19th October, 2018

CV ထဲက ဒီအမှားတွေကိုပြင်ရင် အလုပ်ရဖို့အခွင့်အရေး ပိုများပါတယ်

အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်း (CV) ရေးတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းတွေကို စာနည်းနည်းနဲ့ လိုရင်းရောက်အောင် ထိထိမိမိ ဖော်ပြနိုင်ဖို့ လိုပါတယ်။ CV ကို မြင်လိုက်တာနဲ့ အလုပ်အတွက် အင်တာဗျူးခေါ်ယူသွားအောင် ရေးနိုင်ဖို့ကလည်း ထင်သလောက်မခက်ပါဘူး။ ဒါပေမဲ့ လိုအပ်တာတွေ ဖော်ပြရမယ့်အစား မလိုတာတွေ ထည့်သွင်းဖော်ပြတာများနေရင် အလုပ်ခန့်မယ့်လူတွေက ကိုယ့်ရဲ့ CV ကို မကြည့်ဘဲ ကျော်သွားပါလိမ့်မယ်။ CV ထဲမှာ ပါလေ့ရှိတဲ့ ဒီအမှားလေးတွေကို ဆင်ခြင်ပြုပြင်လို့ရအောင် ဖော်ပြလိုက်ပါတယ်။

 

၁) စာလုံးပေါင်း/သဒ္ဒါအမှားများ

မြန်မာလိုပဲရေးရေး အင်္ဂလိပ်လိုပဲရေးရေး စာလုံးပေါင်းနဲ့ သဒ္ဒါ (grammar) မှန်ဖို့လိုပါတယ်။ စာအထားအသိုမှားယွင်းရင် အဓိပ္ပာယ်လွဲသွားမယ့်အပြင် သတ်ပုံအမှားအယွင်းတွေကြောင့် ကိုယ့်ကိုပေါ့ဆသူအဖြစ် မြင်သွားနိုင်လို့ပါ။

 

၂) အချက်အလက်တိကျမှုမရှိခြင်း

အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းသူခေါ်ယူတဲ့အခါ လျှောက်ထားသူဟာ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအောင်မြင်မှုတွေ ရှိခဲ့တယ်ဆိုတာ သိဖို့လိုပါတယ်။ ဥပမာပြောရရင် “စားသောက်ဆိုင်မန်နေဂျာအဖြစ် လုပ်ဖူးသည်” ဆိုတဲ့ ဖော်ပြမှုနဲ့ “ နှစ်စဉ် ရောင်းအား သိန်း ၂၀၀၀ ရှိသော စားသောက်ဆိုင်တွင် ဝန်ထမ်း အယောက် ၈၀ ကို စီမံခန့်ခွဲသည့် မန်နေဂျာအဖြစ် ၃ နှစ် လုပ်ကိုင်ဖူးသည်” ဆိုတာမျိုးပဲ ဖြစ်ရပါမယ်။ ဝန်ထမ်းတွေကို ဘယ်လိုမျိုး စီမံတယ်၊ ဆိုင်အတွက် ဘယ်လိုတွေ လုပ်ကိုင်ရတယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြရပါတယ်။

 

၃) ပြီးစလွယ်ရေးတဲ့ CV

တချို့တွေရဲ့ CV က အရမ်းရိုးရှင်းလွန်းပါတယ်။ CV ဆိုတာ ကိုယ်ရေးအကျဉ်းချုပ်ကို ဖော်ပြနိုင်ရမယ့်အပြင် မိမိမှာရှိနေတဲ့ အရည်အချင်းတွေနဲ့ အလုပ်ရှင်က ခေါ်ယူချင်လာအောင် ဆွဲဆောင်ရတာပါ။ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ အခြားတတ်မြောက်ထားတဲ့အရာ စတာတွေ မဖြည့်ထားတဲ့ CV က ပျင်းစရာကောင်းနေပါလိမ့်မယ်။

 

