Emotional Intelligence - EQ လို့ခေါ်တဲ့ စိတ်ခံစားချက်ကိုသိရှိထိန်းချုပ်နိုင်တဲ့စွမ်းရည်ဟာ လူတစ်ယောက်ရဲ့နေ့စဉ်လူနေမှုဘဝမှာရော လုပ်ငန်းခွင်မှာပါအများကြီးအကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါဆိုအဲဒီအရာဟာ လူတစ်ယောက်ဆီမှာမွေးကတည်းကပါလာတဲ့အရာလား၊ လေ့ကျင့်ယူလို့မရဘူးလား၊ လေ့ကျင့်ယူလို့ရရင် ဘယ်လိုလေ့ကျင့်ယူရမလဲ အစရှိတဲ့မေးခွန်းတွေကိုမေးလေ့ရှိကြတဲ့အတွက်ကြောင့် ဒီတစ်ပတ်မှာလည်း EQ နဲ့သက်ဆိုင်တဲ့အရည်အသွေးတွေကို ဘယ်လိုမျိုးလေ့ကျင့်ယူရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
EQ မြင့်တယ်ဆိုတာဟာ သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အရာလို့ လူအများစုထင်လေ့ရှိကြပါတယ်။ ဥပမာ - လူတစ်ယောက်ဟာ ကြင်နာတတ်တယ်၊ သူများကိုလေးစားတတ်တယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုဖော်ရွေတတ်ပြီး သူတို့တွေဘာလိုအပ်နေသလဲဆိုတာကိုလည်း လွယ်လွယ်ကူကူခံစားနိုင်တဲ့အတွက်ကြောင့် သူ့ကိုယ်သူ EQ ကောင်းတဲ့သူတစ်ယောက်လို့ထင်ထားတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို သူ့မှာဒီလိုမျိုး EQ ကောင်းတဲ့အရည်အသွေးတွေအားလုံးနီးပါးရှိရဲ့သားနဲ့ ဘာဖြစ်လို့အလုပ်အကိုင်လမ်းကြောင်းမှာ မအောင်မြင်တာလဲဆိုတဲ့အတွေးမျိုး သူ့ကိုယ်သူတွေးလေ့ရှိပါတယ်။
အဲဒါဟာ EQ ရဲ့အဓိပ္ပာယ်ကို သေသေချာချာကျယ်ကျယ်ပြန့်ပြန့်နားမလည်မိတဲ့အတွက်ကြောင့် အများစုကြုံတွေ့ရလေ့ရှိတဲ့လှည့်ကွက်တစ်ခုပါပဲ။ အကြောင်းအရင်းကတော့ ပိုမိုစိတ်ဓာတ်ကြံခိုင်ပြီး စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အဓိကမရှိမဖြစ်လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာ သိရှိခံစားနိုင်စွမ်းအသိဉာဏ်အားလုံးကို မသိရှိလို့ပဲဖြစ်ပါတယ်။
၁။ မိမိကိုယ်ကိုနားလည်နိုင်အောင်လေ့ကျင့်ပါ (Self-awareness)
EQ ရဲ့ပထမဆုံးလိုအပ်တဲ့အစိတ်အပိုင်းက မိမိကိုယ်ကိုသိရှိနားလည်နိုင်စွမ်းပါ။ ဆိုလိုတာကတော့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကိုနားလည်သတိထားနိုင်စွမ်းကိုပြောတာပါ။ မိမိကိုယ်ကိုနားလည်နိုင်စွမ်းလေ့ကျင့်ဖို့အတွက် အချိန်တိုင်းဟာ အခွင့်အရေးကောင်းတစ်ခုပါပဲ။ အကြီးမားဆုံးအချက်က မိမိရဲ့အားနည်းချက်ကိုလက်ခံပါ။ ဥပမာ - မိမိရဲ့အလုပ်မှာ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး