Share
Blog Link Copied
အခုခေတ်ကာလ မှာ လူတွေဆီက
အကြားရဆုံးစကားတွေဟာ “အချိန်မရှိဘူး”
ဆိုတဲ့စကားဘဲဖြစ်ပါတယ်။ လူတွေဟာ မိမိတို့ရဲ့
အမြဲမပြတ် လည်ပတ်နေတဲ့ အမှုကိစ္စရပ်တွေကြားမှာ ကိုယ်ပိုင်အချိန်တစ်ခုကို
ရယူဖို့ မနည်း ကြိုးစားနေကြရပါတယ်။ တစ်ချို့ဆိုရင် အိပ်ချိန်ကိုတောင်
ဖဲ့ပေးလာရတဲ့အထိ ရှိလာတတ်ကြပါတယ်။ ဒီလို ကိုယ်ပိုင် အချိန်တွေ ရှားပါးလာတာနဲ့အမျ
လူတွေဟာ စိတ်ကြည်လင်မှုတွေနည်းပါးလာကြသလို စိတ်ထိန်းချုပ်နိုင်စွမ်းလည်း
အားနည်းလာတတ်ကြပါတယ်။
ဒါကြောင့် လူတွေအတွက်
လုံလောက်တဲ့ကိုယ်ပိုင်အချိန်ဆိုတာ ပြည့်ပြည့်ဝဝရရှိဖို့လိုအပ်ပါတယ်။
လူရဲ့ကိုယ်ခန္ဓာဟာ အသွေးအသားတွေနဲ့ဖြစ်တည်ဖွဲ့စည်းထားတာကြောင့်
ဒီခန္ဓာကျန်းမာရွှင်လန်းစေဖို့ လုံလုံလောက်လောက် အနားပေးနိုင်ဖို့လိုပါတယ်။ကိုယ်ပိုင်အချိန်လေး
မှာ အနားယူမယ်၊ စာဖတ်မယ်၊ ဂီတာတီးမယ်၊ ရုပ်ရှင် ကြည့်မယ်၊ပန်းချီဆွဲမယ်၊
ဘောလုံးကန်မယ်၊ လမ်းလျောက်ထွက်မယ် အစရှိတဲ့ မိမိရဲ့ ကိုယ်ပိုင်
လှုပ်ရှားမှုအစီအစဉ်လေးတွေကိုလုပ်နိုင်ဖို့အတွက် လုံလောက်တဲ့အချိန်ဆိုတာ တကယ်ကို
လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်စိတ် နှစ်ပါးကိုဖွံ့ဖြိုးရွှင်လန်းစေမှာဖြစ်ပြီး လုပ်ငန်းခွင်အတွက် ၊မိမိဘဝတက်လမ်းအတွက်လည်း
ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်။
ဘဝတစ်ခုကိုရှင်သန်ဖြတ်သန်းနေရတဲ့လူတိုင်းဟာ
အချိန်တစ်ခုကို ထိရောက်စွာ ကိုင်တွယ်အသုံးချတတ်ဖို့လိုပါတယ်။
အချိန်ကိုပိုင်းခြားပြီးအသုံးမပြုတတ်ပါက ဘဝအတွက် ရှုပ်ထွေးတဲ့ နေထိုင်မှုစနစ်တွေနဲ့
စိတ်ဖိစီးမှုများစေမှာဖြစ်ပါတယ်။ဒါကြောင့် လူတွေအတွက် မိမိတို့ရဲ့အချိန်တွေကိုစနစ်တကျ ကိုင်တွယ်
အသုံးချတတ်မှုဟာ အရမ်းကို အရေးကြီးပါတယ်။
အဓိကအချက်အနေနဲ့ လူတွေဟာ မိမိလည်ပတ်အသုံးပြုနေတဲ့အချိန်တွေကို
သိရှိနေဖို့လိုပါတယ်။ ဒါ့အပြင် အချိန်တွေကို စနစ်တကျအသုံးချနိုင်ဖို့
စီစဉ်ပြုလုပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ အချိန်တွေကို အလေအလွင့်မဖြစ်စေဘဲ ကုန်ဆုံးစေမှုဟာ
မိမိအတွက်လည်း အကျိုးဖြစ်ထွန်းစေသလို မိမိရှင်သန်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုလည်း
များစွာ အထောက်အကူပြုစေပါတယ်။
မိသားစုအတွက် အချိန်၊
အလုပ်အတွက်အချိန်၊ မိမိ ကိုယ်ပိုင် လွတ်လွတ်လပ်လပ်နေတဲ့အချိန်၊
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံချိန်၊ စာပေလေ့လာဖတ်ရှုချိန် အစရှိတဲ့
အသုံးချစရာအချိန်တွေဟာ ရှိနေတတ်ကြပါတယ်။ ဒီလို အချိန်တွေကို သူ့နေရာနဲ့
