7th December, 2018

Sales တစ်ယောက်အဖြစ် လုပ်ကိုင်သင့်တဲ့ အကြောင်းရင်း (၄) ခု

လူတွေဟာ အရောင်းသမား (Sales) အဖြစ် အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ရာမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိကြပါတယ်။ အတော်များများကတော့ လအနည်းငယ်အတွင်း ပိုက်ဆံများများရလာမယ်လို့ တွေးပြီး ရွေးချယ်ကြတာပါ။ တချို့ကတော့ လူအသစ်တွေနဲ့ တွေ့ဆုံရတာ သဘောကျလို့ ဖြစ်သလို တချို့ကတော့ အရောင်းအဝယ်တည့်သွားတဲ့ အောင်မြင်မှုကို သဘောကျတဲ့အတွက် အရောင်းသမားအလုပ်ကို အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် ရွေးချယ်ကြတာ ဖြစ်ပါတယ်။

 

သင့်လျော်မှန်ကန်တဲ့ စိတ်သဘောထားသာ ရှိမယ်ဆိုရင် လူတိုင်းဟာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ရောင်းနိုင်ကြမှာပါ။ တကယ်လို့ အရောင်းသမား အလုပ်အကိုင်ဟာ သင့်အတွက် သင့်လျော်ရဲ့လားဆိုတာ ဝေခွဲမရ ဖြစ်နေရင်တော့ အောက်ပါအချက်တွေကို ဖတ်ပြီး စဉ်းစားနိုင်ပါတယ်။

အရောင်းသမားအဖြစ် အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ခြင်းက အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘယ်တော့မှ မပျင်းရမယ့်အလုပ်တစ်ခုကို လိုချင်ရင်တော့ အရောင်းသမား အလုပ်ကိုသာ ရွေးလိုက်ပါ။ အရောင်းသမားအလုပ်ဟာ မတူညီတဲ့နေရာတွေကနေ လူအသစ်တွေနဲ့ သင့်ကို တွေ့ဆုံစေပါတယ်။ ဒီလုပ်ငန်းနယ်ပယ်ထဲမှာဆိုရင် လူအဖွဲ့အစည်းထဲက မတူညီတဲ့ အဆင့်အနေအထား လူပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အပြင်ထွက်ရတာ၊ ခရီးသွားရတာ သဘောကျသူတွေအတွက်လည်း ကောင်းမွန်တဲ့ အလုပ်အကိုင်ရွေးချယ်မှုလည်း ဖြစ်ပါတယ်။  

နောက်တစ်ခုကတော့ အရောင်းသမားအလုပ်အကိုင်ဟာ လုပ်ရင်လုပ်သလောက် တူညီတဲ့ အကျိုးအမြတ်ကို ရနိုင်ခြင်းပါ။ ကိုယ်ရတဲ့ အခြေခံလစာအပြင် ကိုယ်ရောင်းတဲ့ ဝန်ဆောင်မှု/ကုန်ပစ္စည်းရဲ့ ရောင်းအားပေါ်မူတည်ပြီး ကော်မရှင်လည်း ရပါသေးတယ်။ တချို့လူတွေ အရောင်းသမားလုပ်ပြီး လစဉ် ဒေါ်လာတွေ ထောင်ချီ၊ သန်းချီ ရနေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ဒါမျိုးက ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ ကိုယ့်ရဲ့ဈေးကွက်ပေါ် မူတည်ပြီး သင့်ဆီမှာလည်း ဖြစ်လာနိုင်ပါတယ်။

အချိန်ဇယားတွေကိုလည်း အပြောင်းအလဲလုပ်လို့ရပါသေးတယ်။ အရောင်းသမားနယ်ပယ်ထဲကို ဝင်ရောက်ခြင်းရဲ့ ကောင်းကျိုးတစ်ခုကိုပြောရရင် ကိုယ့်ရဲ့အချိန်ကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ခွင့် ပိုပိုသာသာလေးရတာပါပဲ။ ဥပမာ ကိုယ်က ကလေးတစ်ယောက်မိခင်ဆိုရင် မနက်ပိုင်းမှာ ကလေးအတွက် အချိန်ပေးရမှာမို့လို့ လူတွေနဲ့ တွေ့ဖို့ကို နေ့လည်ဘက်ဖြစ်ဖြစ် တခြားအချိန်ကိုဖြစ်ဖြစ် ရွှေ့လို့ရနိုင်ပါတယ်။

အရောင်းသမားတစ်ယောက်အဖြစ် အလုပ်လုပ်ခြင်းကြောင့် အောင်မြင်မှုရဲ့ပီတိကိုလည်း အချိန်တိုင်း ရရိစေနိုင်ပါတယ်။ တစ်စုံတစ်ခုကို ရောင်းချလိုက်လို့ အောင်မြင်သွားပြီဆိုရင် ခံစားရတဲ့ ခံစားချက်ပီတိက လစာရတာထက်တောင် ပိုပြီးပျော်ရွှင်တဲ့ ခံစားချက်ကို ရရှိစေပါတယ်။ အရောင်းသမားအများစုဟာ အရောင်းတစ်ခုကို ဖြစ်မြောက်သွားတဲ့အခါတိုင်း အဲ့ဒီခံစားချက်ကောင်းကို ရရှိကြပါတယ်။

ကာစတမ်မာတွေနဲ့ တည်တည်ငြိမ်ငြိမ် စကားပြောနိုင်ပြီး နားထောင်ပေးနိုင်စွမ်းကောင်းတယ်ဆိုရင်၊ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ရတာ သဘောကျတယ်ဆိုရင်တော့ အရောင်းသမားအဖြစ် အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်တာက မှန်ကန်တဲ့စိတ်ကူးတစ်ခုဖြစ်ပါတယ်။ အရောင်းသမားနယ်ပယ်ထဲကို ဝင်ရောက်ပြီဆိုရင်လည်း ကိုယ်ရောင်းမယ့်ပစ္စည်းဟာ ကိုယ်တိုင်စိတ်ချယုံကြရတဲ့အရာကို ရွေးသင့်ပါတယ်။ အဲ့လိုဆိုရင် ကိုယ်ရောင်းတဲ့အခါ လွယ်ကူစေပြီး ကိုယ့်ကုန်ပစ္စည်းကို အရောင်းမြှင့်တင်ဖို့အတွက် စကားပြောတဲ့အခါမှာလည်း လူတွေလက်ခံယုံကြည်လာအောင်လုပ်ဖို့ ပိုလွယ်ကူ အဆင်ပြေသွားပါလိမ့်မယ်။