22th January, 2016

The Opportunity for the Young

အခွင့်အရေး  ဆိုတာ အမျိုးမျိုးရှိတယ်။ မှန်ကန်တဲ့ အခွင့်အရေးရှိသလို မမှန်ကန်တဲ့အခွင့်အရေးဆိုတာလည်းရှိတယ်။  မှန်ကန်တဲ့အခွင့်အရေးဆိုတာ ဖြစ်ပေါ်လာတဲ့ မျှတတဲ့အခြေအနေ တစ်ရပ်အပေါ်မှာ ရယူအသုံးပြုတာဖြစ်သလို  မမှန်ကန်တဲ့အခွင့်အရေးကျတော့ ဖြစ်ပေါ်လာတဲ့ မမျှတတဲ့အခြေအနေတစ်ရပ်ကို ရယူအသုံးပြုတာဖြစ်တယ်။  ဒီနိုင်ငံမှာ အခွင့်အရေးဆိုတာ အင်မတန် ခေတ်စားတယ်။ အထူးသဖြင့် စစ်အစိုးရလက်ထက်က အခွင့်အရေးဆိုတာကို  ခွင် (ဂွင်)လို့သုံးတယ်။ အဲဒီကာလက လူတစ်ယောက်နည်းနည်းကြီးပွား သွားပြီဆိုတာနဲ့ ဘာခွင်မိသလဲလို့  အချင်းချင်းမေးလေ့ရှိတယ်။   ဒါကြောင့်မြန်မာ့လူ့ အဖွဲ့အစည်းမှာ အခွင့်အရေးဆိုတာကို ကောင်းတဲ့အမြင်ဘက်က  ရှုမြင်သုံးသပ်တာမျိုးနည်းပြီး အကြံ  အဖန်၊ ဖြတ်လမ်းဆိုတာမျိုးနဲ့ ရောထွေးနေတတ်တယ်။

 

မဝေးလှတဲ့အချိန်က အထူး သဖြင့် စစ်အစိုးရလက်ထက်က ဒီနိုင်ငံကလူငယ်တွေအများစုဟာ ကြိုးစားအားထုတ်မှုမရှိဘဲ  ခွင်ဆို တာနောက် လိုက်နေခဲ့ကြတယ်။ ဘာလုပ်လုပ် ဖြတ်လမ်းကကြီးပွား ဖို့က အဓိကဖြစ်တယ်။  ဘာအ လုပ်လျှောက်လျှောက် ခွင်ရှိသ လားအရင်ကြည့်တယ်။ ခွင်ကြီး သလား အရင်ကြည့်တယ်။ အထူးသဖြင့်  အစိုးရအလုပ်လျှောက်ပြီ ဆိုရင် အခွန်ရုံးတို့၊ အကောက်ခွန် တို့ဆိုရင် လစ်လပ်တဲ့နေရာ  ဆယ် ဂဏန်းလောက်ကို လျှောက်တဲ့သူ က ထောင်ဂဏန်း၊ သောင်း ဂဏန်းရှိတယ်။ ဝန်ကြီးဌာနတစ်ခု  တည်းအောက်မှာရှိတဲ့ တခြားဌာနတွေဖြစ်တဲ့ ဘဏ်တို့၊ အာမခံဌာန တို့ဆိုရင် လျှောက်ထားသူက  ရာဂဏန်းသာသာပဲရှိတယ်။ ဒီလို ပဲ။ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ ဝင်တယ်ဆိုရင်တောင် တချို့က  တိုင်းပြည်ကာကွယ်စောင့်ရှောက် ဖို့တို့၊ မျိုးချစ်စိတ်တို့ဆိုတာထက် တပ်မတော်အရာရှိဖြစ်ရင်  နေရာ ကောင်းရမယ်။ အစိုးရဌာန ကောင်းတွေဆီရောက်နိုင်တယ် ဆိုတဲ့ အခွင့်အရေးတွေကို မျှော်  ကိုးပြီး ဝင်ကြတာမျိုးရှိတယ်။ အဲဒီကြားထဲ တပ်မတော်အရာရှိဆို တာနဲ့ သူတို့ရဲ့လုပ်ကိုင်ခွင့်တွေကိုမျှော်ပြီး  ခွင်ဖမ်းချင်တဲ့အမျိုးသမီး တွေကလည်း မနည်းမနောရှိခဲ့ဖူး တယ်။ အဲဒီလို အခွင့်အရေးသမား  တွေပေါင်းမိတော့ တိုင်းပြည် လည်း ကျွမ်းပစ်တော့တာပဲလေ။ အာဆီယံအဆင့် သတ်မှတ်ချက် မှာတင်  ဟိုးအောက်ဆုံးနားကို ရောက်သွားတယ်။