သူ့အပိုင်းအခြားနဲ့ အသုံးချခြင်းဖြင့် အချိန်မမှီတာတွေ၊ မိမိကြောင့် သူများကို
အနှောင့်အယှက်ဖြစ်စေတာတွေကင်းဝေးလာမှာဖြစ်ပါတယ်။ စိတ်လက်ပေါ့ပါးစွာနဲ့
ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာစေမှာဖြစ်ပါတယ်။စိတ်ဖီစီးမှုတွေလည်း
ကင်းဝေးလာစေမှာဖြစ်ပါတယ်။
ဒါပေမယ့် လူတွေအတွက်
ဘဝမှာ အရေးကြီးတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်နိုင်ဖို့
ဘယ်အရေးကိစ္စဟာ အရေးကြီးဆုံးလဲဆိုတာ ခွဲခြားသိရှိဖို့လိုပါတယ်။ဒီအတွက်
ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ ပန်းတိုင်ကို
အမှန်တကယ် နားလည်ဖို့လိုအပ်ပါတယ်။ ဒါတွေကို အသေအချာနားလည်ပြီဆိုတာနဲ့မိမိအတွက်
တန်ဖိုးရှိတဲ့အချိန်အတိုင်းအတာတစ်ခုကို ချမှတ်နိုင်ပြီဖြစ်ပါတယ်။ ဒီအတွက်
မိမိတို့ရဲ့အချိန်တွေကို အလေအလွင့်မဖြစ်ဘဲ ထိထိရောက်
အသုံးချနိုင်ဖို့ဂရုတစ်စိုက်နဲ့ ဘယ်လို ရယူကြမလဲ။ဒီအတွက်တစ်နေ့တာအတွင်း မှာ
လုပ်ဆောင်ရမယ့်ကိစ္စအဝဝတွေကို ပြီးစီးအောင်လုပ်ဆောင်ပါ။ ဒီနေ့အတွင်း ဒီကိစ္စလေးတွေ
ကို ပြီးအောင်လုပ်မယ်ဆိုတဲ့အားထုတ်မှုက တစ်နေ့တာရဲ့ ပန်းတိုင်တစ်ခုကို
အောင်မြင်စေပါတယ်။ ဒီလို အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး အခြေခံလေးတွေကို အောင်မြင်အောင်
လုပ်လာနိုင်တဲ့အခါ မိမိအတွက် ပန်းတိုင်ကြီးကိုလှမ်းဖို့များစွာ
အထောက်အကူပြုနိုင်ပြီဖြစ်ပါတယ်။
တစ်ချို့လူတွေအတွက်
အိမ်ဟာ လုပ်ငန်းခွင် နဲ့ အလှမ်းဝေးတဲ့အခါ မီးရထားပေါ်မှာ၊ ကားပေါ်မှာ
အချိန်တော်တော်ကုန်ဆုံးရတာတွေရှိပါတယ်။ ဒါမှမဟုတ် ကိစ္စတစ်စုံတစ်ရာအတွက်
အချိန်ပေးပြီး စောင့်ဆိုင်းနေရတာတွေရှိပါတယ်။ဥပမာ-ဒီလို အချိန်လေးတွေကို စာဖတ်ခြင်း ၊
တရားနားထောင်ခြင်း ၊ ဘာသာစကားတစ်ခုခုကို နားထောင်နေခြင်း ၊ လေ့လာခြင်း အစရှိတဲ့
မိမိအတွက် အကျိုးရှိစေမယ့် အရာတစ်ခုခုကို ပြုလုပ်နေခြင်းဖြင့် အချိန်ကို
ကောင်းကောင်းအသုံးချရာရောက်ပါတယ်။
လူတွေအတွက် အချိန်ဆိုတာ
တန်ဖိုးအကြီးဆုံးအရာတစ်ခုဖြစ်တာကြောင့်
အချိန်ကိုလူရဲ့ဘဝအဖြစ်သတ်မှတ်ကြပါတယ်။အချိန်များများရှိလေ ဘဝများများရှိလေလို့ဆိုကြသလို
ဒီအရာတွေကို ကျွန်ုပ်တို့က မျတအောင် အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင်
ပျော်ရွှင်စရာ၊ နှစ်သက်စရာ ကောင်းတဲ့ဘဝနေထိုင်မှုတစ်ခုကို ရရှိစေမှာဖြစ်တာကြောင့်
လူတွေအတွက် အချိန်ကို စနစ်တကျ အသုံးချနိုင်ခြင်းဟာလည်း ဘဝရဲ့တိုးတက်မှုကို
အကောင်အထည်ဖော်ရာတွင် အရေးပါတဲ့ အချက်တစ်ခုဆိုတာ သိရှိကြစေဖို့
ဖော်ပြပေးလိုက်ပါတယ်။
REF: Myanmar Latest News