2nd November, 2018

အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲတော့မယ်ဆိုရင်

လက်ရှိလုပ်နေရတဲ့ အလုပ်တွေကို မလုပ်ချင်တော့လို့ တခြားလုပ်ငန်း ပြောင်းလုပ်ချင်နေတာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေဟာ အသက်မွေးဝမ်းကြောင်းအလုပ်ကို ကူးပြောင်းလုပ်ကိုင်နေခဲ့ကြတာပါ။ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲလုပ်ကိုင်တာကလည်း လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အတွေ့အကြုံမရှိတဲ့ လုပ်ငန်းနယ်ပယ်ထဲကို ပြောင်းမယ်ဆိုရင် အကူးအပြောင်းကာလမှ အတော်ကြိုးစားရပါတယ်။ အလုပ်အပြောင်းအလဲကာလမှာ ချောမွေ့စေဖို့အတွက်တော့ Job Net က အကြံအချို့ပေးပါရစေ။

 

၁) ရွေးချယ်စရာတွေကိုစဉ်းစားထားပါ

ကိုယ်မသိတဲ့ လုပ်ငန်းနယ်ပယ်ထဲကို မျက်စိမှိတ်ပြီး ခြေစုံပစ်မဝင်မီမှာ ဘာကြောင့် လက်ရှိအသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်ခွာချင်တာလဲဆိုတာတွေးပါ။ လုပ်ငန်းခွင်ကြောင့်လား၊ လုပ်နေရတဲ့ အလုပ်တွေကို မကျေနပ်လို့လားဆိုတာ စဉ်းစားပါ။ လက်ရှိအလုပ်နဲ့ပတ်သက်ပြီး ကိုယ်သဘောကျတာတွေ၊ သဘောမကျတာတွေ၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ လုပ်ငန်းခွင်အနေအထားကို ကြည့်ရပါမယ်။ ပြီးတော့ ကိုယ့်ထက်အရင် လုပ်ငန်းပြောင်းလုပ်သူတွေနဲ့လည်း စကားပြောကြည့်ပါဦး။ အဲ့ဒီအခါ ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့အလုပ်နဲ့ ပြောင်းချင်တဲ့အလုပ်ကို ဆက်စပ်ပြီး အတွေ့အကြုံ၊ သင်ခန်းစာတွေယူနိုင်မှာဆိုတော့ အပြောင်းအရွှေ့မှာ ဆုံးရှုံးနစ်နာမှုလျော့ချနိုင်ပါတယ်။ ဘာကိုမှတော့ မျက်စိစုံမှိတ်ပြီး ရမ်းသမ်းမရွေးချယ်လိုက်ပါနဲ့။ ခိုင်မာတဲ့ရည်မှန်းချက်ကို ချမှတ်ပြီးမှ ပြောင်းရွှေ့သင့်ပါတယ်။

 

၂) မိတ်ဆွေအပေါင်းသင်းများပါစေ

လုပ်ငန်းပြောင်းလုပ်တော့မယ်ဆိုရင် လက်ရှိလုပ်ငန်းနယ်ပယ်ထဲက အပေါင်းအသင်းမိတ်ဆွေအပြင် ကိုယ်ပြောင်းရွှေ့ချင်တဲ့ လုပ်ငန်းနယ်ပယ်ထဲက လူတွေနဲ့ပါ ရင်းနှီးဖို့လိုပါတယ်။ အဲ့ဒီအသိုင်းအဝိုင်း နှစ်ခုလုံးက သင့်ကို ကောင်းမွန်တဲ့အကြံဉာဏ်တွေ အကူအညီတွေ ပေးနိုင်မယ့်လူတွေမို့လို့ပါ။ လူချင်းတွေ့ဆုံတာရော အွန်လိုင်းပေါ်ကနေ စကားပြောတာမျိုးကို လုပ်သင့်ပါတယ်။ ပြောင်းချင်တဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ပွဲတွေ၊ workshop တွေ၊ ဆွေးနွေးပွဲတွေကို တက်ခြင်းအားဖြင့် ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့ မြန်စေပါတယ်။ ပြီးတော့ မိမိရွှေ့ပြောင်းချင်တဲ့ လုပ်ငန်းနယ်ပယ်ထဲက အလုပ်လိုအပ်ချက်တွေကိုလည်း အပေါင်းအသင်းအသစ်တွေကတစ်ဆင့် နားစွင့်ထားနိုင်ပါသေးတယ်။