 

စစ်အစိုးရ အချိန်ကာလ တုန်းက ဝန်းကျင်ကိုက မကောင်းဘူး။ အခွင့်အရေးရတုန်း ယူ မထားရင်  ငတုံးလိုကိုဖြစ်နေတယ်။ ငတုံးလို့ကိုအပြောခံရတယ်။ အဲဒီကာလတုန်းက လျင်သူစားစတမ်းပဲ။ အစိုးရဌာနတွေဆိုတာ  အတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်က ချိတ်ဆက်နေတာဖြစ်တယ်။ လူကြီးတွေ၊ သူတို့မိသားစုတွေဆေးကုရင်၊  ဆေးခန်းသွားရင် အောက်ခြေမြို့နယ်မှူး အဆင့်လောက်က တာဝန်ယူပေးရတာ မျိုးရှိတယ်။ အဲဒီလို  မြို့နယ်မှူးအဆင့်လောက် ဝင်ငွေကောင်းအောင် စာရေးအဆင့်လောက်က ကြားခံပွဲစားသဘောမျိုး  စီးပွား ရေးသမားတွေနဲ့ ချိတ်ဆက်ပေးရ တယ်။ ဒီလိုနဲ့ အခွင့်အရေးဆိုတာ တစ်တွဲကြီးဖြစ်နေတယ်။  အဲဒီလို ဖြစ်ပျက်နေတာတွေဟာ ဦးသိန်း စိန်တက်လာပြီး တာဝန်ယူခဲ့တဲ့ ငါး နှစ်ဆိုတဲ့ကာလအတွင်းမှာ  သိသိ သာသာ လျော့ပါးမသွားခဲ့ဘူး။ ဒါကြောင့် လူတွေက အစိုးရဌာန တွေဆိုရင် အယုံအကြည်မရှိလှ  ဘူး။ အစိုးရကိုပေးရမယ့်အခွန်လို ဟာမျိုးဆိုလည်း မဆောင်ချင်ကြ ဘူး။ ငါတို့ပေးတဲ့အခွန်ငွေတွေကို  အစိုးရက အပြည့်အဝမရဘဲ မှန် မှန်ကန်ကန်လည်း မသုံးစွဲဘူးလို့ စိတ်ထဲကကို စွဲမြဲယူဆနေကြ  တယ်။ ရလဒ်ကတော့ အစိုးရရုံး တွေနဲ့ဆက်ဆံပြီးတိုင်း အုပ်ချုပ် တဲ့အစိုးရကို အပြစ်တင်ကြတယ်။  နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲ မှာ ရလဒ်ကတော့ အများသိကြ တဲ့ အတိုင်းပဲလေ။

 

သို့ပေမဲ့ပေါ့ဗျာ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရဌာနတချို့လည်း ပြောင်းလဲတိုးတက်သင့်သလောက်တော့  တိုးတက် လာတာမျိုးတော့ရှိပါတယ်။ သို့ သော် ဌာနအသေးတွေ များပါ တယ်။ တကယ်ဝင်ငွေရလမ်းကြီး  မားတဲ့ဌာနတွေကျတော့ ဘာမှ ထူးထူးခြားခြားပြောင်းလဲလာတာ မျိုးမရှိလှပါဘူး။ နိုင်ငံခြားရေး  ဝန်ကြီးဌာနဆိုလည်း အပြင်လူ တွေ စိတ်ကူးယဉ်ဖို့တောင်မဖြစ် နိုင်တဲ့ဌာနမျိုး ဖြစ်နေပါတယ်။  အတွင်းမှာ အဆက်အသွယ်မရှိရင်၊ ကိုယ့်ဝန်ထမ်းမျိုးဆက်မရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ  အလုပ်လုပ်ဖို့ဆိုတာ မလွယ်ဘူးဆိုတာမျိုး လူတွေက ပြောကြပါတယ်။ ဒီလိုဌာနကြီးတွေကို ပြုပြင်ပြောင်းလဲဖို့ထောက်ပြရင်လည်း  ဖြည်း ဖြည်းချင်းလုပ်ရမှာပေါ့ဆိုပြီး ဝေ့ လည်ကြောင်ပတ် တစ်ဦးစ၊ နှစ် ဦးစ အပြောင်းအရွှေ့လုပ်ပြီး  ဒီလို နဲ့ပြီးသွားတာပါပဲ။ အခုအချိန်က တော့ နောက်လာမယ့်အစိုးရသစ် အနေနဲ့ လူဟောင်းတွေလိုတယ်  ဆိုပေမယ့် မတရားတဲ့ အခွင့်အ ရေးတွေကတစ်ဆင့် ကုတ်ကတ် နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ ကိုတော့  မြေလှန်ပစ်ရမယ့်အချိန် ဖြစ်ပါတယ်။

