29th May, 2018
Career Path Choosing Ways for Fresh Graduate
Share
Blog Link Copied
အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်တော့မယ်ဆိုရင်
ဒီနေ့ခေတ်ကာလမှာ အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီး ပေါ်ထွက်လာတယ် ဆိုပေမဲ့ ကျောင်းပြီးခါစ လူငယ်တွေအဖို့တော့ ပထမဆုံးအလုပ်ရဖို့ဆိုတာ အနည်းငယ် ခက်ခဲနေပါလိမ့်မယ်။ ကျောင်းတက်နေရင်းနဲ့ပဲ တစ်ဘက်မှာလည်း ဂရပ်ဖစ်ဒီဇိုင်း ၊ စာရင်းကိုင်ပညာရပ် နဲ့ ဘာသာစကားသင်တန်းတို့လို သင်တန်းတွေကိုလည်း သင်ထားခဲ့ကြတော့ ကျောင်းပြီးသွားချိန် အလုပ်အကိုင်လမ်းကြောင်း ချမှတ်ဖို့အတွက် ရွေးချယ်တဲ့အခါမှာတော့ တတ်မြောက်တာတွေများခဲ့တဲ့အတွက် ဘယ်လမ်းကြောင်းကို လိုက်ရမယ်မှန်းမသိ ဖြစ်နေတတ်ကြပါတယ်။ အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ အလုပ်အကိုင်လမ်းကြောင်း ရှာဖွေနေတဲ့ လူငယ်တွေအတွက် ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုနည်းလမ်းနဲ့ ဆန်းစစ်ရှာဖွေမလဲဆိုတာပဲဖြစ်ပါတယ်။
(၁) ၀ါသနာနဲ့တစ်ထပ်တည်းဖြစ်မယ့် အလုပ်အကိုင်ကိုရှာပါ
လူတိုင်းဟာ ကိုယ်ရွေးချယ်တဲ့လမ်းကြောင်းပေါ်မှာ ပျော်ရွှင်ချင်ကြသူတွေချည်းပါပဲ။ ကိုယ့်ရွေးချယ်တဲ့ အလုပ်အပေါ် ပျော်နေတယ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေကိုတောင် ကျော်ဖြတ်နိုင်ပါတယ်။ Apple ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စတိဗ် ဂျော့ဘ်က “ ကြီးကျယ်ခမ်းနားတဲ့အလုပ်ကို လုပ်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ်လုပ်တာကို သဘောကျချစ်မြတ်နိုးနေဖို့ပါပဲ။ အဲ့တာကို ရှာမတွေ့သေးဘူးဆိုရင် ဆက်ပြီးတော့ရှာပါ။ အထိုင်မချလိုက်ပါနဲ့ ” လို့ ပြောဖူးပါတယ်။ အဝတ်အစားလှလှလေးတွေရွေးချယ်ရတာ၊သူငယ်ချင်းတွေကိုအဝတ်အစားရွေးပေးရတာကိုပျော်ရွှင်နေတတ်သူဆိုရင် တစ်ချိန်မှာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်လာနိုင်သလို ဖက်ရှင်နဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ဝင်ရောက်နိုင်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုရင်လည်း အဲ့တာနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်တွေ အများကြီးရှိတာမို့ အဓိကကတော့ ကိုယ်တကယ်စိတ်ပါဝင်စားတဲ့အရာကို သိနေဖို့ပါပဲ။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုတိုင်းဟာ အလုပ်အကိုင်လမ်းကြောင်းတွေ ရှိနေပါတယ်။
(၂) ကိုယ်ထူးချွန်တဲ့အပိုင်းကိုမမေ့ပါနဲ့
