုက်ပြီးမှ ကိုယ့်ရဲ့တကယ့် အိပ်မက်နဲ့ လွဲချော်နေတာမျိုးကလည်း ဖြစ်တတ်ပါတယ်။ နယ်ပယ်တစ်ခုမှာ လုပ်နေရင်း တဖြည်းဖြည်းနဲ့ ငြီးငွေ့လာပြီး ကိုယ်တကယ်စိတ်ပါဝင်စားတဲ့ အလုပ်ကို ပြန်ရှာတွေ့တာမျိုးလည်း ရှိတတ်တာမို့ လုပ်ငန်းနယ်ပယ်တစ်ခုထဲကို မဝင်ရောက်ခင်မှာ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။