 

ခြုံပြီးပြောရရင် မြန်မာ့လူ့ အဖွဲ့အစည်းမှာ အထူးသဖြင့် လူငယ်ထုအတွင်းမှာ တရားသဖြင့်ယှဉ်ပြိုင်လိုစိတ်၊  ကြိုးစားအား ထုတ်လိုစိတ်တွေ လျော့ပါးခန်း ခြောက်ကုန်တာပဲ ဖြစ်ပါတယ်။အတွင်းမှာဆိုရင်လည်း  အချင်း ချင်း မယုံကြတော့ပါဘူး။ မြန်မာဆိုတာနဲ့အထင်မကြီးကြတော့ပါ ဘူး။ စင်ကာပူမှာ သွားအလုပ်လုပ်၊  အဲဒီက စည်းကမ်းလိုက်နာ၊ ဒီပြန်ရောက်ရင်ထုံးစံအတိုင်း ခပ်ပေပေ ခပ်တေတေနဲ့နေကြတာများပါတယ်။

 

အခု ၂၀၁၆ မှာ အားလုံး အေးအေးချမ်းချမ်းဖြစ်ခဲ့မယ်ဆို ရင် အစိုးရသစ်တစ်ရပ်ပေါ်ထွန်း လာပါလိမ့်မယ်။  အတိုက်အခံဦး ဆောင်တဲ့ အစိုးရသစ်ဖြစ်လို့ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို ဝေဖန်သုံး သပ်ဖို့  စောလွန်းနေဦးမှာဖြစ်ပေ မယ့် သေချာတာကတော့ မတရားတဲ့အခွင့်အရေးတွေကတစ်ဆင့် ဖြတ်လမ်းလိုက်ပြီး  ကြီးပွားနေရာ ယူချင်တဲ့ အခွင့်အရေးသမားတွေ အတွက် ခွင်ကျဉ်းသွားဖို့အခြေ အနေအခင်းအကျင်းတွေဖြစ်လာ  နိုင်ပါတယ်။ ဒီလိုဆို တရားသဖြင့် မှန်မှန်ကန်ကန် ကြိုးစားအားထုတ် လိုသူတွေအတွက် အခွင့်အရေး  တွေ ပိုပြီးဖြစ်ထွန်းပေါ်ပေါက်လာ ဖို့ရှိပါတယ်။ အဲဒီလိုအခြေအနေ သစ်တစ်ရပ်အောက်မှာ ဖြစ်ထွန်းပေါ်ပေါက်လာမယ့်  အခွင့်အရေးတွေကို ရယူအသုံးပြုနိုင်ဖို့ မြန်မာလူငယ်များ အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်၊  လူသစ်နဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့လိုပါတယ်။

 

အခင်းအကျင်းအသစ်မှာ စိတ်ထားမပြင်နိုင်သူတွေကတော့ ဘေးထိုင် ဘုပြောကျန်ခဲ့ကြမှာ ဖြစ်ပါတယ်။  တစ်ချိန်က ဒီနိုင်ငံ ဟာ လူတွေကိုအခွင့်အရေးပေးပြီး အဲဒီအခွင့်အရေးတွေနဲ့ချည်နှောင်  ပြီး အုပ်ချုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဘယ်မှာပဲကြည့်ကြည့်ပါ။ ပြဿ နာတွေရှိရင် ပြဿနာတွေကို  မဖြေရှင်းဘဲ ပါဝင်ပတ်သက်တဲ့သူ တွေကို အခွင့်အရေးတွေပေးပြီး အဲဒီအခွင့်အရေးတွေအပေါ် သာ  ယာသွားပြီဆိုမှ ခပ်တည်တည်နဲ့ ဆက်အုပ်ချုပ်သွားတာ ဖြစ်ပါ တယ်။