ခက်ခက်ခဲခဲရုန်းကန်နေရပြီဆိုရင် အဲဒါကိုအောင်မြင်အောင်ပြုလုပ်ဖို့အတွက် ကိုယ့်မှာဘာအရည်အချင်းတွေလိုအပ်နေသလဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ့်ဘဝရဲ့အခြေအနေတိုင်း၊ ဖြစ်ရပ်တိုင်းကို သတိထားတတ်ဖို့လည်းလိုအပ်ပါတယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံလာတဲ့အချိန်တိုင်း ပြဿနာရဲ့အရင်းအမြစ်နဲ့ စိတ်ဓာတ်ကျစေတဲ့အဓိကအချက်ကိုသိအောင်လုပ်ပါ။
၂။ မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်မှုရှိအောင်လေ့ကျင့်ပါ (Self-management)
ဒုတိယအရေးကြီးတာကတော့ မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်စွမ်းပါ။ အဲဒီအတွက်လိုအပ်တဲ့အရည်အချင်းတွေကတော့ မိမိရဲ့ခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်း၊ လိုက်လျောညီထွေစွာနေထိုင်နိုင်စွမ်း၊ အောင်မြင်မှုရရှိအောင်လုပ်ဆောင်နိုင်စွမ်းနဲ့ အပြုသဘောဆောင်တဲ့အမြင်ရှိခြင်းတို့ပဲဖြစ်ပါတယ်။ အဲဒီအရည်အသွေးတွေကိုတိုးတက်အောင်ပြုလုပ်ချင်တယ်ဆိုရင် စိတ်ဓာတ်ကျစရာအခိုက်အတန့်တွေနဲ့ကြုံကြိုက်ရတဲ့အခါမှာ စိတ်ပျက်အားငယ်တာ ဒါမှမဟုတ် ထိတ်လန့်ကြောက်ရွံ့တာတွေကိုထိန်းချုပ်ပါ။ ခပ်ပြင်းပြင်းအသက်တစ်ချက်ရှုပြီး ကိုယ့်စိတ်ထဲမှာခံစားနေရတဲ့အရာတွေကို ဆင်ခြင်စဉ်းစားလိုက်ပါ။ အခြားလူတွေကို အော်ဟစ်နေမယ့်အစား သူတို့လုပ်တဲ့အရာကဘယ်နေရာမှာ မှားနေတယ်ဆိုတာနဲ့ အဖြေတချို့ကိုကူပြီးစဉ်းစားပေးလိုက်ပါ။ ဘဝဟာ ရုတ်တရက်အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို လက်ခံထားပါ။ ဖြစ်လာတဲ့အခြေအနေအကြောင်းအရာကို နားလည်အောင်ကြိုးစားပြီး အဲဒီအချိန်ဘာကအရေးကြီးဆုံးလဲဆိုတာကိုအခြေခံပြီး ကိုယ့်ရဲ့နည်းဗျူဟာနဲ့ဦးစားပေးရမယ့်အရာတွေကို ထိန်းညှိတတ်ပါစေ။
၃။ အခြားသူတွေရဲ့စိတ်ကိုသိရှိနားလည်နိုင်အောင်ကြိုးစားပါ (Social awareness)
အခြားသူတွေရဲ့စိတ်ကိုနားလည်နိုင်စွမ်းရှိဖို့ဆိုရင် စာနာနားလည်မှုနဲ့ အဖွဲ့အစည်းရဲ့အခြေအနေကို သိရှိနားလည်နိုင်စွမ်းတွေရှိရပါမယ်။ အဲဒီအရည်အချင်းတွေတိုးတက်ချင်တယ်ဆိုရင် နားထောင်နိုင်တဲ့စွမ်းရည်ကောင်းကောင်းလိုအပ်ပါတယ်။ သူများစကားပြောနေတုန်းမှာ စကားလုပြောတာမျိုးတွေ ပြောနေတဲ့စကားလမ်းကြောင်းကိုလွှဲပစ်တာမျိုးတွေမလုပ်ပါနဲ့။ မေးခွန်းတွေမေးပြီး အခြားသူတွေပါစကားဝိုင်းထဲမှာပါလာအောင်ဖိတ်ခေါ်ပါ။ အခြားသူတွေရဲ့အခြေအနေတွေကို နားလည်အောင်လုပ်ဖို့လေ့ကျင့်ပါ။ နားထောင်တဲ့အခါမှာလည်း ပြောပြနေတဲ့သူရဲ့အခြေအနေအကြောင်းအရာတွေကို နှောက်ပြောင်တာမျိုး၊ မှတ်ချက်ချတာမျိုး ဒါမှမဟုတ် စော်ကားတာမျိုးမဖြစ်အောင်နေပါ။
