5th May, 2020

အိမ်မှာနေရင်း စိတ်ရောကိုယ်ပါကျန်းမာစေရန်

အခုတလောမှာ တက်ကြွလန်းဆန်းမှုမရှိဘဲ တစ်ခါတလေအာရုံစူးစိုက်မှုအားနည်းနေပါသလား။ ဒီလိုမျိုးခံစားချက်တွေဟာ အိမ်မှာနေတဲ့အချိန်ဆိုရင် ပိုပြီးပြင်းထန်လာတတ်ပါတယ်။ ယခုလက်ရှိဖြစ်ပွားနေတဲ့ကျန်းမာရေးသတင်းတွေကြောင့် လူအများစုမှာ စိတ်ဓာတ်ကျခြင်း ဒါမှမဟုတ် အထီးကျန်ခြင်း ဒါမှမဟုတ် နှစ်ခုစလုံးခံစားနေရတယ်ဆိုတာကို တွေ့ရှိရပါတယ်။

ယခုဖြစ်ပွားနေတဲ့ COVID 19 ကျန်းမာရေးပြဿနာဟာ လူတွေရဲ့နေထိုင်မှုဘဝကို အရင်ကထက် သိသိသာသာပြောင်းလဲလိုက်တယ်ဆိုတာကတော့ ငြင်းဆန်လို့မရတဲ့အချက်ပဲဖြစ်ပါတယ်။ လူအများစုအနေနဲ့လည်း သူတို့ရဲ့လုပ်ငန်းခွင်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းခွင်ပုံစံအသစ်တစ်ခုဖြစ်တဲ့ Work from Home, Social distancing နဲ့ Self-isolation ဆိုတဲ့မရင်းနှီးတဲ့အရာတွေနဲ့လည်း ကျင့်သားရအောင်ထိန်းညှိနေရပါတယ်။

အဲဒီလိုမျိုးစိတ်ပင်ပန်းမှုတွေကိုသက်သာစေနိုင်ဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့ JobNet ရဲ့အဖွဲ့ဝင်ဝန်ထမ်းတစ်ဦးကနေ စိတ်ဖိစီးပင်ပန်းမှုတွေကို ဖြေလျော့စေတဲ့သူရဲ့နေ့စဉ်နေထိုင်မှုပုံစံအသစ်ကို အခြားသူများအတွက်လည်းအသုံးဝင်အောင် ဝေမျှပေးလိုက်ပါတယ်။ အဲဒီအချက်တွေဟာ အခုလိုမျိုးခက်ခဲတဲ့အချိန်တစ်လျှောက်လုံးမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းပိုမိုတိုးတက်စေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) တစ်နေ့နှစ်ချိန်သာစားသုံးခြင်း

အိမ်မှာနေထိုင်တဲ့ကာလမှာ လူတော်တော်များများဟာ လိုအပ်တာထက်ပိုမိုစားသောက်တဲ့ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအတွက်ကြောင့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းကတော့ ပုံမှန်စားသုံးနေကျ တစ်နေ့သုံးကြိမ်အစား တစ်နေ့နှစ်ကြိမ်ပဲစားသုံးတဲ့အလေ့အကျင့်ကို ကြိုးစားကြည့်ပါ။ ဥပမာ တချို့က မနက်စာ ဒါမှမဟုတ် ညစာကိုမစားဘဲနေကြပြီး တချို့ကနေ့လည်စာကို မစားဘဲနေကြပါတယ်။ အဓိက အရေးကြီးတဲ့အချက်က ကိုယ်နဲ့ကိုက်ညီတဲ့အချိန်ကို ရွေးချယ်ပြီးစားသုံးတဲ့အလေ့အကျင့်က အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာမတူညီတဲ့သွားလာနေထိုင်မှုအချိန်နဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်နေ့နှစ်ချိန်ပဲစားသုံးတဲ့အလေ့အကျင့်ဟာ တကယ်အစားကိုဆာလောင်တဲ့အချိန်မှသာ စားသုံးခြင်းဖြစ်ပြီး နာရီလက်တံကပြောတဲ့အချိန်ကြောင့် စားသုံးတဲ့အလေ့အထကို လျော့နည်းသွားစေဖို့ဖြစ်ပါတယ်။

(၂) အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ခြင်း

အကြောလျော့လေ့ကျင့်ခန်းဟာ အပြေး၊ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ အခြားလေ့ကျင့်ခန်းတွေ မပြုလုပ်မီနဲ့ ပြုလုပ်ပြီးတဲ့အချိန်တွေမှာ လုပ်ရမယ့်အဓိကလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် တစ်နေ့ ၁၀ မိနစ် ဒါမှမဟုတ် ၅ မိနစ်လောက်အချိန်ပေးပြီး မှန်ကန်တဲ့အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုကိုပိုမိုရရှိစေသလို ကိုယ်နေဟန်ထားမှန်ကန်မှုနဲ့ ခန္ဓာကိုယ်ဟန်ချက်ကိုက်ညီစေမှုကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကြံခိုင်တိုးတက်မှုအတွက် ပိုမိုထောက်ပံ့ပေးနိုင်ပါတယ်။

