29th May, 2017
Workplace temperature impact on the attitude of the employees
Share
Blog Link Copied
ရုံးခန်းတွင်း အပူချိန် အနည်း အများက ၀န်ထမ်းများ၏ စိတ်နေ စိတ်ထားနှင့် ပူးပေါင်း ဆောင်ရွက်မှု အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေကြောင်း လေ့လာမှု တစ်ခု အရ သိရသည်။
စစ်တမ်း ဖြေဆိုသူ ၀န်ထမ်း (၁၀)ဦးလျှင် (၇)ဦးက အလုပ်ခွင်ရှိ အပူချိန်နှင့် ပတ်သက်ပြီး မသက်မသာ ခံစားရကြောင်း ပြောဆို ခဲ့သည်။ ရုံးခန်းတွင်း အပူချိန်နှင့် ပတ်သက်ပြီး မကြာခဏ အငြင်းပွားတတ်ကြောင်း ၄င်းတို့က ပြောဆိုခဲ့သည်။
အပူချိန်နှင့် ပတ်သက်ပြီး တစ်လလျှင် တစ်ကြိမ်ခန့် အငြင်းပွားရလေ့ ရှိကြောင်း စစ်တမ်း ဖြေဆိုသူ သုံးပုံတစ်ပုံက ပြောဆို ခဲ့သည်။ ၀န်ထမ်း ရှစ်ဦးလျှင် တစ်ဦးက လုပ်ဖော်ကိုင်ဖက်များ မသိဘဲ အပူချိန်ကို ထိန်းညှိခဲ့ကြောင်း ၀န်ခံခဲ့သည်။ ၀န်ထမ်းလေးပုံ တစ်ပုံကမူ လုပ်ဖော်ကိုင်ဖက်များ မသိအောင် ပြတင်းပေါက်များကို ပိတ်လေ့ရှိကြောင်း ပြောဆိုခဲ့သည်။ ဗြိတိန်ရှိ ၀န်ထမ်း (၂၀၀၀) တို့အား စစ်တမ်း ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်ကုမ္ပဏီ ကြီး E.on က စစ်တမ်း ကောက်ယူရန် ငွေကြေး ထောက်ပံ့ ခဲ့ခြင်း ဖြစ်သည်။
ရုံးခန်းတွင်း အပူချိန်သည် ၀န်ထမ်း အများစု လိုလားသည့် အပူချိန် အနေအထားဖြစ်လေ့ မရှိသောကြောင့် ၀န်ထမ်းများသည် သက်တောင့် သက်သာစွာ နေခွင့် ရရေး အတွက် အပြင်း အထန် ကြိုးပမ်းရလေ့ ရှိသည်။ ၀န် ထမ်း (၆၀) ရာခိုင်နှုန်းက ကော်ဖီပူပူ ဖျော်ခြင်း၊ ကုတ်အင်္ကျီအား စောင်ကဲ့ သို့ အသုံးပြုခြင်း အစရှိသည် တို့ကို လုပ်ဆောင်ပြီး နွေးထွေးစွာ နေထိုင်ရေး ကြိုးပမ်း ခဲ့ကြသည်။
ဝန်ထမ်း ငါးဦးလျှင် တစ်ဦးသည် ဦးထုပ်များ ဆောင်းခြင်း၊ လက်အိတ်များ ၀တ်ခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း ပြောဆို ခဲ့သည်။ (၁၀)ဦး လျှင် တစ်ဦးကမူ နေအိမ်မှ ရေနွေးဗူးကို ယူဆောင် ခဲ့ကြောင်း ၀န်ခံ ခဲ့သည်။ အပူချိန် အနေအထားကြောင့် လုပ်ငန်းခွင်တွင်း ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ မရှိတော့ဘဲ ယှဉ်ပြိုင်မှုများ ရှိလာသဖြင့် မန်နေဂျာများ အတွက် စိုးရိမ်စရာ ရှိလာကြောင်း E.on မှ အီယန် ဝေါ်ကာက ပြောဆို ခဲ့သည်။
အလုပ်ခွင်များ၏ အပူချိန်ကို သက်လတ်ပိုင်း အမျိုးသားများ၏ နှစ်သက်မှု အနေအထားတိုင်း ထားရှိလေ့ ရှိသောကြောင့် အလုပ်ခွင်များသည် အမျိုးသမီးများ အတွက် အေးလွန်းသော နေရာများ ဖြစ်လေ့ ရှိကြောင်း သဘာဝ ရာသီဥတု အပြောင်းအလဲ ဂျာနယ်ပါ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
messenger news journal