အများက“I want to be rich” ဆိုပြီးတော့ပေါ့။ ထိုလူအများက“I want to be wealthy” လို့ မပြောကြပါဘူး။ Wealth ဆိုတဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ သင့်ဆီမှာ တစ်စုံ တစ်ခု အမြောက်အများ (Abundance) ရှိလို့ ဘယ်အရာကမှ လာမဖျက်ဆီးနိုင် ဘူးလို့ ဆိုတာပါ။ Rich က ကျတော့ သင့်ဆီမှာ ပိုက်ဆံအမြောက်အမြားရှိတယ်၊ ဒါပေမဲ့ အဲဒါတွေကို (Wealth အဖြစ်မပြောင်းနိုင်ရင်) သုံးရင်းနဲ့ ကုန်သွားမှာပါတဲ့။ Wealthy မဖြစ်စေတဲ့ အမှား ၈ ခုရှိပါတယ်။ ထိုအမှားများကိုရှောင်နိုင်ပါစေ။
၁။ လွတ်လပ်မှု (freedom) ကို မရှာဘဲ သာယာမှု (Comfort) ကိုသာရှာခြင်း။
လူလတ်တန်းစားတွေဟာသာယာမှုဇုန် (Comfort Zone) ထဲမှာပဲနေနေကြပါတယ်။ အဲဒီ သာယာမှုဇုန်ဆိုတာကပဲ သူတို့ ချမ်းသာလာမှာကို ဟန့်တားတာပါ။ ကြွယ်ဝချမ်း သာတဲ့သူတွေကျတော့ Comfort ဆိုတာထက် Freedom ကို သာ ရှာဖွေကြပါတယ်။ ခေတ္တခဏသာယာခြင်းကို အာရုံစိုက်ဦးစားမပေးဘဲ သည်းခံရှာဖွေစုဆောင်းလိုက်ပါ။
၂။ ဖြန့်ကျက်ရင်းနှီး မြှုပ်နှံခြင်း (Diversification)။
ဖြန့်ကျက်ရင်းနှီးခြင်းဟာ လူအတွေ အတွက်ပဲလို့ ဘီလျံနာ မာ့ခ်ကူဘင်းက ဆိုပါတယ်။ ဝေါ့စထရိက သူ့ရဲ့အကျိုးစီးပွားအတွက် Diversification ကို လူတွေလိုက်လုပ်အောင် မြူဆွယ်ခဲ့တာမှာ အလွန်အောင်မြင်တယ်လို့ ဆိုရမှာပဲ။ ဖြန့်ကျက် ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ့်ငွေရင်းတွေကို ဟိုတစ ဒီတစ ခွဲဝေထည့်ထားပြီး လုပ်ငန်းများစွာကို တပြိုင်နက် တည်းလုပ်ခြင်းပါ။ အန်ထရူးကာနက်ချီကတော့ကြက်ဥတွေကို တောင်းတလုံးထဲထည့် ပါ၊ ပြီးရင်တော့သေချာဂရုစိုက်ပါ၊ လို့ဆိုခဲ့ပါတယ်။ အချို့တွေကတော့ တောင်းတလုံးထဲ မှာကြက်ဥအားလုံးမထည့်သင့်ဘူးလို့ဆိုကြပါတယ်။စွန့်စားမှုများလွန်းတာမကောင်းပါ။
၃။ ၀င်ငွေရလမ်းတစ်ခုတည်းအပေါ်မှာပဲ ရပ်မနေပါနဲ့။