(၃) အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်း

နည်းစနစ်မှန်တဲ့အသက်ရှုလေ့ကျင့်ခန်းကို ပုံမှန်နေ့စဉ်လုပ်ဆောင်ခြင်းဟာ စိတ်ကိုပိုမိုလန်းဆန်းစေတဲ့အပြင် ခန္ဓာကိုယ်စွမ်းအင်ကိုလည်း တိုးမြှင့်စေပါတယ်။ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ရာမှာ ပထမဦးဆုံး အသက်ကိုပြင်းပြင်းရှုသွင်းပြီးရပါတယ်။ ပြီးနောက် ရှုထုတ်ရပါမယ်။ အဲဒီလို ရှုသွင်း၊ ရှုထုတ်ကိုအကြိမ်သုံးဆယ် လုပ်ဆောင်ရပါမယ်။ အဲဒီနောက်မှာ ၁ မိနစ်ခန့်နားပြီး အသက်ကိုပြန်ဝဝရှုကာ အနည်းဆုံး စက္ကန့် ၃၀ အောင့်ထားပြီး ပြန်ရှူထုတ်ရပါမယ်။ အသက်ရှုလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဒီနေရာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

(၄) စိတ်တည်ငြိမ်အောင်လေ့ကျင့်ပါ

အကြောလျော့လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အနေအထားကို ဟန်ချက်ညီစေနိုင်သလို စိတ်တည်ငြိမ်အောင်လေ့ကျင့်ခြင်းဟာ မိမိရဲ့စိတ်ကိုအေးချမ်းငြိမ်သက်စေပါတယ်။ ကိုယ့်အနေနဲ့ အဲဒီလေ့ကျင့်မှုကျင့်စဉ်ကို တစ်ခါမှမပြုလုပ်ဖူးဘူးဆိုရင် တစ်နေ့ကိုမိနစ်အနည်းငယ် ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်မျှလောက်သာ အချိန်ပေးပြီးလုပ်ဆောင်ခြင်းဟာ စိတ်ကိုသိသိသာသာငြိမ်းချမ်းစေပါတယ်။ တစ်ခါမှမလုပ်ဖူးတဲ့သူတွေအနေနဲ့ အဲဒီလေ့ကျင့်မှုကျင့်စဉ်ကိုစတင်ပြုလုပ်ချင်တယ်ဆိုရင် ပထမဆုံး မိမိနှစ်သက်တဲ့ဂီတသံစဉ်တစ်ခုကိုရွေးချယ်ပြီး နားကြပ်တပ်ပြီးနားထောင်ပါ။ ပြီးလျှင် မျက်လုံးမှိတ်ပြီး လေကိုနှာခေါင်းမှရှုသွင်းပြီး ပါးစပ်ကနေထုတ်ပါ။ အဲဒီပုံစံအတိုင်း သုံးကြိမ်ပြုလုပ်ပြီး မိမိစိတ်ထဲမှာဘာအတွေးမှ မရှိတဲ့အထိတတ်နိုင်သလောက် ဆက်လက်ရှုမှတ်လိုက်ပါ။

မှတ်ချက်။ ။ အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေဟာ JobNet အဖွဲ့အဝင်တစ်ဦးမှ နေ့စဉ်ကျင့်သုံးနေတဲ့သူ့ရဲ့နေထိုင်မှုပုံစံကို ဝေမျှခြင်းသာဖြစ်ပါတယ်။ သူ့အတွက်အဲဒီနည်းလမ်းတွေက အသုံးတည့်ပေမဲ့ လူတိုင်းအတွက်တော့ကိုက်ညီမယ်လို့တော့မဆိုလိုနိုင်ပါ။ အဲဒါကြောင့် စာဖတ်သူတွေကိုတိုက်တွန်းခြင်းတာက မိမိနဲ့ကိုက်ညီမယ့်နည်းလမ်းကို ရှာဖွေစမ်းသပ်လုပ်ဆောင်ပြီး အခုလက်ရှိခက်ခဲတဲ့အချိန်ကာလကို အကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေ။

ဆက်လက်ဖတ်ရှုရန် - စီးပွားရေးနယ်ပယ်မှာ စိန်ခေါ်မှုတွေများနေချိန် အလုပ်အကိုင်ရှာဖွေမှုအတွက် ဘာတွေပြင်ဆင်ထားမလ