၎) လုပ်ငန်းပြီးမြောက်မှုအစား တာဝန်များကိုပဲ ဦးစားပေးဖော်ပြမှု

အလုပ်အရမ်းလုပ်ရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ လုပ်ခဲ့ရကြောင်း ဖော်ပြကြပါတယ်။ အဲ့ဒီအခါ ကိုယ်တာဝန်ယူရတာတွေကိုပဲ ဖော်ပြနေထားတာ မမှန်ကန်ပါဘူး။ ကိုယ့်ရဲ့တာဝန်တွေက ရာထူးအလိုက် များပြားတယ်ဆိုတာ အလုပ်ခန့်မယ့် မန်နေဂျာ/အလုပ်ရှင်ဘက်က သိထားပြီးသားပါ။ တာဝန်တွေနဲ့အတူ အောင်မြင်ပြီးမြောက်မှုတွေကိုပါ ဖော်ပြနိုင်မှ အလုပ်ခန့်ချင်မှာပါ။ ကိုယ့်ကြောင့် လုပ်ငန်းဘယ်လိုတိုးတက်အောင်မြင်သွားတယ်ဆိုတာကိုလည်း မပျက်မကွက် ဖော်ပြဖို့ မမေ့ပါနဲ့။ ထူးချွန်ဆုတွေ ရရင်လည်း CV ထဲမှာ ဖော်ပြနိုင်ပါတယ်။

 

၅) ရှုပ်ထွေးတဲ့ CV

အလုပ်ခေါ်ယူသူတွေဟာ လာလျှောက်တဲ့ CV တွေ အများကြီးကို ဖတ်ရှုပြီးမှ သင့်လျော်လောက်မယ့်လူကိုပဲ ရွေးပြီး အင်တာဗျူးခေါ်တာပါ။ မလိုအပ်တဲ့ အချက်အလက်တွေ အများကြီး ဖြည့်ထားတာမျိုး၊ စာတွေကို ချဲ့ကားရေးသားပြီး စာမျက်နှာတွေ အရမ်းများနေရင် ဖတ်ရသူက ပျင်းသွားနိုင်ပါတယ်။ သူ့အမြင်မှာ ရှင်းလင်းပြီး ပေါ်လွင်နေမှ ကိုယ့် CV လေးက မျက်နှာပန်းလှမှာပါ။

 

၆) အချက်အလက်အမှား

ယနေ့ခေတ်မှာ နည်းပညာက အရမ်းကို တိုးတက်ပြောင်းလဲနေပါပြီ။ ကိုယ့်ရဲ့ CV ကို မြင်လိုက်တာနဲ့ နောက်ကြောင်းလိုက်ပြီး စုံစမ်းကြတော့မှာပါ။ CV ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဟုတ်၊ မဟုတ် ရှာဖွေစစ်ဆေးကြပါတယ်။ ကိုယ်က လိမ်ညာဖြည့်စွက်ထားတဲ့ အချက်အလက်တွေကို အလုပ်ရှင်ဘက်က ရှာတွေ့သွားရင် ကိုယ့်အတွက်နစ်နာပါတယ်။ ဥပမာ နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ ဌာနမှာ ရာထူးတစ်ခုနဲ့ ကာလအပိုင်းအခြားတစ်ခုထိ လုပ်ခဲ့ဖူးတယ်ဆိုရင် သူတို့က အဲ့ဒီကုမ္ပဏီဘက်ကို မေးမြန်းစုံစမ်းတာမျိုး လုပ်လေ့ရှိပါတယ်။ နည်းပညာကောင်းတဲ့ ကုမ္ပဏီတွေဆိုရင် အင်တာနက်ပေါ်မှာပါ မိမိရဲ့အကြောင်းကို ရှာဖွေတာမျိုး လုပ်ကြပါသေးတယ်။ ဒါကြောင့် အချက်အလက်တွေ ဖြည့်သွင်းတဲ့အခါ မှားယွင်းတာရော လိမ်ညာဖြည့်သွင်းတာရောက ရှောင်ကြဉ်ရမယ့်အရာတွေ ဖြစ်ပါတယ်။

 

CV တစ်စောင်ဟာ များသောအားဖြင့်တော့ A4 စာမျက်နှာ နှစ်ရွက်လောက်ပဲ ဖော်ပြရင် လုံလောက်ပါပြီ။ တိုလွန်း ရှည်လွန်းတဲ့ CV တွေက သာမန်နဲ့ ထူးမခြားနားပါပဲ။ CV ကောင်းကောင်းတစ်စောင် ဘယ်လိုရေးမလဲဆိုတာကိုတော့ ဒီလင့်ခ်မှာနှိပ်ပြီး လေ့လာနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို ရှာဖွေနိုင်ဖို့ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက် www.jobnet.com.mm က သင့်ကို ကူညီပေးမှာပါ။ အခုပဲ CV တစ်စောင် ကောင်းကောင်းရေးသားပြီး ဝက်ဘ်ဆိုက်ပေါ်မှာ register လုပ်ရုံနဲ့ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို ရယူနိုင်မှာ ဖြစ်ပါတယ်။