ဘယ်အရာကအလုပ်မှာအောင်မြင်ဖို့အတွက် ကူညီပေးနိုင်ပါသလဲ။ သေချာပေါက်ကတော့ မိမိရဲ့လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး ဗဟုသုတရှိရမယ်၊ ထက်မြတ်ရမယ်၊ အမြင်ရှိရမယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ အောင်မြင်မှုအများဆုံးရရှိတဲ့ခေါင်းဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် Emotional Intelligence (EQ) လို့ခေါ်တဲ့ မိမိ သို့မဟုတ် သူတစ်ပါးရဲ့စိတ်ခံစားချက်ကို သိရှိခံစားထိန်းချုပ်နိုင်တဲ့စွမ်းရည်က သူတို့ကိုအများနဲ့မတူဘဲ ပိုမိုထူးချွန်အောင်မြင်ခွဲခြားပေးလိုက်ပါတယ်။
ယနေ့ခေတ်ကုမ္ပဏီလုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းရှာဖွေခေါ်ယူတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်မှုတွေ ပြုလုပ်ပေးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာသိရှိခံစားထိန်းချုပ်နိုင်စွမ်းအသိဉာဏ် (EQ) ကို ပိုပြီးသိသိသာသာအလေးပေးလာကြပါတယ်။ ဆန်းစစ်လေ့လာမှုတော်တော်များများမှာလည်း လူတစ်ယောက်ဟာ EQ ကောင်းလေလေ သူရဲ့စွမ်းဆောင်ရည်ကပိုကောင်းလေလေဆိုတာကို တွေ့ရှိထားကြပါတယ်။
၂၅ နှစ်ကျော် EQ နှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့တဲ့ပညာရှင်တစ်ယောက်ကတော့ EQ မှာအဓိကအပိုင်းကြီး ၄ ပိုင်းပါဝင်ပြီး အဲဒီအပိုင်းတစ်ခုချင်းစီမှာရှိတဲ့အရည်အသွးတွေအားလုံးကိုစုပေါင်းလိုက်ရင် ၁၂ ခုရှိတယ်လို့ဆိုပါတယ်။
၁။ မိမိကိုယ်ကိုသိရှိနားလည်နိုင်စွမ်း (Self-awareness)
မိမိကိုယ်ကိုသိရှိနားလည်နိုင်စွမ်းဆိုတာဟာ မိမိကိုယ်တိုင်ကြုံတွေခံစားနေရတဲ့အရာတွေကို အမြဲမပြတ်သိရှိနားလည်နိုင်စွမ်းဖြစ်ပါတယ်။ အဲဒါဟာ ကိုယ်ဘာတွေခံစားနေသလဲ၊ ဘာကြောင့်ခံစားနေရတာလဲဆိုတာနဲ့ အဲဒီခံစားချက်တွေဟာ မိမိလုပ်ဆောင်နေတဲ့အရာတွေကို ဘယ်လိုမျိုးကူညီပေးနေသလဲ ဒါမှမဟုတ် ဘယ်လိုမျိုးအနှောက်အယှက်တွေပေးနေသလဲဆိုတာတွေကို သိရှိစေနိုင်ပါတယ်။
- မိမိရဲ့စိတ်ပိုင်းဆိုင်ရာကိုနားလည်သတိထားနိုင်စွမ်း - အဲဒါဟာ ကိုယ့်ကိုယ်ကိုသိရှိနားလည်နိုင်စွမ်းရှိဖို့ အဓိကလိုအပ်တဲ့အရည်အချင်း တစ်ခုပါပဲ။ မိမိရဲ့ကိုယ်ပိုင်အားသာချက်နဲ့ လုပ်ဆောင်နိုင်တဲ့အတိုင်းအတာကန့်သတ်ချက်တွေကို နားလည်ထားရပါမယ်။ အဲဒီလိုပဲ အလုပ်မှာ ကိုယ်နဲ့အတူတူအလုပ်တွဲလုပ်တဲ့အဖွဲ့သားတွေရဲ့ အားသာချက်နဲ့အားနည်းချက်အကန့်အသတ်တွေကို သိအောင်လုပ်ထားသင့်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိထားမယ်ဆိုရင် ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချမှတ်တဲ့အခါမှာ အထောက်အကူပြုပေးပါတယ်။
၂။ မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်စွမ်း (Self-management)
မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်ခြင်းဆိုတာဟာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ခံစားချက်တွေနဲ့ စိတ်လိုက်မာန်မာပြုမူတတ်တဲ့အမူအကျင့်တွေကို ထိန်းချုပ်နိုင်စွမ်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒါဟာ ခေါင်းဆောင်တွေအတွက် အရေးကြီးဆုံးအရည်အချင်းတစ်ခုလည်းဖြစ်ပါတယ်။ အထူးသဖြင့် အခက်အခဲအကြပ်အတည်းရှိတဲ့အချိန်မှာ ပိုပြီးလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲတစ်ခုဖြစ်တဲ့အခါမှာ ခေါင်းဆောင်ကတည်တည်ငြိမ်ငြိမ်နဲ့အရာအားလုံးကို စနစ်တကျစီမံခန့်ခွဲနိုင်မှသာ အဖွဲ့သားတွေအနေနဲ့စိတ်သက်သာရာရမှာ ဖြစ်ပါတယ်။
မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်ဖို့အတွက် အဓိကလိုအပ်တဲ့အရည်အချင်းတွေကတော့
- မိမိရဲ့ခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်း - ဖိအားတွေရဲ့အောက်မှာတည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖြေရှင်းနိုင်ပြီး စိတ်ဓာတ်ကျစရာတွေရှိရင်လည်း မိမိရဲ့စိတ်ကိုအလျင်အမြန်ပြန်လည်ထိန်းချုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။ ကိုယ်တိုင်နဲ့တခြားလူတွေဆီမှာ ကောင်းမွန်တဲ့အရာတွေပဲဖြစ်လာဖို့ ဒါမှမဟုတ် ပေးအပ်ခြင်းခံထားရတဲ့အလုပ်တာဝန်တွေနဲ့ပတ်သက်ပြီး ရလဒ်ကောင်းတွေဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်လိုမျိုးညီမျှအောင်ထိန်းညှိရမလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။
- လိုက်လျောညီထွေစွာနေထိုင်နိုင်စွမ်း - ပြောင်းလဲမှုတွေနဲ့ မရေရာမသေချာမှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာ လျင်လျင်မြန်မြန်နဲ့ပြောင်းလဲပြီး တွေးခေါ်လုပ်ဆောင်နိုင်တာကိုဆိုလိုပါတယ်။ လျင်မြန်တဲ့အပြောင်းအလဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါမှာ နည်းလမ်းအသစ်ကိုတွေကိုရှာဖွေနိုင်ဖို့နဲ့ လိုအပ်ချက်များစွာကို တစ်ပြိုင်နက်တည်းမှာထိန်းညှိနိုင်ဖို့လည်း လိုအပ်ပါတယ်။
- အောင်မြင်မှုရရှိအောင်လုပ်ဆောင်နိုင်စွမ်း - အကောင်းဆုံးအခြေအနေတစ်ခုရအောင် သို့မဟုတ် အဲဒီထက်ကျော်လွန်အောင် ကြိုးစားလုပ်ဆောင်နိုင်စွမ်းပဲဖြစ်ပါတယ်။ မိမိရဲ့လုပ်ဆောင်ချက်အပေါ်မှာရရှိတဲ့မှတ်ချက်တွေကို တကယ်အလေးအနက်ထားပြီး ပိုမိုကောင်းမွန်တဲ့အရာကိုလုပ်ဆောင်နိုင်ဖို့ အမြဲမပြတ်နည်းလမ်းတွေရှာဖွေနေရပါမယ်။
- အပြုသဘောဆောင်တဲ့အမြင်ရှိခြင်း - အခြေအနေ၊ ဖြစ်ရပ်နဲ့ လူတွေကို အကောင်းဘက်ကနေကြည့်ပေးနိုင်စွမ်းဖြစ်ပါတယ်။ အဲဒါဟာ စိတ်ပျက်အားငယ်မှုတွေကိုခံနိုင်စွမ်းရှိပြီး ဆန်းသစ်တီထွင်နိုင်တဲ့အခွင့်အလမ်းတွေကိုဖြစ်စေတဲ့အတွက်ကြောင့် မယုံကြည်နိုင်လောက်အောင် အရမ်းကိုအဖိုးတန်တဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။
