28th March, 2017

5 Things an Employer seeks in a Job Candidate

 အစိုးရသစ် ပြောင်းလဲမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်ပြီး သိသိသာသာ တိုးတက်ဖြစ်ပေါ်မှုတွေကို တွေ့မြင်နေကြရပါပြီ။ အရင်ကမရှိခဲ့တဲ့ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာပြပွဲတွေကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပြင် နယ်မြို့တွေမှာပါ ပြုလုပ်နေကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားလာရကြောင်း၊ အလုပ်လုပ်သောလူဦးရေမှာလည်း တစ်နေ့တစ်ခြားတိုးပွားလာနေသည့်အတွက် လုပ်ငန်းခွင်ယဉ်ကျေးမှု စတိုင်(လ်)နှင့် အလုပ်ခန့်အပ် နေရာချထားရေး စီမံခန့်ခွဲမှုတွေကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာကြပါတယ်။

 

လုပ်ငန်းခွင် တစ်ခုချင်းစီတွင် Competition လို ကျွန်တော်တို့သိတဲ့ အပြိုင်အဆိုင် ယှဉ်တွဲ လုပ်ဆောင်ရတဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား မြင့်မားစွာ နေ့စဉ်ကြုံတွေ့လာနေရပြီး အပြောင်းအလဲတွေ အဖြစ်များနေတဲ့ ကျွန်တော်တို့နိုင်ငံရှီ အလုပ်လုပ်နိုင်ကြတဲ့ အသက်အရွယ် အပိုင်းအခြားလူတန်းစားတရပ်လုံး၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖြစ်မြောက်သော အပြောင်းအလဲတစ်ခုကို တောင်းဆိုနေသော စိန်ခေါ်မှု ကာလ အပိုင်းအခြားအဖြစ် တွေ့ကြုံနေကြရတာ အားလုံး အသိပဲဖြစ်ပါတယ်။  နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမှုတွေ တဖြည်းဖြည်းများလာနေတဲ့ ကျွန်တော်တို့ နိုင်ငံက အလုပ်လုပ်ကြမည့် လူငယ်ထုတွေအတွက် အခုအချိန်မှာ လုပ်ငန်းရှင်တွေ စောင့်စားမျှော်လင့်နိုင်တဲ့ Personal Key Skill (PKS) လို့ ခေါ်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး (၅)ခုကို အခု ဒီ အခွင့်အလမ်းဂျာနယ်ဖတ်၊ အလုပ်ရှာလူငယ်ထုအတွက် တစ်ခုချင်းစီတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါသည်။

 လုပ်ငန်း၏လိုအပ်သောအရည်အချင်းကိုက်ညီမှု  အလုပ်လျှောက်ဖို့အတွက် ကိုယ်ရေးရာဇ၀င်မရေးမီ ဒီအချက်ကို အရင်ဆုံး စဉ်းစားရမှာပါ။            အလုပ်ခေါ်ကြော်ငြာစာအများစုမှာ သူတို့ အလိုရှိတဲ့ ပညာအရည်အချင်း၊ အတွေ့အကြုံ စတဲ့ အရည်အသွေး (Skills) တွေကို တစ်ခါတည်းထည့်သွင်းဖော်ပြတတ်ကြပါတယ်။ ဒါပေမယ့် အခုကျွန်တော်တင်ပြမည့် ဒီအချက်တွေက လုပ်ငန်းရှင်တွေနှင့် လူ့စွမ်းအားအရင်အမြစ် (HR) စီမံခန့်ခွဲသူတွေ နာရီပိုင်းသာ လူတွေ့လေ့လာခွင့်ရသော Interview တွေမှ ပထမဆုံး ခေါင်းကိုက်ရတဲ့ ကိစ္စတွေလည်းဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ ပါဝင်နိုင်တဲ့ အခြေခံအကျဆုံးအကြောင်းအရာတွေကတော့ အလုပ်ရဲ့တာဝန်တွေကို အကောင်အထည်ဖော်ဆောင်လုပ်ကိုင်နိုင်ခြင်း၊ ပြောင်မြောက်သွက်လက်စွာ ချိတ်ဆက်ပြောဆိုဆက်သွယ်နိုင်ခြင်း၊ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် တာဝန်ရှိတဲ့ခံစားမှု အပြည့်ဖြင့် ပြီးမြောက်ချိန်ထိလုပ်ဆောင်နိုင်ခြင်း၊ ပြုလွယ်ပြီး သဘောထားကြီးသော ရပ်တည်မှုရှိခြင်း၊ ခိုင်မာသောစိတ်ထားနှင့် ညှိနှိုင်းရအဆင်ပြေသော ပုဂ္ဂုလ်ရေးအရ ယုံကြည်မှုရရှိနိုင်သည့် ကိုယ်ရည်ကိုယ်သွေးရှိခြင်း စသည့် အချက်တွေဖြစ်ပါတယ်။

