17th May, 2019

အလုပ်ရှာဖွေနေသူတွေဆီမှာ ရှိသင့်တဲ့အရည်အချင်း ၇ ခု

ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ဘာပဲဖြစ်ဖြစ် အဲဒီလမ်းကြောင်းတိုးတက်ဖို့ဆိုရင် သူနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာပဲ ကျွမ်းကျင်ပိုင်နိုင်နေလို့ မရတော့ပါဘူး။ မျက်မှောက်မြန်မာနိုင်ငံမှာလည်း အရာရာတိုင်းက လျင်မြန်စွာပြောင်းလဲနေပါတယ်။ ဥပမာပြောရမယ်ဆိုရင် အားကောင်းတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် စီးပွားရေးလုပ်ငန်းစဉ်တွေဟာ အရင်ကထက် ပိုပြီးရှုပ်ထွေးလာတယ်။ သတင်းအချက်အလက်စီးဆင်းမှုတွေကလည်း ပိုပြီးမြန်ဆန်လာပါတယ်။ နောက်ပြီး လူတွေကြားမှာဆိုရင်လည်း အလုပ်နဲ့ ဆက်သွယ်ရေးအလေ့အထတွေဟာ ပိုပြီးတော့စိန်ခေါ်မှုတွေ များလာပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ စံနှုန်းတစ်ခုတည်းနဲ့ မပြောင်းလဲတဲ့တာဝန်တွေကို လုပ်ငန်းတစ်ခုတည်းအတွက် လုပ်ဆောင်နေခဲ့ရပေမဲ့လည်း အခုဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းတွေဟာ တစ်နှစ်ထက်တစ်နှစ် မြန်မြန်ဆန်ဆန်နဲ့ များစွာပြောင်းလဲလာပါတယ်။ အဲဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်အများစုဟာ နည်းပညာပိုင်းမှာ ကျွမ်းကျင်ပြီး ပြောင်းလဲမှုတွေကို လိုက်လျောညီထွေနေနိုင်တဲ့သူတွေကို အလွန်ကိုသဘောကျပါတယ်။ အရေးကြီးဆုံးကတော့ လုပ်ငန်းပိုင်းဆိုင်ရာမှာ အသုံးဝင်တဲ့အပြောင်းအလဲတွေကို အခြားသူထက်ပိုပြီး သတိထားမိနိုင်ပြီး လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချလို့ရနိုင်အောင် အကြံပေးနိုင်တဲ့သူတွေကို လုပ်ငန်းရှင်တွေကပိုပြီး ကြိုဆိုကြပါတယ်။

ကိုယ့်အနေနဲ့လည်း အဲဒီလိုနေရာတွေမှာကျွမ်းကျင်မှုရှိထားမယ်ဆိုရင် ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လစာကောင်းတဲ့အလုပ်တွေနဲ့တွေ့ဆုံနိုင်ပြီး ဘယ်အလုပ်ရှင်ကမဆို အလုပ်ခန့်ထားချင်တဲ့သူမျိုး ဖြစ်လာနိုင်ပါတယ်။

၁။ ကျွမ်းကျင်ပိုင်နိုင်စွာဆက်သွယ်ပြောဆိုနိုင်သောအရည်အချင်းရှိခြင်း

ကိုယ်ပြောချင်တဲ့စကားကို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ဝန်ထမ်းကိုနားလည်သဘောပေါက်အောင် ပြောပြနိုင်ရဲ့လား။ ကိုယ်ကရော သူတို့ပြောစကားကိုသေချာနားထောင်ရဲ့လား။ တစ်ပါးသူရဲ့ခံစားချက်ကိုထည့်သွင်းပြီး စဉ်းစားတတ်တဲ့သူတစ်ယောက်လား။ ဒီလိုအရည်အချင်းဟာ အလုပ်ကောင်းကောင်းတစ်ခုအတွက် တန်းစီနေတဲ့လူတွေရဲ့အရှေ့ကို ရောက်သွားစေနိုင်အောင်ကို တွန်းပို့ပေးနိုင်ပါတယ်။ နောက်တစ်ချက်မှတ်ထားရမှာက ဆက်သွယ်ပြောဆိုတယ်ဆိုတာဟာ စကားနဲ့ပဲပြောရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ အားလုံးထက်နှာတစ်ဖျားသာချင်တယ်ဆိုရင် လုပ်ငန်းနဲ့ပတ်သတ်တဲ့စာအရေးအသားမှာ ကျွမ်းကျင်မှုရှိဖို့၊ သဒ္ဒါနဲ့စာလုံးပေါင်းသတ်ပုံကို မှန်ကန်စွာအသုံးပြုတတ်ဖို့ကလည်း အရေးပါပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကကဏ္ဍလုပ်ငန်း တော်တော်များများမှာ အင်တာနက်နဲ့ အီးမေးလ်ကို ရုံးတွင်းဆက်သွယ်ရေးမှာပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်သွယ်တဲ့အခါမှာပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နောက်ပြီး ရာထူးအတိုးခံရတဲ့အခါမှာလည်း အစီရင်ခံစာတွေရေးရတဲ့အတွက်ကြောင့် ဆက်ဆံရေးမှာ အပြောအဆိုအပြင် အရေးအသားလည်း အရေးကြီးလာပါတယ်။

၂။ အပြောင်းအလဲကို လိုက်လျောညီထွေနေနိုင်ပြီး ဆန်းသစ်တီထွင်နိုင်ခြင်း

ပြောင်းလဲမှုဆိုတာဟာ အဖွဲ့အစည်းတိုင်းမှာ တွဲလျက်ပါလာပြီးသားအရာတစ်ခုဖြစ်ပါတယ်။ အပြောင်းအလဲတွေနဲ့အတူ လိုက်လျောညီထွေလိုက်ပြောင်းနိုင်ပြီး အဲဒီအခြေအနေအတွက် သင့်တော်မယ့်အရာကို ဆန်းသစ်တီထွင်နိုင်ပြီး အဖြေရှာနိုင်တဲ့သူတွေကိုပဲ လုပ်ငန်းအဖွဲ့အစည်းတွေက ရှာဖွေနေတာပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေဟာ စနစ်အသစ်တွေကိုတွေ့တဲ့အခါ ပြောင်းလဲရမှာကို တွန့်ဆုတ်နေတဲ့ဝန်ထမ်းတွေထက် အဲဒီစနစ်အသစ်တွေကို မျက်ခြေမပျက်လေ့လာထိတွေ့နေပြီး အဲဒါတွေကနေဖြစ်လာနိုင်မယ့် တိုးတက်မှုတွေကို မြင်နိုင်တဲ့သူကို ပိုသဘောကျကြပါတယ်။ အဲဒါကြောင့် အမြင်ကျယ်ကျယ်နဲ့ အတွေးအမြင်အသစ်တွေကို တွေးခေါ်နိုင်ခြင်းဟာ အရမ်းကိုအရေးပါတဲ့အရည်အချင်း ဖြစ်ပါတယ်။

၃။ ဖန်တီးနိုင်မှုရှိခြင်းနဲ့ ပြဿနာဖြေရှင်းနိုင်ခြင်း

နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်မှာ ဘယ်သူမဆို ပြဿနာတွေနဲ့ကြုံတွေ့ရပါတယ်။ တကယ်လို့ ကိုယ်ဟာ အဲဒီလိုပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါမှာ လက်တွေ့လည်းကျ အသုံးလည်းဝင်ပြီး အများနဲ့လည်းမတူတဲ့အဖြေကို ရှာနိုင်တဲ့လူတစ်ယောက်ဆိုရင် ကိုယ့်ကိုအလုပ်ရှင်တွေကပိုပြီး သတိထားမိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာတစ်ခုကိုအများနဲ့အမြင်မတူဘဲ လက်တွေ့ကျကျ အသုံးဝင်အောင်ဖြေရှင်းနိုင်စွမ်းဟာ အလုပ်ရှင်ရဲ့စီးပွားရေးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသလို ယှဉ်ပြိုင်မှုတွေဘက်မှာလည်း အသာစီးရစေပါတယ်။

၎။ ရလဒ်ကောင်းတွေရအောင် အလုပ်မှာအာရုံစူးစိုက်နိုင်စွမ်းရှိခြင်း

အလုပ်ထဲမှာ တစ်နေ့လုံး သူတို့ရဲ့အကြောင်းတွေပဲ မပြီးနိုင်မစီးနိုင်ပြောပြီး အလုပ်လည်းမပြီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူထိုင်ဖူးလား။ အဲဒီလိုလူမျိုးတွေထဲမှာ ကိုယ်မပါပါစေနဲ့။ ကိုယ့်ရဲ့တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့အလုပ်တွေကို ပြီးစီးယုံတင်မကဘဲ ရလဒ်ကောင်းမွန်ရအောင် စမတ်ကျကျအလုပ်လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။ ကိုယ့်အဖွဲ့အစည်းရဲ့ စီးပွားရေးအမြင်တွေကို နားလည်အောင်လုပ်ခြင်းဟာ ဒီလိုရလဒ်ကောင်းတွေကိုရရှိစေဖို့ အကူအညီဖြစ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အခုလုပ်ရပ်တွေက ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် အကျိုးရှိစေသလား၊ ထိရောက်မှုရှိရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးပါ။

