13th May, 2017

Hidden Talent

အခုခေတ်မှာ တစ်ချို့လူငယ်တွေဟာ မိမိကိုယ်ကို ဘာဖြစ်ချင်တယ်၊ မိမိဟာ ဘယ်လိုအရာမှာ အားသာတယ်၊အားနည်းတယ်၊ မိမိရဲ့အသက်မွေးဝမ်းကြောင်းအတွက် မိမိနဲ့ကိုက်ညီရာ ဘယ်လိုလမ်းကိုရွေးသင့်တယ်ဆိုတာ မကွဲပြားနိုင်ဘဲ ရှုပ်ထွေးမှုတွေနဲ့သွားနေကြတာတွေရှိပါတယ်။ အများအားဖြင့် ကောင်းမယ်ထင်ရင်လိုက်လုပ်တတ်ကြပြီး မိမိမှာရှိနေတဲ့ အရည်အသွေးတွေ၊ စိတ်ဝင်စားမှုတွေနဲ့ ကိုက်ညီမှုရှိမရှိ မစဉ်းစားနိုင်ကြတော့ဘဲ အဆင်ပြေရင်ပြီးရောဆိုတဲ့စိတ်ထားမျိုးနဲ့ လုပ်ကြတာတွေရှိတယ်။ အဲဒီအချိန်မှာ ကြုံတွေ့လာရတာကတော့ လုပ်ငန်းခွင်ထဲမပျော်ရွှင်မှု၊ စိတ်ဖိစီးမှုတွေဘဲဖြစ်ပါတယ်။ မိမိမှာ ရှိနေတဲ့ လိုအပ်ချက်နဲ့မကိုက်ညီတဲ့အခါ အကြီးမားဆုံးဖိစီးမှုတစ်ခုအနေနဲ့ ဘဝဟာ စိတ်ညစ်စရာဖြစ်လာတတ်ကြပါတယ်။

 

တကယ့်တော့ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အရည်အသွေးအားသာချက်တစ်ခုစီရှိတတ်ကြပါတယ်။ ဒီအားသာချက်လေးကို အခြေခံပြီး အလုပ်လုပ်ဖြစ်တဲ့အခါ လုပ်ငန်းခွင်ဟာ ပျော်စရာဖြစ်လာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးလာစေတတ်ကြပါတယ်။ လုပ်ငန်းခွင်အတွင်း ဘယ်လောက် ပင်ပန်းမှုရှိပါစေ၊မိမိ စိတ်ဝင်စားတဲ့အလုပ်ကို လုပ်နေရတဲ့အခါ ဘဝဟာ ပျော်စရာကောင်းနေပြီး အဓိပ္ပါယ်ရှိနေတတ်ပါတယ်။ ဒါကို ဝါသနာကိုအခြေခံလုပ်တဲ့အလုပ်လို့ပြောစမှတ်ပြုကြပြီး အများအားဖြင့် လူငယ်တွေမှာ မိမိဟာ ဘာကို ဝါသနာပါသလဲ၊ ဘယ်အရာမှာ အားသာသလဲဆိုတာ မသိနိုင်ကြခြင်းပင် ဖြစ်ပါတယ်။

 

လူမှုဝန်းကျင်မှာကျော်ကြားအောင်မြင်နေသူတွေကို လေ့လာကြည့်လိုက်တဲ့အခါတိုင်း သူတို့ရဲ့ အောင်မြင်မှုတွေဟာ သူတို့ရဲ့အားသာချက်နဲ့ဝါသနာအပေါ်မှာ အခြေခံထားတာဖြစ်ကြောင်းတွေ့ရှိရတာများပါတယ်။ အများအားဖြင့် အခုခေတ်စနစ်အရ လူငယ်တော်တော်မျးများဟာ စိတ်လည်ပြီး ယုံကြည်ချက်တစ်ခုကို ဖမ်းဆုပ်နိုင်ဖို့ ခဲယဉ်းနေတတ်ကြတယ်။ စိတ်ပျက်အားလျော့မှုတွေများပြားကာ သူတို့ရဲ့ ငုပ်လျိုးနေတဲ့ အရည်အသွေးတွေဟာ ဆိတ်သုဉ်းနေကာ လူ့အရင်းအမြစ်တစ်ခုကို ကောင်းစွာ အသုံးချခွင့်မရရှိဘဲ ဆုံးရှုံးမှုများစေခြင်းပင်ဖြစ်ပါတယ်။<

 

လူမှုရေးရာကျွမ်းကျင်ပိုင်နိုင်သူတွေဟာ ဒီလို ပုန်းလျိုးနေတဲ့ အရည်အချင်းတွေကို ဖော်ထုတ်မြှင့်တင်ပေးပြီး လူ့အရင်းအမြစ်အတွက် အားဖြည့်တတ်ကြပါတယ်။ တစ်ချို့ကျတော့ မိမိအားသာတဲ့အချက်ကို ကောင်းကောင်းသိနေတတ်ကြကာ ပိုမိုအားဖြည့်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုကိုရရှိတတ်ကြတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ကိုယ့်ရဲ့မီးခဲပြာဖုံး အရည်အသွေးတွေက ဘာတွေလဲဆိုတာ နားလည်ဖို့လိုအပ်တဲ့ အဓိကတစ်ချက်ဘဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာတွေလိုအပ်တယ်၊ ဘာကိုလုပ်ဆောင်သင့်တယ်လို့ သိနားလည်နေတဲ့အခါ မိမိလိုအပ်တဲ့အရာကို အားသွန်ခွန်စိုက် ကြိုးပမ်းခြင်းဖြင့် ဘဝမှာ ယုံကြည်မှုအပြည့်နဲ့ ရှင်သန်နိုင်ခြင်းပင်ဖြစ်ပါတယ်။

 

ဒါကြောင့်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို သူတို့ရဲ့အားသာချက်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟအကြံပြုသင့်ပါတယ်။ ဘယ်လိုနေရာမှာ အားသာပြီး ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရနိုင်တယ်ဆိုတာ အားပေးသင့်ပါတယ်။ဒါဟာ လမ်းစတစ်ခုကိုရှာဖွေနေတဲ့ လူငယ်တွေအတွက် အားတက်စရာဖြစ်ပြီး လမ်းကြောင်းတစ်ခုကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့များစွာ အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ လူ့အရင်းအမြစ်ကိုလည်း ကူညီအားဖြည့်ပေးမှုရောက်စေရာ လူမှုလောကအတွက် အကျိုးပြုခြင်းတစ်မျိုးပင်ဖြစ်ပါတယ်။

 

credit: yangonlife