“ကုမ္ပဏီတွေကနေတစ်ဆင့် ဒီအရည်အချင်းရှိတဲ့ အင်ဂျင်နီယာရချင်ပါတယ်လို့ ဆက်သွယ်တောင်းခံတာက အရင်ကထက်ပိုများလာတာပေါ့။ အဲဒီအနေအထားအပေါ်မှာတော့ ဒါအခု အင်ဂျင်နီယာအခွင့်အလမ်းက အရင်ကထက်ပိုများလာတယ်လို့် အကြမ်းဖျင်းပြောနိုင်ပါတယ်”
စီးပွားရေးနယ်ပယ်အသီးသီးတွင် စက်မှုနှင့်နည်းပညာကဏ္ဍမှ ကုန်ထုတ်လုပ်မှုတိုးတက်လာခြင်းက ပြည်တွင်းရှိအင်ဂျင်နီယာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတိုးမြင့်လာသည်ဟု အင်ဂျင်နီယာ အသိုင်းအ၀ိုင်းက လက်ခံထားလျက်ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်အင်ဂျင်နီယာရရှိနိုင်မှုမှာ လုပ်ငန်းများအတွက် ကြီးမားသောစိန်ခေါ်ဖြစ်နေပြီးအဆိုပါ လုပ်သားအင်အားလိုအပ်မှုနှင့် အင်ဂျင်နီယာများ အရည်အသွေးတိုးတက်စေရေးနှင့် အင်ဂျင်နီယာလောကဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ လက်ရှိပြည်တွင်း အင်ဂျင်နီယာနယ်ပယ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏အထွေထွေအတွင်းရေးမှုး ဦးတင်လတ်အား
JobNet ကတွေ့ဆုံမေးမြန်းထားသည်များကို တင်ဆက်ပေးလိုက်ပါသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအနေနဲ့ရော ပြည်တွင်းအင်ဂျင်နီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာတွေဆောင်ရွက်နေပါသလဲ။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲ Engineering Professional Development ပေါ့။ ဘွဲ့ ဒါမှမဟုတ် ဒီပလိုမာရပြီး အင်ဂျင်နီယာဖြစ်လာတယ်။ အင်ဂျင်နီယာပညာရပ်ဟာအမြဲတိုးတက်ပြောင်းလဲနေတဲ့အတွက် အဲဒီအင်ဂျင်နီယာဖြစ်လာတဲ့ လူတွေရဲ့အရည်အသွေးတိုးတက်နေဖို့၊ ပြောင်းလဲနေတဲ့နည်းပညာတွေကို သူတို့အချိန်ပြည့် Update လုပ်နိုင်ဖို့ အသင်းကဆောင်ရွက်ပေးနေပါတယ်။ အဲဒီတော့ ခုနကပြောတဲ့နည်းပညာတွေကို လေ့လာတယ်ပေါ့၊ ဘယ်လိုလေ့လာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံတကာနဲ့ဒေသတွင်းဆိုင်ရာ Conference တွေ Seminar တွေ Workshop တွေသွားတက်တယ်၊ သွားတက်ပြီးပြန်လာပြီး ပြည်တွင်းမှာ Conference တွေ Seminar တွေ Workshop တွေ ကျွန်တော်တို့ပြန်လုပ်တယ်။ ကျွန်တော်တို့ အင်ဂျင်နီယာအသင်းတွေ ကနေတဆင့် ဒီပညာဗဟုသုတတွေကို ဖြန့်ဝေပေးတယ်ပေါ့။ တစ်နိုင်ငံလုံးမှာ အင်ဂျင်နီယာအသင်းခွဲ ၂၃ ခုရှိတာပေါ့။ ကျွန်တော်တို့က ရန်ကုန်မှာရှိတဲ့ အင်ဂျင်နီယာအသင်းရုံးချုပ်မှာတင်သာမက ခုနပြောတဲ့လုပ်ငန်းမျိုးတွေကို တိုင်းနဲ့ပြည်နယ်မြို့ကြီးတွေနဲ့ နယ်တွေမှာရှိတဲ့ အခုဆိုရင် ကလောလိုခရိုင်လိုမျိုး ကျောက်ဖြူလိုခရိုင်လိုမျိုး တာချီလိတ်လိုခရိုင်လိုမျိုးမှာတောင်မှ ကျွန်တော်တို့အင်ဂျင်နီယာအသင်းခွဲတွေရှိနေပြီ။ အဲဒီအသင်းခွဲတွေကနေတဆင့် ခုနကပြောတဲ့ Engineering Professional Knowledge ပေါ့ အင်ဂျင်နီယာပညာအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ အသိပညာတွေကို ကျွန်တော်တို့ ဖြန့်ဝေပေးတယ်ပေါ့။
လက်ရှိမြန်မာနိုင်ငံမှာ အသေးစားအလတ်စားလုပ်ငန်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တော်တော်လေးအားကောင်းလာတယ်။ ဆောက်လုပ်ရေးနဲ့မြို့ပြဖွံ့ဖြိုးမှုကလည်း အရှိန်ရလာတော့ ပြည်တွင်းမှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
မေးသွားကတာ ၃ ပိုင်းလောက်မေးသွားတာပေါ့နော်။ ပထမက အသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းပေါ့၊ ပြီးတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ စက်မှုလုပ်ငန်း အင်ဂျင်နီယာလုပ်ငန်းပေါ့၊ နောက်တစ်ခုက မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတော့ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ၃ ပိုင်းပေါ့လေ။ ၃ ပိုင်းစလုံးရဲ့အနေအထားကို ပြောရမှာပေါ့လေ။ ၃ ပိုင်းစလုံးရဲ့အနေအထားကတော့ အသေးစားနဲ့အလတ်စားကတော့ နဂိုကတည်းက အင်ဂျင်နီယာက သူကမိသားစုလုပ်ငန်းအဖြစ် လုပ်နေတဲ့လုပ်ငန်းတွေများတာပေါ့လေ။ အဲဒီမှာတော့ တကယ်တမ်းပြောရမယ်ဆိုရင် အခွင့်အလမ်းကပိုများလာတယ်။ ဘာလို့ပိုများလာလည်းဆိုတော့ ပြိုင်ဆိုင်မှုတွေက အရင်ထက်ပိုများလာတယ်။ အရင်ကထက် အဆင့်မြင့်တဲ့နည်းပညာနဲ့ စက်ကိုသုံးတာတွေက များလာတယ်ပေါ့။ ဒီပြည်တွင်းက အဓိကအထင်ရှားဆုံးကတော့ စားသောက်ကုန်လုပ်ငန်းမှာပေါ့ အရည်အသွေးအရရော Packaging အရရော တော်တော်လေးကို ပြောင်းလဲတိုးတက်လာခဲ့တာပေါ့နော်။ အဓိကတော့ ဒီစားသောက်ကုန်နဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုအပိုင်းမှာပေါ့။ တခြားထုတ်လုပ်မှုအပိုင်း တွေကလည်း အဲဒီလမ်းကြောင်းကို တဖြည်းဖြည်းလိုက်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့်မလို့ ဒီအင်ဂျင်နီယာလုပ်ငန်းရှင်တွေက ဦးဆောင်နေတဲ့ ဒီအသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းတွေမှာတော့ အလားအလာကောင်းတွေ မြင်တယ်ပေါ့နော်။ နောက်တစ်ခါ အဲဒီလိုစက်တွေကို တိုးပြီးသုံးလာတဲ့အချိန်မှာ အဲဒီစက်တွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အရည်အချင်းရှိတဲ့သူတွေ အင်ဂျင်နီယာအခြေခံ ဗဟုသုတရှိတဲ့သူတွေ ပိုပြီးလိုလာတယ်။ အဲဒီအတွက် အဲဒီမှာ အခွင့်အလမ်းပိုကောင်းလာတယ်လို့ မြင်တယ်ပေါ့။ ဒီအတိုင်းပဲ နိုင်ငံတကာရင်းနှီးမြှုပ်နဲ့ လုပ်တဲ့ကိစ္စတွေပေါ့။ တချို့ကတော့ ရင်းနှီးမြှုပ်နှံမှု နည်းသွားတယ်လို့ပြောမယ်။ ဒါပေမဲ့ ကျွန်တော်တွေ့တဲ့ data တစ်ခုမှာတော့ ဒီအစိုးရမတိုင်ခင် အရင်အစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမယ်လို့ပြောပြီး တကယ်ရင်းနှီးမြှုပ်နှံဖြစ်တာက နည်းတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ ရင်းနှီးမြှုပ်နှံမယ်လို့ပြောထားပြီးတော့ ပြောတဲ့အတိုင်းရင်းနှီးမြှုပ်နှံတဲ့ ပမာဏကများတယ်ပေါ့။ အဲဒီတော့ သီလ၀ါလိုနေရမှာ စက်ရုံတွေဆောက်တာ စက်မှုဇုန်တွေမှာ စက်ရုံတွေဆောက်တာ နောက်မန္တလေးဘက်တွေမှာရှိတဲ့ စက်မှုဇုန်တွေမှာ စက်ရုံတွေဆောက်တွေဟာ အရင်ကထက်ပိုပြီးများလာတယ်။ သေချာတာတစ်ခုကတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ဆောက်နေတဲ့ စက်ရုံတွေ အရင်ကထက် အရေအတွက်များလာတယ်။ အထူးသဖြင့် ထုတ်လုပ်ရေးပိုင်းမှာ စက်ရုံတွေ အရင်ကထက်ပိုများလာတယ်။ ဥပမာအားဖြင့် တံတားသံဘောင် ဂျပန်နဲ့ဖက်စပ်လုပ်ထားတဲ့ ကုမ္ပဏီတစ်ခုဆိုရင် ဒီတံတားသံဘောင်ကို ပြည်တွင်းမှာသုံးယုံတင်သာမက ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ပို့အထိလုပ်တဲ့အခြေအနေမှာ အဲဒီကနေတစ်ဆင့် ထိုက်သင့်တဲ့အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို ခေါ်တယ်။ ပြည်တွင်းမှာ သူတို့လိုချင်တဲ့ အတွေ့အကြုံရှိတဲ့သူမရှိတဲ့အခါမှာ ပြည်ပကအင်ဂျင်နီယာ မြန်မာအင်ဂျင်နီယာပဲ ဒါပေမဲ့ ပြည်ပမှာသူတို့လိုချင်တဲ့ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို ခေါ်နေတယ်ပေါ့။ အဲဒီတော့ ကျွန်တော့်အမြင်ပေါ့ အလုပ်အကိုင်အခွင့်အလမ်း အလားအလာတွေကပိုကောင်းနေတယ်။ ဒါပေမဲ့ ကျောင်းဆင်းစ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေအတွက် စိန်ခေါ်မှုတွေရှိနေသေးတယ်ဆိုတာကလည်း လက်ခံရမယ်။ အထူးသဖြင့် ရန်ကုန်မှာ တိုက်ခန်းတွေဆောက်နေတာတွေ နောက်ထပ်မြင့်ဆောက်နေတာတွေမှာ အရင်ကထက်တုံ့နှေး သွားတာတွေရှိတယ်လို့ ပြောတာရှိတယ်။ တစ်ဖက်ကလည်း ဒီနိုင်ငံတော်မှာ နိုင်ငံတော်ရဲ့ဘက်ဂျက်နဲ့ဆောက်လုပ်နေတဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရင်ထက်ပိုများလာတယ်။ အဲဒီလုပ်ငန်းတွေကို နည်းမှန်ကမ်းမှန်နဲ့လုပ်ပိုင်ခွင့်ပေးတာတွေ လုပ်ခွင့်ရတာတွေ အရင်ထက်ပိုများလာတယ်။ အဲဒီတော့ အဲဒီမှာ နည်းမှန်လမ်းမှန်လုပ်ခွင့်ရတဲ့သူတွေ ပိုများလာတယ်လို့ ပြောတဲ့သူတွေလည်း ဒါရှိတာပေါ့။ အဲဒီတော့ ကျောင်းဆင်းစလူငယ်တွေအတွက်တော့ စိန်ခေါ်မှုတွေ ရှိနေဦးမှာဖြစ်ပေမဲ့ လစာကိုအကြည့်ဘဲနဲ့ အတွေ့အကြုံရအောင် ကာလတစ်ခုလုပ်ပြီးတဲ့အချိန်မှာ ထိုက်သင့်တဲ့ကျွမ်းကျင်မှု ရှိပြီးတဲ့အင်ဂျင်နီယာတွေအတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အရင်ကထက်ပိုတိုးတက်လာတယ်လို့ ဆိုရမှာပေါ့နော်။ အဲဒါဘယ်အပေါ်မှာမူတည်လဲဆိုတော့ ကျွန်တော်တို့ အင်ဂျင်နီယာအသင်းပေါ့ အင်ဂျင်နီယာအသင်းက စီးပွားရေးလုပ်ငန်းလုပ်တဲ့ အသင်းအဖွဲ့တော့ မဟုတ်ဘူး။ သူက Professional Development လို့ခေါ်တာပေါ့နော်။ ကျောင်းကနေ ဘွဲ့ရပြီးတဲ့ အင်ဂျင်နီယာတွေရဲ့ သူရဲ့ပညာရပ်ဆိုင်ရာအရည်အသွေးတိုးတက်ဖွံ့ဖြိုးဖို့ဆောင်ရွက်ပေးတဲ့ အသင်းပေါ့နော်။ အဲဒီအသင်းမှာ အသင်းနဲ့ပူးပေါင်းဆောင်ရွက်ပေးတဲ့ Corporate member ကုမ္ပဏီ အင်ဂျင်နီယာလုပ်ငန်းလုပ်နေတဲ့ Corporate အသင်းသား ၃၀၀ လောက်ရှိတာပေါ့။ အဲဒီကုမ္ပဏီတွေကနေတစ်ဆင့် အင်ဂျင်နီယာအသင်းကိုဆက်သွယ်ပြီးတော့ အလုပ်ခန့်ချင်လို့ အင်ဂျင်နီယာတောင်းတာ အရင်ကထက် ပိုများလာတာပေါ့နော်။ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ Corporate member ကုမ္ပဏီတွေကနေတစ်ဆင့် ဒီအရည်အချင်းရှိတဲ့ အင်ဂျင်နီယာရချင်ပါတယ်လို့ ဆက်သွယ်တောင်းခံတာက အရင်ကထက်ပိုများလာပေါ့။ အဲဒီအနေအထားအပေါ်မှာတော့ ဒါအခုအင်ဂျင်နီယာအခွင့်အလမ်းကအရင်ကထက်ပိုများလာတယ်လို့် အကြမ်းဖျင်းပြောနိုင်ပါတယ်။
ကျောင်းဆင်းပြီးစလူငယ်တွေ အင်ဂျင်နီယာနယ်ပယ်မှာ တကယ့် Professional အဖြစ်ရပ်တည်ဖို့ဆိုရင် သူတို့အနေနဲ့ ဘယ်လိုအရည်အချင်းတွေ ဖြည့်ထားဖို့လိုပါလဲ။
တကယ်အလုပ်ခွင်ကိုသွားတဲ့အခါမှာ အင်ဂျင်နီယာဆိုတဲ့အလုပ်က တစ်ယောက်တည်းလုပ်လို့မရဘူး သူက Teamwork ပေါ့ သူ့အောက်မှာ skilled labors တွေရှိမယ်။ Technician တွေ နည်းပညာရှင်တွေရှိမယ်။ သူတို့နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ရတဲ့ အလုပ်ပေါ့ teamwork ပေါ့။ အဲဒီအလုပ်လုပ်ရတဲ့အခါကျတော့ သူကအင်ဂျင်နီယာပညာရပ်ဆိုင်ရာသာမက ဒီခေါင်းဆောင်မှုအရည်အသွေးတွေလည်း ဒါရှိဖို့လိုတာပေါ့နော်။ အဲဒီတော့ အဲဒါတွေရှိဖို့လိုတဲ့အခါကျတော့ Engineering Academic Skills တွေသာမက Life skills လို့ခေါ်တဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေပါ လိုတာပေါ့လေ။ နောက်တစ်ခါ အလုပ်ခွင်တစ်ခုနဲ့တစ်ခုမတူညီတဲ့အခါမှာ အလုပ်ရဖို့အတွက် ဘယ်လိုကျွမ်းကျင်မှုမျိုးရှိသင့်တယ်ဆိုတာက