28th May, 2018

How to write a winning CV

CV ကောင်းကောင်းတစ်စောင် ဘယ်လိုရေးမလဲ

ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်နေရာစာကို ရဖို့အတွက် လျှောက်ထားတော့မယ်ဆိုရင် အရေးအကြီးဆုံးအရာက CV (ကိုယ်ရေးအချက်အလက်မှတ်တမ်း) ဖြစ်ပါတယ်။ တကယ်တော့ CV တွေဆိုတာ အလုပ်ရှင်နဲ့ကိုယ်နဲ့ကြားပထမဆုံး ထိတွေ့စေမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် CV ကို အကောင်းဆုံး အသပ်ရပ်ဆုံးဖြစ်အောင် ပြင်ဆင်နိုင်လေ အလုပ်ရှင်ကကိုယ့်ကိုရွေးချယ်ဖို့
အခွင့်အလမ်းများလေဖြစ်ပါတယ်။ ရေးထားတဲ့CVပုံစံကမပြည့်စုံဘူး၊ အချက်အလက်မမှန်ကန်ဘူးဆိုရင်တော့ အင်တာဗျူးအဆင့်တောင်မ၀င်ရဘဲ အခွင့်အရေးလက်လွှတ်ရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်ရဖို့အတွက် CV ကောင်းကောင်းတစ်စောင်ကို အကောင်းဆုံးပြင်ဆင်ဖြည့်သွင်းနိင်မယ့် နည်းလမ်းတွေကိ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဘယ်ကစမလဲ

ကိုယ်ရေးအချက်အလက်တွေဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အရည်အချင်းတွေ၊ လုပ်ငန်းအတွေ့အကြုံ၊ သင်ယူတတ်မြောက်ထားမှု၊ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတစ်လျှောက် ပြီးမြောက်အောင်မြင်ထားမှုတွေကို ဖော်ပြရမှာပါ။ ကိုယ့်ရဲ့နာမည်၊ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်း၊ အီးမေးလ် အသေးစိတ်တွေကို ထိပ်ဆုံးမှာ အရင်ရေးရပါတယ်။ ဒီနေရာမှာ အဓိက မှာချင်တာကတော့ ဆက်သွယ်ရမယ့်လိပ်စာ၊ အီးမေးလ် ဖုန်းနံပါတ်စတာတွေကို လုံးဝမမှားအောင်သတိထားဖို့ပါ။
ပေးထားတဲ့ဖုန်းနံပတ်က မှားနေရင် တကယ်လို့အင်တာဗျူးခေါ်မယ်ဆိုရင်တောင် ဖုန်းနံပါတ်အမှားကြောင့် အခွင့်အရေးကို လက်လွတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ညာဘက်ထိပ် အစွန်၊ နာမည်နဲ့ တစ်တန်းတည်းမှာတော့ ဓာတ်ပုံကိုထားပါ။ အီးမေးလ်ကို ကိုယ့်နာမည်နဲ့ဖွင့်ထားသင့်ပါတယ်။ ပြောင်ချော်ချော် ကလေးဆန်တဲ့ အီးမေးလ်နာမည်တွေနဲ့ အလုပ်လျှောက်ရင် ကိုယ့်ကိုအလုပ်ခန့်ဖို့ထက် ကိုယ့်အီးမေးလ်ကိုမြင်ပြီး စိတ်ပျက်သွားဖို့က ပိုများပါတယ်။
 

(၂) ဒီဇိုင်းနဲ့ပုံစံ

A4 စာရွက်ပေါ်မှာ ရေးသားတဲ့အခါ အစွန်းနှစ်ဖက်က စာရွက်သားနဲ့ လက်မဝက်စီ ခွာထားရပါတယ်။ စာကြောင်းအစတွေညီညာနေမှ ကိုယ့်ရဲ့ CV ကို ဖတ်တဲ့လူက သဘောကျမှာပါ။ ကိုယ်ရေးအချက်အလက်တွေအတွက် တစ်မျက်နှာတည်းမှာပဲ ရေးရပါတယ်။ အမည်နဲ့ ဆက်သွယ်ရမယ့်လိပ်စာတွေကို တစ်မျက်နှာတည်းမှာ ရေးပါ။ ဒုတိယစာမျက်နှာမှာတော့ လုပ်ငန်းအတွေ့အကြုံတွေကို တစ်ခုချင်းစီ၊ ရာထူးနဲ့ တာဝန်တွေကို ထည့်သွင်းဖော်ပြရပါတယ်။
တကယ်လို့ CV ကို အင်္ဂလိပ်လိုပြင်ဆင်မယ်ဆိုရင် စာလုံးဖောင့်တွေ သုံးလေးမျိုးမဖြစ်အောင်၊
ဖောင့်ဆိုဒ်တွေ အများကြီးမဖြစ်အောင် သတိထားဖို့လိုပါတယ်။

 

(၃) အဆင့်အလိုက် ဖော်ပြရမယ့်အကြောင်းအရာတွေ

(က) ပုဂ္ဂိုလ်ရေးအခြေခံအချက် - အမည်၊ အဖအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်း၊ အီးမေးလ်စတာတွေ။

(ခ) လုပ်ငန်းအတွေ့အကြုံ - ဒါကတော့ ကာလအပိုင်းအခြားအလိုက် နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ကို ဖော်ပြဖို့နဲ့ လုပ်ဖူးခဲ့တဲ့ လုပ်ငန်းနယ်ပယ်တွေကိုထည့်သွင်းဖို့ဖြစ်ပါတယ်။

(ဂ) ပညာအရည်အချင်း တတ်မြောက်မှု - ရထားတဲ့ဘွဲ့နဲ့ အခြားသင်ယူတတ်မြောက်ထားတဲ့ အကြောင်းအရာတွေကို အတိအကျဖော်ပြရပါတယ်။ ဥပမာ - B.A (English) (Hon;) , LCCL - Level III, Microsoft Office စသဖြင့် ကိုယ်တတ်မြောက်ထားတာတွေကို ရေးပေးပါ။

(ဃ) အဓိကကျွမ်းကျင်မှု - လျှောက်ထားတဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ ကိုယ့်ရဲ့အကျွမ်းကျင်ဆုံးအရည်အချင်းတစ်ခုကို ဖော်ပြရပါတယ်။ ကိုယ်အကျွမ်းကျင်ဆုံးအရာက အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော၊ နားထောင်နိုင်စွမ်းလား၊ photoshop လား ဆိုတာ ဖော်ပြထားနိုင်ရင် ကိုယ်အလုပ်ရဖို့အတွက် အခွင့်အလမ်းပိုများပါတယ်။

(င) ပင်ကိုယ်စရိုက်ထဲက ကောင်းမွန်တဲ့အချက်များ - အဖွဲ့လိုက်လုပ်ဆောင်မှုအားကောင်းခြင်း၊ အလုပ်တာဝန်ကျေပွန်ခြင်း၊ အချိန်တိကျခြင်း၊ ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိခြင်း တို့လို အရာတွေက လုပ်ငန်းခွင်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်မယ့် ကိုယ်ရည်ကိုယ်သွေး ထူးခြားမှုတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်တွေကိုလည်း အလုပ်ရှင်တွေက သိချင်ကြပါတယ်။ ဒါပေမဲ့ သိပ်အများကြီးရေးရင်တော့ သိပ်ပြီးအမွှန်းတင်လွန်းရာရောက်နိုင်တာကို သတိထားရပါတယ်။