၅။ လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုရှိခြင်း

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်မှုရှိတဲ့သူတွေဟာ အလုပ်မှာအမြဲတမ်းဦးဆောင်နေတတ်ပါတယ်။ အပတ်စဉ် အဖွဲ့လိုက်အစည်းအဝေးတွေမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတွေ့နေရတယ်ဆိုပေမဲ့ လုပ်ငန်းခွင်ထဲမှာလည်း လိုက်လျောညီထွေဖြစ်အောင် အလုပ်လုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးတွင်းမှာရော ပြင်ပမှာပါ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်မယ်ဆိုရင် ရုံးမှာလုပ်ငန်းစီမံချက်တစ်ခုကိုအတူတူ လုပ်ဆောင်ရတဲ့အခါ ကောင်းမွန်တဲ့ရလဒ်တွေရအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေကတော့ သူတစ်ပါးရဲ့ခံစားချက်ကိုနားထောင်ပေးတတ်ခြင်း၊ မျှတမှုရှိခြင်းနဲ့ ကိုယ်ချင်းစာစိတ်ရှိခြင်းတို့ ပဲဖြစ်ပါတယ်။ လိုက်လျောညီထွေနေနိုင်ခြင်းနဲ့ အလျော့အတင်းပြုလုပ်နိုင်ခြင်း တို့ကလည်း အရေးပါပါတယ်။

၆။ ကွန်ပျူတာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်း

အခုလို တိုးတက်လာတဲ့ခေတ်ကြီးမှာ စီးပွားရေးအဖွဲ့အစည်းတိုင်းဟာ နည်းပညာကိုတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အလုပ်က နည်းပညာပိုင်းဆိုင်ရာအလုပ်တွေနဲ့ တိုက်ရိုက်မဆက်နွယ်ခဲ့ရင်တောင်မှ ကွန်ပျူတာကိုနေ့စဉ်ရုံးသုံးလုပ်ငန်းတွေအတွက် ကျွမ်းကျင်စွာအသုံးပြနိုင်ရပါ့မယ်။ ဥပမာ စာရင်းဇယားတွေအတွက် Microsoft Excel၊ စာစီစာရိုက်အတွက် Microsoft Word၊ အင်တာနက်နဲ့ အီးမေးလ် အစရှိတဲ့အရာတွေကို ကျွမ်းကျင်အောင် ပြုလုပ်ထားပါ။

၇။ လေ့လာစမ်းစစ်နိုင်စွမ်းရှိခြင်း

သတင်းအချက်အလက်တွေကို ဘယ်လိုလေ့လာပြီးရှာဖွေရမလဲဆိုတာကို သိမြင်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ သုသေတနပြုလုပ်တဲ့သူတစ်ယောက်မဟုတ်သည့်တိုင် လုပ်ငန်းအတွက်အရေးကြီးတဲ့ အကြောင်းအရာကိစ္စတွေကို သေချာစူးစမ်းလေ့လာပြီး ကိုယ့်ရဲ့ထင်မြင်ချက်တွေကို အလုပ်ရှင်ကိုတင်ပြနိုင်တဲ့အရည်အချင်း ရှိရပါမယ်။

ဘယ်သူကမှတော့ မွေးကတည်းက ဒီလိုအရည်အချင်းတွေမရှိပါဘူး။ ဒါတွေဟာ လေ့လာလေ့ကျင့်လို့ရတဲ့အရာတွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုမှာချင်တာကတော့ JobNet.com.mm အလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်မှာပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ JobNet Profile မှာ အထက်မှာပြောပြခဲ့တဲ့အရည်အချင်းတွေကို ဖြည့်စွက်ပြီး အလုပ်ရှင်တွေကိုယ့်ရဲ့ CV ကိုသဘောကျလာအောင် ဆွဲဆောင်လိုက်ပါ။ တကယ်လို့ JobNet Profile မရှိသေးဘူးဆိုရင်လည်း ဒီနေရာမှာ ဝင်ရောက်ပြုလုပ်လိုက်ပါ