 

၃) လေ့လာသင်ယူမှု

အသစ်တစ်ခုဆီကို ခုန်မကူးလိုက်ခင်မှာ အဲ့ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စူးစမ်းလေ့လာမှုတွေ၊ သင်ယူမှုတွေလုပ်ရတာကတော့ မလုပ်မဖြစ်ပါပဲ။ လုပ်ငန်းနယ်ပယ်တိုင်းမှာ စံသတ်မှတ်ချက်တွေနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ အသစ်ပြောင်းရွှေ့မယ့် လုပ်ငန်းနယ်ပယ်ထဲမှာ ကိုယ်က ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရရင်တောင် တုံ့ပြန်နိုင်လောက်အောင် အရည်အချင်းရှိနေပါစေ။ အခက်အခဲတွေက အလဲထိုးလိုက်လို့ အရှုံးပေးလက်လျှော့ရတာမျိုး မဖြစ်မှ ရှေ့ဆက်ရပ်တည်နိုင်မှာပါ။ အင်တာနက်ခေတ်ဆိုတော့ လိုအပ်တဲ့ သင်ယူမှုတွေကို အွန်လိုင်းပေါ်ကနေ လေ့လာနိုင်ပါတယ်။ အပြင်သင်တန်းတွေအပြင် အင်တာနက်ပေါ်ကနေ လေ့လာသင်ယူထားပြီးမှ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ပြောင်းလဲသင့်ပါတယ်။

 

၎) မေးခွန်းတွေအတွက် ပြင်ဆင်ထားပါ

အလုပ်လျှောက်ထားလို့ အင်တာဗျူးဝင်ရတဲ့အခါ ဘာကြောင့် အလုပ်ပြောင်းချင်ရတာလဲဆိုတဲ့ မေးခွန်းကို မလွှဲမသွေ ရင်ဆိုင်ရမှာပါ။ အဲ့ဒီအတွက် ပြည့်စုံမှန်ကန်တဲ့အဖြေ ဖြေနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ “ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်မှုတစ်ခုလုပ်ချင်လို့/ လူတွေကိုကူညီချင်လို့ ဒါမှမဟုတ် တကယ့်ရည်မှန်းချက်ထဲကအလုပ်ဖြစ်နေလို့” စတဲ့အဖြေမျိုးတွေက သင့်လျော်ပါတယ်။ အကောင်းမြင်စိတ်နဲ့ပဲ အဖြေကိုဖြေကြားရမှာဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသစ်အတွက် ဘယ်လိုမျိုး စိတ်ပါဝင်စားတယ်ဆိုတာကို ဖြေခဲ့ပါ။

 

လုပ်ငန်းနယ်ပယ် ပြောင်းရွှေ့ခြင်းဟာ အချိန်ပေးပြီး လုပ်ကိုင်ရမှာဖြစ်သလို ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းအသစ်မှာ အခြေကျသွားပြီ ဆိုတာနဲ့ ရလာမယ့်အောင်မြင်မှုတွေကလည်း စိတ်လှုပ်ရှားအံ့သြစရာကောင်းပါတယ်။ အဆင်မပြေမှုတွေနဲ့ ကြုံလာရင်တောင် စိတ်ဓာတ်မကျလိုက်ပါနဲ့။ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်ရင်း အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို ရယူနိုင်ပါတယ်။ အဲ့ဒီကနေမှ အဆက်အသွယ်ကောင်းတွေ ရလာပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းနယ်ပယ်သစ်မှာ အောင်မြင်လာမှာ ဖြစ်ပါတယ်။