ကုမ္ပဏီအားလုံးအတွက် ပြောဖို့ကျတော့ခက်တာပေါ့လေ။ အဲဒီတော့ မတူညီတဲ့လုပ်ငန်းခွင့်တွေအတွက် ဘယ်လိုပြင်ဆင်မှုမျိုးတွေ ဆောင်ရွက်ရမယ်ဆိုတာမျိုးကို ဒီ Young Engineer Committee ကနေတဆင့် ဆောင်ရွက်ပေးနေတာတွေရှိပေါ့လေ။ အဲဒါကိုတော့ Young Engineer Committee အတွင်းရေးမှူးက ပိုပြီးပြည့်ပြည့်စုံစုံ ဖြေပေးနိုင်ပါလိမ့်မယ်။
ဆရာပြောခဲ့သလိုမျိုး အင်ဂျင်နီယာအလုပ်ဆိုတာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့နေရာတွေမှာ လုပ်ရတဲ့အလုပ်မျိုးဖြစ်တယ်ဆိုတော့ နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ အင်ဂျင်နီယာတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါပါသလဲ။
အင်ဂျင်နီယာရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ဘယ်လောက်ရတယ် မရဘူးဆိုတဲ့အပေါ်မှာ မူတည်တာပေါ့လေ။ အဲဒီတော့ ဒီအင်ဂျင်နီယာတွေလုပ်တဲ့အလုပ်ဟာ လူတွေရဲ့နေ့စဉ်ဘ၀အားလုံးမှာ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ရှိနေတာပေါ့။ နေတဲ့အခန်းတွေ သွားလာတဲ့မော်တော်ယာဉ်တွေ နောက်တစ်ခါ စားသောက်တဲ့လုပ်ငန်းတွေ ထုတ်လုပ်တာတွေ အစားအသောက်တွေထုတ်လုပ်တာလဲ manufacturing လုပ်ငန်းပဲ သွားလာပို့ဆောင်တဲ့ transportation ကလည်း အင်ဂျင်နီယာတွေရဲ့အခန်းကဏ္ဍပါတယ်ပေါ့။ နေထိုင်မယ့်အဆောက်အဦးတွေကို တည်ဆောက်ရတဲ့နေရာမှာလည်း ဆောက်လုပ်ရေးအင်ဂျင်နီယာတွေရဲ့အခန်းကဏ္ဍပါတယ်။ နောက်အဲဒီ အဆောက်အဦးတွေရဲ့ပြုပြင်ထိန်းသိမ်းမှုပေါ့ လုံးချင်းအိမ်မှာတပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေပျက်လို့ ပြုပြင်တာကအစ လူအများနေတဲ့ကွန်ဒိုတွေမှာ Centralize လုပ်ထားတဲ့စနစ်တွေမှာ ရေမီးနဲ့ပတ်သက်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်တာကအစ အင်ဂျင်နီယာတွေပါတာပေါ့နော်။ အဲဒီမှာ နည်းပညာနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာနည်းပညာနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်ပေးတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်တဲ့အင်ဂျင်နီယာတွေကို လုပ်ပိုင်ခွင့်ဘယ်လောက်ပေးတယ် မပေးဘူးဆိုတာအပေါ်မှာ အများကြီးစကားပြောပါတယ်။ ဥပမာအားဖြင့် ကုမ္ပဏီပိုင်ရှင်တစ်ယောက်က အင်ဂျင်နီယာမဟုတ်ဘူး၊ အဲဒီ ကုမ္ပဏီကအင်ဂျင်နီယာနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုကိုလုပ်တယ်၊ လုပ်တဲ့အချိန်မှာ နည်းပညာအရ လုပ်သင့်လုပ်ထိုက်တဲ့အတိုင်းလုပ်ရင် ပိုက်ဆံပိုကုန်မယ်၊ အဲဒီိပိုက်ဆံပိုကုန်မှာကို အင်ဂျင်နီယာကပိုက်ဆံပိုကုန်ပေမဲ့ လုပ်သင့်ပါတယ်လို့ ပြောတယ်၊ ပြောပေမဲ့ ကုမ္ပဏီပိုင်ရှင်က အဲဒါကိုလက်မခံဘဲနဲ့ နည်းပညာအရဆိုရင် မလုပ်သင့်တဲ့အလုပ်ကိုလုပ်မယ်၊ လုပ်ရင်ဘာဖြစ်နိုင်မလဲဆိုရင် ဘေးကင်းလုံခြုံမှုနဲ့ဖြစ်စေ ကြာရှည်ခံမှုနဲ့ဖြစ်စေ လွယ်လွယ်ပြောရရင် ဒီလမ်းတွေဘာတွေဖောက်မယ် လမ်းဖောက်ရင် ဒီလမ်းကကြာရှည်ခံအောင် ဘေးကင်းလုံခြုံအောင်လုပ်ကိုလုပ်ရမယ့် စံချိန်စံညွှန်းတွေက ရှိပြီးသား၊ အဲဒါတွေကအဆန်းမဟုတ်ဘူး၊ နိုင်ငံတကာမှာလဲ ဒီစံချိန်စံညွှန်းတွေကိုသုံးတယ်၊ ဒါပေမဲ့ မြန်မြန်ပြီးချင်တဲ့အခါမှာဖြစ်စေ အကြောင်းကြောင်းကြောင့် ပိုက်ဆံကုန်သက်သာချင်တဲ့အချိန်မှာဖြစ်စေ လုပ်သင့်လုပ်ထိုက်တဲ့စံချိန်စံညွှန်းတွေကို လုပ်သင့်လုပ်ထိုက်တဲ့ Process ပေါ့ အဆင့်ဆင့်လုပ်ဆောင်ရမယ့် စနစ်တွေကိုကျော်ပြီး ပညာရှင်ကလုပ်ရမယ်ဆိုတဲ့ဟာတွေကို မလုပ်ဘဲနဲ့ကျော်တယ်၊ တကယ်တမ်းက ပညာရှင်ကအဲဒီလိုမျိုးဆိုရင် အဲဒီလိုလုပ်တာကို ကန့်ကွက်နိုင်တဲ့ တားဆီးနိုင်တဲ့ စနစ်တစ်ခုရှိခဲ့ရမှာပေါ့။ ဒါပေမဲ့ အဲဒီလိုစနစ်မရှိဘဲနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူက နည်းပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူရဲ့လုပ်ပိုင်ခွင့်ကို ကျော်ပြီးတော့လုပ်ခဲ့တဲ့ကာလတွေရှိခဲ့တာပေါ့နော်။ အဲဒီကာလရဲ့အကျိုးဆက်ကတော့ လမ်းတွေဖောက်တယ် လမ်းတွေကကြာကြာမခံဘူး၊ အဆောက်အဦးတွေဆောက်တယ် အဲဒီအဆောက်အဦးတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့စံချိန်စံညွှန်းတွေ မဖြစ်ဘူး။ ကုန်ပစ္စည်းတွေ စားသောက်ကုန်ပစ္စည်းတွေထုတ်လုပ်တယ် အဲဒီစားသောက်ကုန်ပစ္စည်းတွေက ရှိသင့်ရှိထိုက်တဲ့ စံချိန်စံညွှန်းတွေ မရှိဘူးပေါ့။ အဲဒီတော့ အဲဒီပစ္စည်းတွေအတွက် ကုန်ကျစရိတ်တွေ ရှိတယ်ပေါ့၊ ပြည်သူ့ဘဏ္ဍာနဲ့လုပ်တဲ့လုပ်ငန်းဆိုရင် ပြည်သူတွေကပေးထားတဲ့အခွန်နဲ့လုပ်တဲ့လုပ်ငန်းပေါ့ အဲဒီလုပ်ငန်းတွေက ရှိသင့်ရှိထိုက်တဲ့အရည်အသွေးမရှိဘူးဆိုရင် ပြည်သူတွေမှာနစ်နာတာပေါ့။ အဲဒီလိုနစ်နာတာမျိုးကိုတားဆီးဖို့က ခုနကပြောတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူသည် လုပ်ပိုင်ခွင့်အာဏာရှိတဲ့သူ ဖြစ်ရင်ဖြစ်မယ် ဒီလုပ်ငန်းကိုလုပ်ပိုင်ခွင့်ရှိတဲ့သူ ဖြစ်ရင်ဖြစ်မယ်။ အဲဒီလုပ်ငန်းရှင်က ဒီပညာရှင်ရဲ့လုပ်ပိုင်ခွင့်ကို Overwrite လုပ်လို့မရဖို့အရေးကြီးတာပေါ့။ Overwrite လုပ်လို့ရရင်တော့ အင်ဂျင်နီယာရှိနေရင်လည်း သူကဘယ်လောက်ပဲကန့်ကွက် ကန့်ကွက် ခုနကပြောခဲ့တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရမယ့်ကိစ္စမှာ ဖွံ့ဖြိုးတိုးတက်သင့်သလောက် မဖွှံ့ဖြိုးမတိုးတက်တဲ့ကိစ္စမျိုးတွေက ရှိနေဦးမှာပေါ့။ ဒါကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့ကိစ္စမှာ အင်ဂျင်နီယာတွေရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။