 

ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်လုပ်ကိုင်မှုဆိုင်ရာ အရည်အသွေးတွေကို တိုင်းတာရာမှာ ဒီအချက်တွေကို အဓိကထားပြီး အမှတ်ပေးတတ်ကြပါတယ်။ ထို့ကြောင့် ဒီလို ကိုယ်ရည်ကိုယ်သွေးတွေအတွက် သင့်အနေဖြင့် ပညာနှင့် အတွေ့အကြုံတွေအပြင် လုပ်ငန်း၏ လိုအပ်သော အရည်အသွေးကိုက်ညီမှုအတွက် လေ့ကျင့်ထားသင့်သော အချက်တွေပဲ ဖြစ်ပါတယ်။     

 

ရိုးသားဖြောင့်မတ်တည်ကြည်မှု   

ဒီအချက်က လူပုဂ္ဂိုလ်တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံမှုကနေတဆင့် တကယ့်ကို အလွယ်တကူ သိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလူရဲ့ ရိုးသားဖြောင့်မတ်တည်ကြည်မှုကို အလွယ်တကူသိရနိုင်သ်ာလည်း ဒါက သူရဲ့ အရှိအတိုင်ဖြစ်တည်နေတဲ့ အရည်အချင်းဖြစ်သည့်အတွက် mind-set လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအဆောက်အဦးရဲ့ အတွင်းပိုင်းကနေစပြီးပြုပြင်၊ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်း၊ အဖွဲ့အစည်းနှင့် တာဝန်တစ်ခုချင်းစီ၏ အထမြောက်အောင်မြင်မှုရဲ့ ကျောရိုးမဏ္ဍိုင်လည်းဖြစ်ပါတယ်။

 စိတ်ဝင်စားစရာဖြစ်ခြင်း

အလုပ်ခန့်မည့်အလုပ်ရှင်တွေ မျှော်လင့်နေတာက မှတ်သားစရာကောင်းပြီး မှတ်မှတ်ရရဖြစ်စေသော၊ စွန့်လွှတ်အနစ်အနာခံတတ်သော၊ ညဉ်းတွားမှု မရှိပဲ အလုပ်လုပ်သော ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုလူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သူတို့လုပ်ငန်းရဲ့ ၀န်ထမ်းကောင်အဖြစ် သတ်မှတ်တာဝန်ပေးရန် သူတို့ စိတ်ဝင်စားကြပါတယ်။ ဒီလိုစိတ်ဝင်စားစရာ အရည်အချင်းတွေကို အလုပ်ရှင်တွေက ဘယ်လိုခန့်မှန်းရနိုင်သလဲ? ဒါတွေက အများအားဖြင့် အလုပ်ပြင်ပ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ ဥပမာ- သင့်အနေနဲ့ မာရသွန် အပြေးပြိုင်ပွဲတွေမှာ ၀င်ပြေးခဲ့တဲ့ အတွေ့အကြုံ၊ အားကစားပြိုင်ပွဲများမှ ဆုတစ်ခုခုရရှိခဲ့တာတွေ၊ ကိုယ့်ရပ်ရွာဒေသက ဆေးရုံဆေးပေးခန်းတွေမှာ ပါဝင်ကူညီလုပ်ဆောင်မှုတွေ၊ ဒါတွေကို သင့်အနေနဲ့ သူတို့နှင့်တွေ့ဆုံတဲ့အခါ ထုတ်ဖော်သင့်ပါတယ်။ အခုလို အတွေ့အကြုံမျိုးတွေဟာ သင့်ကို အရည်အချင်းတူ အများကြီးထဲမှ တစ်ယောက်အဖြစ် ရပ်တည်မှုကို အထောက်အကူဖြစ်စေပြီး သင့်ရဲ့ အပြင်ပန်းဘ၀၏ အကောင်းဖက် အလုပ်လုပ်မှုဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး သရုပ်မှန်ကို နားလည်နိုင်ပါသည်။ ဒီလို ပရဟိတစိတ်ဓါတ်နဲ့ အတွေ့အကြုံကောင်းတွေကို သူတို့ရဲ့ ကုမ္ပဏီမှာ မျှဝေပေးနိုင်မယ့် ၀န်ထမ်းတွေကို အလုပ်ပေးမယ့် လုပ်ငန်းရှင်တွေက စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ 