ကျွန်ုပ်နဲ့အသိ အမှုဆောင်အရာရှိ အမျိုးသမီးဟာ တနှစ်ကို ဒေါ်လာ သုံးသိန်းခွဲ ၀င်ငွေ ရှိပါတယ်။ ဒါဟာ တကယ့်ထိပ်တန်း အမှုဆောင်အရာရှိ တစ်ရာခိုင်နှုန်းလောက်ကပဲ ရတဲ့ ၀င်ငွေပါ။ ဒါပေမဲ့ သူ့ရဲ့ ကုမ္ပဏီဟာ များမကြာမီမှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါ တယ်။ သူလဲပဲ ၀င်ငွေမဲ့အဖြစ် တမဟုတ်ချင်း ရောက်သွားပါတော့တယ်။ ဒါကြောင့် ချမ်းသာကြွယ်ဝမှုကို လိုချင်ရင်တော့ သင့်ရဲ့ အဓိက၀င်ငွေရလမ်းတခုထဲကို မူမတည် ဘဲဝင်ငွေရနိုင်မယ့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လိုလာပါပြီ။ ဒါဟာ Diversification နဲ့ ခြားနားပါတယ်။ ဥပမာအားဖြင့် – တိုက်ခန်းငှားထားတာမျိုး၊ ဒါမှမဟုတ် မိတ်ဖက်ပါတ နာအနေနဲ့ ငွေကြေးထည့်ဝင်ထားတာမျိုးပါ။ အဲလိုအလုပ်မျိုးတွေက သင့်ကိုယ်တိုင် အလုပ်မလုပ်ရဘဲ ၀င်ငွေ ရနေစေမှာဖြစ်လို့ ၀င်ငွေအားဖြည့်ခြင်း (Fortification) လို့ ခေါ် ဆိုရမှာဖြစ်ပါတယ်။အဲဒါဆိုရင် တော်ရုံနဲ့ ဒုက္ခမရောက်ပါ။
၎။ မိမိကိုယ်ကိုတခြားသူများနဲ့ နှိုင်းယှဉ်ခြင်း။
လူအများဟာ ကိုယ့်ကိုယ်ကိုဖြေသိမ့်ဖို့အတွက် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ စဉ်းစားကြည့်ပါ။ အဲဒီလို နှိုင်းယှဉ်နေရုံနဲ့ သင်ဝင်ငွေတွေ ရလာပါ့မလား။မနှိုင်း ယှဉ်သင့်ဘဲ ကိုယ့်ကိုလိုက်နှိုင်းယှဉ်နေသူတွေလည်း ၀င်ငွေရနိုင်ကြပါမလား။ အချိန်ကုန် လူပင်ပန်းရုံဘဲရှိပြီး ယှဉ်ပြိုင်ရင်းဘ၀အားလုံး အချိန်ကုန်လေလွင့်ဆုံးရှုံးကုန်ကြပါလိမ့်မယ်။
၅။ ခဏခဏ အသစ်ပေါ်နေတတ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း။
နောက်ဆုံးပေါ် နည်းပညာသုံးပစ္စည်းများဟာ အရှိန်အဟုန်မြင့်စွာ ပြောင်းလဲတိုးတက် နေတာကြောင့် အဲလိုနေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံတာကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ကမာ့္ဘအချမ်းသာဆုံးတစ်ဦးဖြစ်တဲ့ ၀ါရင်းဘတ်ဖက်ဆိုရင်လျှပ်စစ်၊မီးရထား၊ဘဏ်၊အာ မခံ၊ ဖျော်ရည်လုပ်ငန်း၊ အစားအစာနဲ့ သကြားလုံးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်။ ချမ်းသာသူများဘယ်လိုရင်းနှီးမြုပ်နှံလည်းဆိုတာကို စူးစမ်းလေ့လာပါ။
၆။ သက်သေသာဓကမရှိဘဲနဲ့ အယုံလွယ်ခြင်း။