 တိုင်းရင်းသားလက်နက် ကိုင်တွေဆိုလည်း  လက်နက်စွန့် ပြီး ငြိမ်းချမ်းရေးလုပ်ရင် သူတို့ ဒေသတွေမှာ ဘုရင်တစ်ပါးနီးပါး လုပ်ပိုင်ခွင့်ပေးထားတယ်။  ဒီလိုပဲ။ တပ်မတော်အရာရှိတွေဆို လည်း အစိုးရဌာနတွေမှာ နေရာချထား ပြီးငွေကြေးတွေ၊ လုပ်ပိုင်ခွင့်တွေမှာ  သာယာစေပြီး သစ္စာရှိစေခဲ့တယ်။ စီးပွားရေးသမားတွေဆိုလည်း လူကြီးနဲ့နီးစပ်အဆင်ပြေတဲ့သူ၊  ပါးပါးနပ်နပ် လုပ်နိုင်တဲ့သူက အခွင့်အရေးရတယ်။ ရှေ့ရောက်တယ်။ နေရာရတယ်။ အဲဒီလိုမမျှတတဲ့အခွင့်အရေးတွေကတစ်ဆင့်  မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ပုပ်သိုးခြစားအဖျက်အဆီးခံခဲ့ရတယ်။ 

၂၀၁၁ မှာတော့ ဦးသိန်းစိန် အစိုးရတက်လာပြီး အခြေအနေ တချို့ တိုးတက်ကောင်းမွန်လာ တာမျိုးရှိတယ်။  ဒါပေမဲ့ လူထုက တစ်ချိန်က မတရားမှုတွေအပေါ် အစာမကြေနိုင်သေးဘူး။ ဒီကြားထဲ မီဒီယာအများစုကလည်း  အတိုက်အခံဘက်ကနေ တစ်ဖက်သတ်အသားပေးဖော်ပြ တာမျိုးဆိုတော့ ဦးသိန်းစိန်အစိုးရနဲ့ အရင်အစိုးရပုံရိပ်တွေ  ရောထွေးပြီး အခုတော့ ပြည်ခိုင်ဖြိုးပါတီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မျှော်ပေါ့ဗျာ။  အင်န်အယ်လ်ဒီ အမှားယွင်း များရင်၊ အမှားယွင်းကြီးရင် ၂၀၂၀မဟုတ်ဘူး။ ၂၀၂၀ မတိုင်မီကို  ပြည်ခိုင်ဖြိုးအတွက် အခွင့်အရေးတစ် ရပ် ပေါ်လာပါလိမ့်မယ်။ဒါကြောင့် ၂၀၁၁ က တဖြည်းဖြည်းချင်းပြောင်းလဲတိုးတက်လာ  တဲ့အခြေအနေတချို့ဟာ ၂၀၁၆ အစိုးရသစ်လက်ထက်မှာ အရှိန် အဟုန်နဲ့ ပိုပြီးတိုးတက်ကောင်းမွန်  လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။အထူးသဖြင့် နေရာကဏ္ဍပေါင်းစုံ မှာ တရားမျှတတဲ့ဝန်းကျင်တွေ၊  မှန်ကန်တဲ့အခွင့်အရေးတွေ ပေါ် ပေါက်လာလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ အဲဒီအတွက်လည်း  လူငယ်တွေဟာ ကြိုတင်ပြင်ဆင် လေ့ကျင့် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ 

အခုအပြောင်းအလဲကာလ မှာ လူငယ်တွေကို ပိုမျှော်လင့် တယ်။ လူကြီးတွေက ပြင်ဖို့ မလွယ်တော့ဘူးဗျ။  တချို့လူကြီးတွေက ပါးစပ်ကသာ အညွန့်တွေပြောနေတာ။ သူတို့နေရာပျောက်မှာ အင်မတန်ကြောက်ကြတယ်။  ရတဲ့နည်းနဲ့ တွယ်ကပ်နေကြတယ်။ သူတို့ပြောလိုက်ရင် လူငယ်တွေနေရာပေးရမယ် ဘာညာနဲ့ ပြီးရင်  ခပ်တည်တည် မျက်နှာကြောတင်း တင်းတွေနဲ့ နေရာကမဖယ်ချင် ကြတော့ဘူး။ စာရေးသူ ဂေါပကလူကြီးတချို့နဲ့ကြုံဖူးတယ်။  တချို့တွေ တော်တော်အတ္တကြီးတာပဲ။ ဘုရား၊ တရားသာလုပ်နေတာ သူတို့ကို နည်းနည်းအတိုက်အခံ  ဆွေးနွေးရင်ကိုမခံချင်စိတ်ကကြီး ကြတယ်။ မင်းကဘာကောင်လဲဆိုတာမျိုးဖြစ်လာတယ်။ အံ့အားကြီးသင့်ပါရဲ့ဗျာ။  လက်နက်ကိုင်အဖွဲ့အစည်းတွေမှာတင် ဒါမျိုးရှိသလားမှတ်တယ် ဂေါပကအဖွဲ့တွေမှာလည်း ဒါမျိုးရှိသကိုး။