11th April, 2017

Why Fear Kills Productivity

သူဌေးကို ကြောက်ရ၊ အထက် လူကြီးကို ကြောက်ရသည့်အခါ ၀န်ထမ်းများသည် အလုပ်ကို ကြိုးစား လုပ်ကိုင်ကြလိမ့်မည်ဟု ထင်စရာရှိသည်။ သို့သော် ထိုသို့ ကြောက်နေရသော အလုပ်ခွင်မျိုးသည် တကယ်တမ်းတွင် ဘက်စုံ တိုးတက်မှု အနှေးဆုံး ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

 

အထက်လူကြီးကို ကြောက်နေရသော အလုပ်ခွင်မျိုးတွင် လုပ်ရသော ၀န်ထမ်းများသည် အထက်လူကြီး စိတ်ကျေနပ်အောင်၊ သဘောကျအောင် နေထိုင်ပြုမူရသည့် အလုပ်ပိုအတွက်ပါ အချိန်ပေးနေရသဖြင့် မိမိနှင့်ပတ်သက်သော အလုပ်မှာ ရာနှုန်းပြည့် အားမစိုက်နိုင် ဖြစ်ရကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။

 

စစ်တမ်းကို နိုင်ငံတကာ အလုပ်ခွင် အုပ်ချုပ်မှု သင်တန်းများ ပို့ချပေးနေသော Chartered Management Institute က ပြုလုပ်ထားခြင်း ဖြစ်သည်။ အထက်အောက် အုပ်ချုပ်မှုပုံစံ ကျင့်သုံးပြီး ၀န်ထမ်းကို အလုပ်က ပိုင်သော ကုမ္ပဏီမျိုးနှင့် ရေပြင်ညီ အုပ်ချုပ်မှု ပုံစံကျင့်သုံးကာ ကုမ္ပဏီကို ၀န်ထမ်းများကပါ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်ရှိသည့် ကုမ္ပဏီမျိုးကို နှိုင်းယှဉ် လေ့လာထားခြင်း ဖြစ်သည်။

 

မိမိ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီ၏ အကျိုးစီးပွား တိုက်ရိုက် ဆက်စပ်နေသလို၊ ရေပြင်ညီ အုပ်ချုပ်မှု ပုံစံကိုလည်း ကျင့်သုံးသော လုပ်ငန်းခွင်မျိုးမှ ၀န်ထမ်းများသည် အလုပ်ခွင်တွင် မျှမျှတတအရှိဆုံး၊ ယုံကြည် စိတ်ချရဆုံး၊ အားအထုတ်ဆုံး၊ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲဆုံး ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းက ဖော်ပြသည်။

 

ရေပြင်ညီ အုပ်ချုပ်မှုစနစ် ကျင့်သုံးသော လုပ်ငန်းခွင်မျိုးတွင် လုပ်ကိုင်သူများထဲ၌ (၁၀) ယောက်တွင် ကိုးယောက်က သူတို့အလုပ်ခွင်သည် ဒီမိုကရေစီ နည်းကျသည်၊ ဖန်တီးမှု ရှိသည်ဟု ဆိုကြသည်။

 

သမားရိုးကျ အထက်အောက် အုပ်ချုပ်မှု စနစ်ကျင့်သုံးသော ကုမ္ပဏီများတွင် လုပ်ကိုင်နေသူများထဲတွင် (၁၀) ယောက်လျင် ငါးယောက်ကသာ အထက်ပါ အတိုင်း သဘောထား ရှိကြသည်။

 

အထက်အောက် အုပ်ချုပ်သည့် အလုပ်ခွင်များမှ ၀န်ထမ်းများသည် အလုပ်ရှင် သို့မဟုတ် အထက် လူကြီးများသည် အာဏာရှင်ဆန်လွန်းသည်၊ ချုပ်ချယ်လွန်းသည်၊ ဖိအားပေးလွန်းသည်ဟု ညည်းညူနှုန်း လေးဆ ပိုများကြောင်းလည်း တွေ့ရသည်။ ၀န်ထမ်းများကို တန်းတူ ဆက်ဆံလေ့ရှိသော အလုပ်ရှင်များသည် လုပ်ငန်း ဆုံးဖြတ်ချက် ချမှတ်ရာတွင်လည်း ကျွမ်းကျင် နားလည်သော ၀န်ထမ်းများထံမှ ပွင့်လင်းသော အကြံဥာဏ်များ ရရှိသဖြင့် ဆုံးဖြတ်ချက် လွဲမှားခြင်းမျိုး နည်းပါးကြကြောင်း သိရသည်။

 

အထက်အောက် အမိန့်ပေးစနစ်သုံးပြီး အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အခါ ၀န်ထမ်းတွေဟာ အထက်လူကြီး ခိုင်းတာကိုသာ အဓိကထား လုပ်နေကြရတာကြောင့် လုပ်ငန်းဟာ ဖောက်သည် ၀န်ဆောင်မှုပိုင်း လျော့ရဲတတ်သည်။ တီထွင်ဖန်တီးမှု လျော့ကျသွားတတ်သည်။ အကျိုးဆက်အဖြစ် ၀င်ငွေနဲ့ အမြတ်ငွေ ကျဆင်းပြီး လုပ်ငန်း ကုန်ကျစရိတ်ကတော့ သိသိသာသာ တက်လာတတ်သည်ဟု စစ်တမ်းက ထောက်ပြထားသည်။

 

messenger news journal