၎။ ဆက်ဆံရေးကိုထိန်းချုပ်စီမံနိုင်အောင်လေ့ကျင့်ပါ (Relationship management)
လွှမ်းမိုးနိုင်စွမ်း၊ လေ့ကျင့်သင်ကြားပြသပေးနိုင်စွမ်း၊ ပဋိပက္ခတွေကိုစီမံခန့်ခွဲနိုင်စွမ်း၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိခြင်းနဲ့ စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ခေါင်းဆောင်မှုစွမ်းရည်တွေဟာ ဆက်ဆံရေးတွေကိုထိန်းသိမ်းဖို့အရေးကြီးတဲ့အချက် ၅ ချက် ဖြစ်ပါတယ်။ အဲဒီအရည်အသွေးတွေတိုးတက်ဖို့ဆိုရင် အကယ်၍ကိုယ်ကအမြဲတမ်းမကောင်းတဲ့အမြင်ရှိတဲ့သူတစ်ယောက်ဆိုရင် ရေရှည်ဆက်ဆံရေးတွေကိုစီမံခန့်ခွဲတဲ့နေရာမှာ ခက်ခဲတဲ့အချိန်တွေနဲ့ကြုံတွေနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အဆိုးဆုံးတွေအပေါ်မှာ အာရုံစိုက်နေမယ့်အစား ကောင်းမွန်တဲ့ပြောင်းလဲနဲ့အတူ အသစ်တဖန်မွေးဖွာလာမယ့်မိမိကိုယ်ကို ကြိုးစားပြီးမြင်ယောက်ကြည့်ပါ။ ရှေးရိုးဆန်တဲ့သတ်မှတ်ချက်ကိုဆန့်ကျင်ပြီး စွန့်စားမှုတွေယူဖို့ကြောက်ရွံ့မနေပါနဲ့။ ဆက်ဆံရေးကိုထိန်းချုပ်စီမံနိုင်စွမ်းရှိတဲ့သူတွေဟာ မိမိနဲ့အလုပ်အတူတူလုပ်ကိုင်တဲ့သူတွေကို စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ပြီး အချင်းချင်ချိတ်ဆက်မိတဲ့ဆက်ဆံရေးတွေကို တည်ဆောက်ပေးနိုင်ပါတယ်။
အခုလိုမျိုးယှဉ်ပြိုင်မှုတွေအရမ်းများတဲ့အလုပ်အကိုင်ဈေးကွက်ထဲမှာ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေအပြင် စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေဟာလဲအဓိကကျလာပါတယ်။ အဲဒါကြောင့် အထက်မှာဖော်ပြထားတဲ့အချက်တွေကို သေချာလေ့လာပြီးဆန်းစစ်ပြီး မိမိရဲ့လိုအပ်ချက်တွေကိုသေချာဖြည့်စွက်ကြည့်မယ်ဆိုရင် မိမိရဲ့နေ့စဉ်လူမှုဘဝမှာရော လုပ်ငန်းခွင်မှာပါရလဒ်ကောင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> EQ မြင့်တဲ့လူအများစုဆီမှာတွေ့ရလေ့ရှိတဲ့အကျင့်စရိုက်များ
ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်ပြောဆိုဆက်သွယ်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့