Share
Blog Link Copied
စွန့်ဦးလုပ်ငန်းရှင်တစ်ဦးရဲ့ လမ်းခရီးဟာ စိတ်လှုပ်ရှားစရာကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ဆောက်နေတယ်ဆိုတဲ့ အတွေးက ရင်ခုန်စရာကောင်းသလောက် ရင်ဆိုင်ကြုံတွေ့ကြရမယ့် မသေချာမရေရာမှုတွေနဲ့ စွန့်စားစရာကိစ္စတွေက တုန်လှုပ်ချောက်ခြားစရာ အတိဖြစ်ပါတယ်။ အမှန်တကယ်ကို စိတ်ဓာတ်အပြည့်နဲ့ အာရုံစူးစိုက်နိုင်စွမ်းရှိသူတွေပဲ အောင်မြင်မှုကို လှမ်းယူနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မထင်မှတ်ပဲ ကျရှုံးသွားတတ်ပါသေးတယ်။
ဒါ့ကြောင့် စွန့်ဦးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီကို မရောက်ခင်မှာ လမ်းကြောင်းလွဲရှုံးနိမ့်သွားရတဲ့ အကြောင်းရင်း(၅)ခုကို ကြိုတင်သိရှိရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ အချိန်ကို ရင်းနှီးမြုပ်နှံဖို့ မပြင်ဆင်ထားခြင်း
ဒီအချက်က စွန့်ဦးလုပ်ငန်းရှင်တွေ ကျရှုံးရတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုကို ရယူဖို့ ကြိုးစားအားထုတ်ရာမှာ အများစုက သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ အပျော်အပါးကိစ္စအတွက် အချိန်တွေကို မစွန့်လွှတ်ချင်ကြပါဘူး။ အောင်မြင်တဲ့ စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ပေးဆပ်စရာတွေအများကြီး ရှိပါတယ်။ တကယ်အပြောင်းအလဲဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားဖို့လိုပါတယ်။ ဒါ့ကြောင့် ညနေခင်း အလုပ်ဆင်းချိန်မှာ တစ်ကမ္ဘာလုံးက စိတ်လက်အပန်းပြေစေမယ့် ကိစ္စတွေအတွက် အချိန်ကုန်နေကြချိန်မှာ စွန့်ဦးလုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ အလုပ်ကို ကြိုးစားနေတတ်ကြတာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျော်ရွှင်စရာကိစ္စတွေအားလုံးကို စွန့်လွှတ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းမှာ အလုပ်နဲ့ ဘ၀ ညီညွတ်မျှတဖို့ လိုပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူပျော်ရွှင်ရဖို့ အချိန်ပမာဏတစ်ခုရှိသင့်တယ် ဆိုတာကို နားလည်ထားမယ်ဆိုရင် လုံလောက်ပါပြီ။
၂။ လုပ်ဖော်ကိုင်ဖက်ရွေးချယ်မှု မှားယွင်းခြင်း
စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင်ကိုယ်တိုင်က လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို (၁၀၀)ရာခိုင်နှုန်း စိတ်အားတက်ကြွမှုရှိနေနိုင်ပါတယ်။ ဒါပေမယ့် သင်နဲ့လုပ်ငန်းတွဲဖက် တည်ထောင်သူ၊ လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့ဝင်စတဲ့ ပုဂ္ဂိုဟ်တွေက သင့်လို စိတ်အားထက်သန်မှုနဲ့ အောင်မြင်လိုစိတ်မရှိဘူးဆိုရင် သင်လည်း ဘယ်သောအခါမှာ စိတ်ကူးထားတဲ့အတိုင်း အောင်မြင်လာမှာမဟုတ်ပါဘူး။အချင်းချင်းပဋိပက္ခတွေဖြစ်လာပြီး လုပ်ငန်းတိုးတက်အောင်မြင်မှုကို အဟန့်အတားဖြစ်စေပါတယ်။ အဖွဲ့အစည်းထဲမှာ အမြင်သဘောထားမတူသူတစ်ယောက်ပဲရှိနေရင်တောင် တစ်ဖွဲ့လုံးကို လှိုက်စားသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုစတင်တည်ထောင်တော့မယ်ဆိုရင် သင်နဲ့ ထပ်တူနီးပါး အမြင်ချင်တူတဲ့ သူတွေကိုပဲ ရွေးချယ်ဖွဲ့စည်းထားဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားနိုင်ပြီဆိုရင် မြင့်မားတဲ့အောင်မြင်မှုကို တည်ဆောက်ဖို့ အခြေခံကောင်းရှိပြီလို့ ဆိုနိုင်ပါတယ်။