၃။ အခြားသူတွေရဲ့စိတ်ကိုသိရှိနားလည်နိုင်စွမ်း (Social awareness)
အခြားသူတွေရဲ့စိတ်ကိုသိရှိနားလည်နိုင်စွမ်းဆိုတာဟာ စကားနဲ့မဟုတ်ရင်တောင်မှ မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ စိတ်ခံစားချက်တွေကိုသိရှိပြီး ဆိုလိုရင်းကိုသဘောပေါက်နိုင်စွမ်းဖြစ်ပါတယ်။ အသိုင်းအဝိုင်းထဲကလူတွေရဲ့စိတ်ကို ကောင်းစွာနားလည်နိုင်စွမ်းရှိကြတဲ့ခေါင်းဆောင်တွေဟာ လူအမျိုးမျိုးပေါင်းသင်းဆက်ဆံနိုင်ပြီး သူတို့ရဲ့အကြောင်းကိုလည်းကောင်းစွာနားထောင်နိုင်ကြပါတယ်။
အခြားသူတွေရဲ့စိတ်ကိုနားလည်နိုင်စွမ်းရှိဖို့ဆိုရင်
- စာနာနားလည်မှု - အခြားသူတွေဘာပြောနေတာလဲဆိုတာနဲ့ သူတို့ဘယ်လိုခံစားနေရသလဲဆိုတာကို အချိန်ယူနားလည်အောင်လုပ်ပြီး သူတို့အပေါ်မှာအပြည့်အဝအာရုံထားနိုင်စွမ်းရှိခြင်းပါ။ ကိုယ်သာသူ့နေရာမှာဆိုတဲ့စိတ်ကို အမြဲရှိအောင်လုပ်ထားသင့်ပါတယ်။
- အဖွဲ့အစည်းရဲ့အခြေအနေကိုသိရှိနားလည်နိုင်စွမ်း - အသင်းအဖွဲ့ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအတွင်းမှာရှိတဲ့သူတွေရဲ့ လက်တလောနဲ့အမြဲမပြတ်ဖြစ်ပေါ်တတ်ခံစားချက်တွေကို အလွယ်တကူသိမြင်ခံစားနိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မိမိလုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ခေါင်းဆောင်တွေ ဒါမှမဟုတ် အဖွဲ့ထဲမှာရှိတဲ့အဖွဲ့သားတစ်ယောက်ဟာ အခြေအနေတချို့မှာဘယ်လိုမျိုးပြုတတ်သလဲဆိုတာကို အခြေအနေတွေကိုသေချာသုံးသပ်ပြီးခန့်မှန်းနိုင်တတ်ခြင်းပါပဲ။
၎။ ဆက်ဆံရေးကိုထိန်းချုပ်စီမံနိုင်စွမ်း (Relationship management)
ဆက်ဆံရေးကိုထိန်းချုပ်စီမံနိုင်စွမ်းဆိုတာဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့ အရည်အချင်းတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ဆက်ဆံရေးတွေကိုထိန်းသိမ်းဖို့ အခြားသူတွေနဲ့ပြောဆိုဆက်ဆံရာမှာ တိုက်တွန်းအားပေးနိုင်စွမ်း၊ စိတ်ပါဝင်စားမှုရှိလာအောင်လှုံဆော်နိုင်စွမ်းနဲ့ ဟန်ချက်ညီလိုက်ဖက်အောင်ပြောဆိုပြုလုပ်နိုင်စွမ်း ဖြစ်ပါတယ်။
- လွှမ်းမိုးနိုင်စွမ်း - ဘဘာဝအလျောက်ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေဟာ အခြားသူတွေဆီကနေအလွယ်တကူထောက်ခံမှုကို ရရှိတတ်ကြပါတယ်။ ပေးအပ်ထားတဲ့အလုပ်ကိုလုပ်ဆောင်ဖို့အသင့်ဖြစ်နေပြီး စည်းစည်းရုံးရုံးနဲ့အလွယ်တကူချိတ်ဆက်မိတဲ့ အသင်းအဖွဲ့တစ်ခုကိုလည်းဖန်တီးနိုင်ကြပါတယ်။