 

အသိပညာဗဟုသုတကြွယ်ဝမှု

အလုပ်ခန့်မယ့်သူက အလုပ်လျှောက်မယ့် သင့်ကို စိတ်ဝင်စားစရာ အကောင်းဆုံး ၀န်ထမ်းအဖြစ် အသိအမှတ်ပြုရန်လိုအပ်ပါသည်။ အလုပ်လျှောက်တဲ့အခါမှာ ကိုယ်လျှောက်တဲ့ ကုမ္ပဏီ၏အကြာင်းကို တတ်နိုင်သလောက်ရအောင် ရှာဖွေပြီး အင်တာဗျူးနေ့မှာ ယုံကြည်မှု အပြည့်နှင့် အင်တာဗျူးသူရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်အောင် ကြိုတင်ပြင်ဆင်ပါ။ ကိုယ်လျှောက်တဲ့ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ကုန်ပစ္စည်း၊ ထုတ်ကုန်၊ ၀န်ဆောင်မှု၊ ပိုင်ရှင်အမည်နှင့် မန်နေဂျာအမည် စသည့်အချက်များကို တတ်နိုင်သမျှ မဖြစ်မနေသိအောင်လုပ်ပြီး အင်တာဗျူးတွင် အဓိက စဉ်းစားခံရသူအဖြစ် ဖန်တီးလိုက်ပါ။ ဥပမာ- သေးငယ်တဲ့ လုပ်ငန်းကုမ္ပဏီတွေမှာ စားသုံးသူဖောက်သည်နှင့် ကုမ္ပဏီတွေဟာ အကျိုးပြုစားသုံးသူဖောက်သည် တစ်ယောက်ခြင်းစီအပေါ် မဆုံးရှုံးရအောင် အထူးအလေ့ ဂရုပြု ၀န်ဆောင်မှုပေးဖို့ လိုအပ်ပါသည်။ ဒီအချက်ဟာ corporations တွေလို ကုမ္ပဏီကြီးတွေနဲ့ ကုမ္ပဏီသေးတွေရဲ့ ခြားနားချက်တစ်ခု ဖြစ်နေသည့်အတွက် အလုပ်ရခဲ့ရင် တာဝန်ယူမှုအပိုင်းတွေမှာပါ ဒီခြားနားချက်အကျိုးဆက်တွေကို ခံစားရနိုင်ပါသည်။            သို့ဖြစ်၍ အလုပ်မလျှောက်မှီ မိမိ လျှောက်မယ့် ကုမ္ပဏီ၏ နောက်ခံသမိုင်းကြောင်းကို သိထားတာဟာ အင်တာဗျူးသူနှင့် အလုပ်လျှောက်သူတွေကို ကောင်းကျိုးပေးပါတယ်။     

 

ယဉ်ကျေးပျူငှာမှုရှိခြင်း

သဘာသမှတ်ကျသော စိတ်နေစိတ်ထား၊ မိမိနှင့် ဆက်ဆံပတ်သက်သူတွေအပေါ် အလေးဂရုပြုမှု၊၊ ကတိက၀တ်စောင့်စည်းမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လောဘ၊ဒေါသ၊မောဟတွေကို အလုပ်နှင့် ခွဲခြားတတ်မှုစတာတွေဟာ ယဉ်ကျေးပျူငှာမှုရှိသော လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ လေ့ကျင့်စရာကောင်းသော အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ သဘာဝကျသော ပုဂ္ဂိုလ်ရေးဖြစ်တည်မှု၊ စစ်မှန်သော ကိုယ်ရည်ကိုယ်သွေး၊ အသိပညာ ဗဟုသူတကြွယ်ဝမှုနှင့် အကောင်းမြင်စွာ တွေးခေါ်ယူဆတတ်မှုတွေဟာ သင့်စိတ်ကူးအိပ်မက်ထဲက သင့်ရဲ့ဘ၀ဖြစ်တည်မှုကို ကိုယ်စားပြုသော ရာထူးတာဝန်တွေကို လုပ်ငန်းရှင်တွေက သင့်ဆီအရောက်ယူဆောင်လာပေးစေမည့် စွမ်းအားတွေပဲ ဖြစ်ပါတယ်။  

 

အောင်ဖုန်းသူ