၃။ တစ်ချိန်တည်း အများကြီးလုပ်ဖို့ ကြိုးစားခြင်း
စွန့်ဦးလုပ်ငန်းရှင်တွေမှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုလွန်ကဲရင်လည်း အခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ်။ ယုံကြည်မှုလွန်ကဲတဲ့အခါမှာ ဘ၀င်မြင့်ပြီး အလုပ်တာဝန်တွေအများကြီးကို မနိုင်ဝန်ထမ်းလာတတ်ပါတယ်။ အလုပ်တွေအများကြီးကို တစ်ယောက်တည်း တာဝန်ယူထားမယ်ဆိုရင် အလုပ်ပိပြီး ကျရှုံးဖို့အလားအလာပိုများပါတယ်။ဒါ့ကြောင့် ကိစ္စတိုင်းကို လိုက်ပြီးတာဝန်ယူနေမယ့်အစား သင့်တော်မယ့်သူကို တာဝန်လွှဲပြောင်းပေးတတ်ဖို့ လိုပါတယ်။ နံပါတ်(၂)မှာ ဖော်ပြထားသလို သင့်ဘေးမှာ အရည်အချင်းရှိပြီး ရည်မှန်းချက်တူသူတွေနဲ့ ၀န်းရံထားမယ်ဆိုရင် အလုပ်တွေကို မှန်မှန်ကန်ကန် လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်တာဝန်တွေကို ခွဲဝေလုပ်ဆောင်တတ်မှသာ သင့်အနေနဲ့ လုပ်ငန်းတိုးတက်အောင်မြင်ဖို့တစ်ခုတည်းကိုပဲ (၁၀၀)ရာခိုင်နှုန်း အာရုံစိုက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၎။ လိုအပ်လာချိန်မှာ ကျွမ်းကျင်ပညာရှင်များကို မခေါ်ယူခြင်း
တစ်ခါတစ်လေမှာ စွန့်ဦးလုပ်ငန်းရှင်တွေအတွက် ဘယ်လိုမှ မစွမ်းသာနိုင်တဲ့ အရေးကိစ္စတွေကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ငွေကုန်ကြေးကျများမှာကို စိုးရိမ်ပြီး ကျွမ်းကျင်ပညာရှင်များကို မခေါ်ယူပြီး ခေါင်းမာနေလို့မဖြစ်ပါဘူး။ အောင်မြင်တဲ့လုပ်ငန်းရှင်တွေကတော့ သူတို့ဘယ်နေရာမှာ ထူးချွန်ပြီး ဘယ်နေရာမှာတော့ ပညာရှင်တစ်ယောက်ကို လိုအပ်တယ်ဆိုတာကို သိကြပါတယ်။ ကိုယ်နားမလည်တဲ့ကိစ္စတွေအတွက် ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခြင်းက အချိန်ကုန် လူပမ်းသက်သာစေသလို သင့်အနေနဲ့ အခြားလိုအပ်တဲ့နေရာမှာ အပြည့်အ၀အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။၅။ မကောင်းမြင်မှုများကို ခံနိုင်ရည်မရှိခြင်းစွန့်ဦးလုပ်ငန်းရှင်တွေဟာ အရေထူဖို့လိုပါတယ်။ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေကနေ အပြင်လူတွေအထိ လူအမျိုးမျိုးရဲ့ မကောင်းမြင်မှုတွေကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ဒီလို ပြစ်တင်ဝေဖန်မှုတွေကို မခံချင်စိတ်နဲ့ ရည်မှန်ချက်တွေအထမြောက်ဖို့ ခွန်အားအဖြစ်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ တကယ်တမ်းတော့ မကောင်းမြင်မှုနဲ့ ဝေဖန်ပြစ်တင်မှုတွေဟာ သင်ဘာလုပ်နေတာလဲဆိုတာနဲ့ သင့်ရဲ့ရည်ရွယ်ချက်ကို သေချာမသိတဲ့သူတွေဆီကပဲ ထွက်ပေါ်လာတတ်တာဖြစ်ပါတယ်။ သူတို့ပြောသမျှကို ခေါင်းထဲထည့်ထားပြီး တွန့်ဆုတ်နေမယ်ဆိုရင် သူတို့စိတ်တိုင်းကျဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုကို အခြားလူတွေက ဆုံးဖြတ်သလို မဖြစ်ပါစေနဲ့။ ဝေဖန်ပြစ်တင်မှုတွေ ကြုံလာတိုင်း မခံချင်စိတ်နဲ့ ရည်မှန်းချက် အကောင်အထည်ပေါ်ဖို့ ကြိုးစားလိုက်ပါ။
Credit: mmgentelman.com