ကျွန်ုပ်ယုံကြည်ခဲ့မိပြီး မှန်မယ်ထင်စွန့်စားရတဲ့လုပ်ငန်းမှာလူတစ်စုရဲ့အလိမ်အညာကို ခံခဲ့ရဖူးပါတယ်။ မီလျံနဲ့ ချီတဲ့ ငွေတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့်သင့် ရဲ့အပေါ်ယံထင်မြင်မှုတွေကို လျစ်လျူရှု့ပြီး လေးစားနိုင်စွမ်းရှိတဲ့သက်သေတွေနဲ့ မှန် ကန်စွာ အလုပ်လုပ်ပါ။ သက်သေနဲ့အလုပ်လုပ်ဖို့မ၀ံ့မရဲဖြစ်နေတဲ့လူတွေနဲ့ဆိုရင်ဘာ အလုပ်မှတွဲမလုပ်ပါနဲ့။
၇။ ပိုက်ဆံကို ခြစ်ကုတ်စုဆောင်းနေခြင်း။
ပိုက်ဆံစုနေယုံနဲ့တော့ သင်ကြွယ်ဝချမ်းသာလာမှာ မဟုတ်ပါဘူး။ ဘဏ်ကပေးတဲ့ အတိုးနှုန်းဆိုတာက ငွေကြေးဖောင်းပွမှုကို ကာမိယုံလေးပါ။ အဲဒီထက် နည်းနည်း လေးပွားဖို့ကို ဆယ်စုနှစ်တစ်ခုလောက်တောင် အချိန်ယူရပါဦးမယ်။ နောက်ဆုံးမှာ ငွေစုတယ်ဆိုတာအရေးပေါ်တစ်ခုခုပေါ်လာရင်ထုတ်သုံးဖို့ဘဲဖြစ်သွားတတ်ပါတယ်။
၈။ ဟန်ပြသုံးစွဲပြခြင်း။
လူတချို့ရှိပါတယ်။ ကိုယ့်မှာ ဘာမှလဲ မရှိဘဲနဲ့ တခြားလူအထင်ကြီးအောင် ဟန်ပြ သုံးစွဲပြကြပါတယ်။ နာမည်ကြီး Brand တွေဝယ်သုံးမယ်၊ စားသောက်ဆိုင်ကောင်း ကောင်းတွေမှာ သုံးစွဲပြပါလိမ့်မယ်။ အဲလိုလူတွေဟာ အကြွေးတွေ လည်ပင်းထိနစ် ပြီး နောက်ဆုံးတော့မရှူနိုင်မကယ်နိုင် ဖြစ်ကြမှာပါ။ ကြွယ်ဝချမ်းသာလာမဲ့သူတွေက တခြားလူအများ အထင်ကြီးဖို့ သုံးပြလေ့မရှိကြပါ။ကိုယ်ပိုင်လွတ်လပ်မှုအတွက်သာ ချင့်ချိန်သုံးစွဲလေ့ရှိပါတယ်။ ဘီလျံနာကြီးတွေက လေယာဉ်တွေ၊ အပန်းဖြေအိမ်တွေ၊ ဇိမ်ခံသင်္ဘောတွေဝယ်တာ၊ စတာတွေ ကြားဖူးကြမှာပါ။ သူတို့ သုံးစွဲတယ်ဆိုတာသူ တို့ရှာထားတာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေပါ။ အားကျရုံနဲ့လိုက်မတုပါနဲ့။
Be Wealthy instead of just to be Rich. ဒါဆို ဘယ်ဟာတွေက သင့်ကြွယ်ဝမှုကို ဟန့်တားနေတာလဲဆိုတဲ့ အချက် ၈ ချက်ကို ဖော်ပြပြီးပါပြီ။ ငွေကြေးဆိုတာကသင့်ကို ပျော်ရွှင်စေနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင် ရွေးချယ်လိုက်တဲ့ အရာတိုင်းအတွက် တစ်ခုခုကို ပေးရစမြဲမို့ ချမ်းသာကြွယ်ဝမှုကသင့် အတွက် ရွေးချယ်စရာတွေ များစွာ ဖန်တီးပေးဖို့ပေးနိုင်အားရှိရုံပါဘဲ။ ရွေးချယ်စရာများ ပြားလာတာနဲ့အမျှ သင် လွတ်လပ်မှု (Freedom) ကိုရရှိလာနိုင်မယ်ဖြစ်တာကြောင့် Rich ဖြစ်ရုံဖြစ်မဲ့အစား ဘယ်သောအခါမှကုန်မသွားနိုင်တော့မဲ့ Wealthy ဖြစ်ပါစေ။
CREDIT : myanmarlatestnews