- လေ့ကျင့်သင်ကြားပြသပေးနိုင်စွမ်း - အားပေးထောက်ခံမှုနဲ့ အကြံဉာဏ်ကောင်းတွေပေးပြီး ရေရှည်လေ့လာသင်ယူမှုတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သူမျိုးတွေဖြစ်ပါတယ်။ မိမိဆိုလိုချင်တဲ့အရာတွေကို ရှင်းရှင်းလင်းလင်းနဲ့စည်းရုံးသိမ်းသွင်း ပြောဆိုစွမ်းရှိတဲ့အတွက်ကြောင့် လူတွေအနေနဲ့တွန်းအားပေးမှုတွေရရှိပြီး မျှော်လင့်ချက်တွေကိုသိသိသာသာခံစားရစေပါတယ်။
- ပဋိပက္ခတွေကိုစီမံခန့်ခွဲနိုင်စွမ်း - ဘက်ပေါင်းစုံကနေဖြစ်ပေါ်လာတတ်တဲ့ သဘောထားမကိုက်ညီမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး တအုံနွေးနွေးနဲ့ဖြစ်နေတဲ့အငြင်းပွားမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့နှစ်ဦးနှစ်ဘက်အဆင်ပြေတဲ့အဖြေကို ရှာဖွေယူဆောင်နိုင်ကြပါတယ်။
- အသင်းအဖွဲ့စိတ်ဓာတ်ရှိခြင်း - အဖွဲ့အတွင်းရှိတဲ့အဖွဲ့သားတွေနဲ့အပြန်အလှန်ပြောဆိုနိုင်သလို အလုပ်လည်းအတူတူတွဲပြီး လုပ်ကိုင်နိုင်တဲ့သူမျိုးပါ။ တက်တက်ကြွကြွပါဝင်အလုပ်လုပ်ကိုင်တတ်ပြီး တာဝန်နဲ့ဆုလာဘ်ကိုမျှဝေပေးကာ အဖွဲ့တစ်ခုလုံးရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုတိုးတက်အောင် အားစိုက်ထုတ်လုပ်ဆောင်တတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။
- စိတ်ဓာတ်ခွန်အားပေးနိုင်သောခေါင်းဆောင်မှု - လုပ်ငန်းရဲ့ရည်မှန်းချက်တွေအကောင်အထည်ပေါ်ပေါက်လာစေဖို့ အခြားသူတွေကိုစိတ်ဓာတ်ခွန်အားပေးကာ လမ်းညွှန်ပြသပေးနိုင်စွမ်းရှိတဲ့သူမျိုးတွေဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေစဉ်တစ်လျှောက်မှာ မိမိအဖွဲ့ရဲ့အကောင်းဆုံးအရည်အသွေးတွေကိုပေါ်ထွက်လာအောင်ပြုလုပ်ပြီး အလုပ်ပြီးမြောက်အောင်အမြဲလုပ်ဆောင်ပါတယ်။
နောက်ဆုံအနေနဲ့ပြောပြချင်တာကတော့ Emotional Intelligence (EQ) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာသိရှိနားလည်နိုင်စွမ်းအသိဉာဏ်ဟာ သဘာဝအလျောက်မွေးကတည်းကပါလာတဲ့အရာမဟုတ်ပါဘူး။ မိမိရဲ့စိတ်ကိုပြုပြင်ဖန်တီးပြီး လေ့ကျင့်ယူလို့ရတဲ့အရာပဲဖြစ်ပါတယ်။ အဲဒါကြောင့် အထက်မှာဖော်ပြထားတဲ့အရည်အသွေးတွေကို ဘယ်လိုမျိုးလေ့ကျင့်ယူရမလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် JobNet.com.mm စာမျက်နှာကို Bookmark လုပ်ထားပြီး အမြဲမပြတ်ဝင်ရောက်ဖတ်ရှုဖို့မမေ့ပါနဲ့နော်။
ဆက်လက်ဖတ်ရှုရန် >>> EQ ဆိုတာလေ့ကျင့်ယူလို့ရတဲ့အရာလား
ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်ပြောဆိုဆက်သွယ်နိုင်သူတစ်ယောက်ဖြစ်ဖို့
ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းမှာ အမြဲဦးဆောင်စေမယ့်အပြုအမူ ၈ ခု
ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်မှာအောင်မြင်စေတတ်တဲ့ စိတ်နေစိတ်ထားနဲ့အပြုအမူတွေ