ပြည်တွင်းအင်ဂျင်နီယာလောကအတွက် ဘာတွေများဖြည့်စွက်အကြံပြုချင်ပါသေးလဲ ဆရာ။
အင်ဂျင်နီယာလောကဆိုတာထက် လူငယ်အင်ဂျင်နီယာတွေအတွက်လို့ပဲဆိုရမှာပေါ့နော်။ ကျွန်တော်တို့အတွေ့အကြုံရှိပြီးသားသူတွေကတော့ အခုကျွန်တော်ပြောသွားတဲ့ကိစ္စတွေအကုန်လုံးကို သူတို့ထုတ်မပြောရင်သာရှိမယ် သူတို့အကုန်သိပြီးသားပါ။ လူငယ်အင်ဂျင်နီယာတွေအတွက်ကတော့ ထိုက်သင့်တဲ့အတွေ့အကြုံလုပ်သက် experiences တွေ Exposure တွေ အဲဒါတွေရှိပြီးတဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက အလိုလိုကိုယ့်နောက်ကိုလိုက်လာပါလိမ့်မယ်။ ဒါကြောင့် စစချင်းမှာတော့ လစာကိုမကြည့်ဘဲနဲ့ ကျွန်တော်တို့တုန်းကလည်း လစာကိုအဓိကမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းရဖို့အတွက် အတွေ့အကြုံရဖို့အတွက် အဓိကထားပြီးတော့ လုပ်ခဲ့ရတာတွေရှိပါတယ်။ ဒါကြောင့် ကိုယ်ကသာရွေးချယ်မှုရခဲ့မယ်ဆိုရင်တော့ တကယ်ကိုနှစ်သက်တဲ့ အလုပ်အကိုင်လမ်းကြောင်းမှာ နောင်တစ်ချိန်မှာကိုယ့်အတွက်အကျိုးရှိမယ့် အလုပ်အကိုင်အခွင့်အလမ်းမျိုးကို လစာကိုအဓိကမထားဘဲ ကြိုးစားပြီးလုပ်ဆောင်စေချင်တယ်။ ကျောင်းပြီးသွားပေမယ့် ကိုယ့်ရဲ့လေ့လာမှုကို မရပ်ဘဲနဲ့ အင်ဂျင်နီယာအသင်းလို အသင်းမျိုးတွေကနေတဆင့် သင်ကြားသင်ယူမှုတွေနဲ့အဆက်မပြတ်ဘဲ ကိုယ့်ရဲ့ဝမ်းစာကိုအမြဲဖြည့်တင်း နေစေချင်တယ်။ နောက်တစ်ခါ အခုခေတ်မှာ Internet, Facebook ကနေတဆင့် လူငယ် အင်ဂျင်နီယာတွေနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒါအများကြီးဖြစ်လာပြီးဖြစ်တဲ့အတွက် Facebook ကို social activity တစ်ခုတည်းအတွက် မသုံးဘဲနဲ့ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ပါ သုံးပြီး ကိုယ့်ဝမ်းစာကို ကိုယ်တတ်နိုင်သလောက် ဖြည့်မယ်ဆိုရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။
အင်ဂျင်နီယာများနှင့်ပတ်သက်သည့် ဗဟုသုတများ မျှဝေပေးသည့် ဆရာဦးတင်လတ်အား JobNet မှ အထူးကျေးဇူးတင်ရှိပါသည်။
သင်နဲ့သင့်တော်မယ့် အင်ဂျင်နီယာအလုပ်အကိုင်အခွင့်အလမ်းတွေကို ဒီလင့်လေးမှာ ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။