သင်တန်းတွေ အများကြီး တက်ထားပြီး အလုပ်တိုင်းကိုလည်း စိတ်ဝင်စားနေတယ်ဆိုရင်တော့ အလုပ်အကိုင်လမ်းကြောင်းရွေးချယ်တဲ့အခါပိုချင့်ချိန်တွက်ချက်ရပါတယ်။ကိုယ်တတ်မြောက်ထားတဲ့အရာတွေထဲမှာ ဘယ်အရာကို အကျွမ်းကျင်ဆုံးလဲဆိုတာကို သိပါစေ။ ပြီးရင်တော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပြန်ညှိပြီးကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုအာရုံစိုက်ကြည့်ပါ။ကိုယ်ပိုင်ဆိုင်ထားတဲ့ပင်ကိုယ်အရည်အသွေးတွေက အလုပ်အကိုင်လမ်းကြောင်းရွေးတဲ့အခါ ထည့်သွင်းတွက်ချက်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဥပမာ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုရင် Sale & Marketingအပိုင်းတွေ၊လူမှုဆက်ဆံရေးနဲ့ဆက်စပ်လုပ်ရတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာ အဆင်ပြေနိုင်ပါတယ်။
(၃) Internship
ငွေရေးကြေးရေးပိုင်းက ပထမဦးစားပေး မဟုတ်သေးဘူးဆိုရင် ကိုယ်ဝါသနာပါတဲ့လုပ်ငန်းခွင်တွေမှာ Internship ဆင်းတာက ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်တဲ့နေရာမှာ စမ်းသပ်နိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ လုပ်ငန်းခွင်သဘောတရားတွေကိုလည်း သိနိုင်မယ့်အပြင် အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း ရနိုင်ပါတယ်။ ကိုယ်တကယ်စိတ်ပါဝင်စားပြီး အလုပ်သင်ကာလမှာတင် ကောင်းကောင်းလုပ်ပြနိုင်မယ်ဆိုရင်တော့ အချိန်ပြည့်အလုပ်ပါ တစ်ခါတည်းရနိုင်တဲ့အခွင့်အရေးတွေ လုပ်ငန်းခွင်တွေမှာရှိတတ်ပါတယ်။ သဘောမကျဘူးဆိုရင်လည်း တခြားအလုပ်အကိုင်လမ်းကြောင်းကို ပြောင်းလဲနိုင်ပါတယ်။
(၄) အနာဂတ်မှာဘယ်လောက်ထိရောက်နိုင်မလဲ
ကိုယ်လုပ်မယ့်အလုပ်အကိုင်လမ်းကြောင်းဟာ ဘယ်အထိ ခရီးရောက်နိုင်သလဲဆိုတာကို plan ချမှတ်ကြည့်ပါဦး။ အလုပ်လုပ်တယ်ဆိုတာက မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ တစ်သမတ်တည်းပြေးနေရတာမျိုးလည်း မဖြစ်သင့်ဘူး။ လှေကားတွေလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားရတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကိုယ်စလျှောက်လိုက်တဲ့ အလုပ်အကိုင်လမ်းကြောင်းက ကိုယ့်ဘဝကို ဘယ်လောက်ထိ တိုးတက်မြင့်မားစေနိုင်မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
အပေါ်မှာ ပြောပြထားတဲ့ အချက်တွေက ကျောင်းပြီးလို့ အလုပ်လျှောက်တော့မယ့် လူငယ်တွေအတွက် ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားဖို့ ဖြစ်ပါတယ်။ ကိုယ်သွားချင်တဲ့ အလုပ်အကိုင်လမ်းကြောင်းကို သိပြီဆိုရင်တော့ သက်ဆိုင်ရာနယ်ပယ်ကို ဝင်ဖို့အတွက် ပိုပြီးလေ့လာဖို့လိုပါသေးတယ်။ ဒါ့အပြင် နောက်ထပ် ပြင်ဆင်ထားရမှာတော့ ကိုယ့်ရဲ့စိတ်နေစိတ်ထားပါ။ ကျောင်းတုန်းကလိုမျိုး ကလေးဆန်ဆန် ပြုမူတာတွေ၊ စိတ်မြန်လက်မြန်လုပ်တာတွေကို နည်းနိုင်သမျှနည်းသွားအောင် လျှော့ချဖို့ လိုပါတယ်။ ချင့်ချိန်စဉ်းစားပြီးမှ ဆုံးဖြတ်ဖို့၊ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ ကိုယ့်ရဲ့အလုပ်အကိုင်အပေါ်မှာ အလေးထား တာဝန်ယူတတ်ဖို့တွေလည်း လိုတာကြောင့် စိတ်နေစိတ်ထားကိုပါ ကြိုတင်ပြင်ဆင်သင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်။