26th September, 2018

ကိုယ့်ရဲ့ Career ကိုတိုးတက်အောင်ဘယ်လိုလုပ်ကြမလဲ

ကိုယ့်ရဲ့အလုပ်အကိုင်တိုးတက်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ထိရောက်မှုရှိဖို့တော့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖို့ အတွက် အရင်ဆုံးကိုယ့်ဘက်က  ဘယ်အချက်တွေကို ဦးစားပေးလုပ်ဆောင်သင့်သလဲဆိုတာကို စဉ်းစားဆုံးဖြတ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Career ကိုတိုးတက်စေနိုင်မယ့်အချက် တွေကိုကြည့်လိုက်ရအောင်။

လူမှုဆက်ဆံရေးကောင်းရှိပါစေ

ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ခြင်းကလည်း သင့်အတွက် အလုပ်အကိုင်တိုးတက်ဖို့အခွင့်အရေးကောင်းတွေ ရရှိစေပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်ကစလို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအထိကို ဆက်ဆံရေးကောင်းတည်ထောင်နိုင်ဖို့ကြိုးစားပါ။ ကိုယ့်ရဲ့အလုပ်နယ်ပယ်ကလူတွေနဲ့ အခြားသောလူမှုရေးအဖွဲ့အစည်းတွေမှာပါဝင်ခြင်းကလည်း ကိုယ့်အတွက်အခွင့်အလမ်းကောင်းတွေကို ရရှိစေနိုင်ပါတယ်။

ကူညီတတ်ပါစေ

တစ်ယောက်ယောက်က ကိုယ့်ကို အကူညီတောင်းခံလာတဲ့အခါမှာ အလွယ်တကူမငြင်းပယ်လိုက်ပါနဲ့။ ပရော်ဖက်ရှင်နယ်ကျကျဆက်ဆံတဲ့အခါမှာ အပြန်အလှန်ကူညီခြင်းက အခြေခံအချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုတွေ အပြန်အလှန်ကူညီခြင်းတွေက နောင်အခါကိုယ်အကူအညီလိုတဲ့အခါမှာ အခြားသူတွေကလည်း ပြန်လည်ကူညီိပေးဖို့ အဆင့်သင့်ရှိနေပါလိမ့်မယ်။

ကိုယ်ပိုင် social media မှာစာရေးသားခြင်းပြုလုပ်ပါ

ကိုယ်သိတာတွေ၊ လူတွေစိတ်ဝင်စားမယ့်ဆောင်းပါးတွေကို social media ပေါ်မှာပြန်လည်ဝေမျှပေးခြင်းကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ကိုယ့်အတွက်လည်း အကျိုးရှိသလို ကိုယ့်ရဲ့စာဖတ်ပရိသတ်တွေလည်း ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ။ ဒီလိုကောင်းမွန်တဲ့စာတွေရေးသားပြီး ကိုယ့်ရဲ့လူမှုဆက်ဆံရေးကို ချဲ့ထွင်းနိုင်သလို ကိုယ့်အတွက် အောင်မြင်မှု ရရှိနိုင်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

ကိုယ့်ရဲ့ Presentation နဲ့ speaking skills ကိုတိုးတက်အောင်လုပ်ဆောင်ပါ

လူတော်တော်များများက လူကြားထဲမှာစကားပြောဖို့ ရှက်ရွံကြပါတယ်။ ဒါပေမယ့် ဒီလိုပြောနိုင်ခြင်းက သင့်ရဲ့  အောင်မြင်မှုအတွက် အရေးကြီးသလို လုပ်ငန်းခွင်အလုပ်အကိုင်တွေ တိုးတက်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ လူကြားထဲမှာ ထိထိရောက်ရောက်စကားပြောနိုင်တဲ့သူဖြစ်လာခြင်းက ကိုယ့်အတွက် အကျိုးရှိသလို ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ စံနှုန်းတွေကိုမြှင့်တင်ပေးနိုင်တဲ့အပြင် လူတွေပိုသိလာနိုင်တဲ့အချက်တွေလည်း ဖြစ်ပါတယ်။

အခွင့်အရေးကောင်းကိုရှာဖွေပါ

အနိမ့်ပိုင်းမှာသီးနေတဲ့အသီးတွေကို အခြားသူတွေကိုခူးစေလိုက်ပါ။ ကိုယ်တိုင်က ပိုမိုကောင်းမွန်တဲ့အရာကို ရှာဖွေပြီးကြိုးစားခူးဆွတ်ကြည့်ရင် အရသာထူးခြားကောင်းမွန်တဲ့ အသီးကောင်းတစ်လုံးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေကိုရယူနိုင်ပါတယ်။ ဒီဥပမာလိုပဲ ကိုယ့်အတွက်အခွင့်အရေးကောင်းတွေကို ရရှိနိုင်ဖို့အတွက် လူတိုင်းတွေးတဲ့ သမရိုးကျတွေးတောလုပ်ဆောင်ခြင်းကနေ ခွဲထွက်ပြီး တီထွင်ဖန်တီးစွမ်းရှိတဲ့သူတစ်ယောက်  ဖြစ်အောင်လုပ်ဆောင်ပါ။ အောင်မြင်တဲ့လူတွေက အခြေအနေတွေတိုင်းကို မတူညီတဲ့ရှုထောင့်ကနေ အကောင်းဆုံးတွေးတောလုပ်ဆောင်ပြီး အခွင့်အရေးတွေကိုရှာဖွေတတ်ကြပါတယ်။

ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေကိုတက်ရောက်ပါ

ကိုယ့်ရဲ့အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေတက်ရောက်ပြီး ဗဟုသုတတွေ၊ အသစ်ထွက်ပေါ်လာတဲ့နည်းပညာသစ်အကြောင်းတွေ၊ ပစ္စည်းတွေအပြင် ဝန်ဆောင်မှုအပိုင်းတွေကို သိရှိနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေကိုတက်ရောက်သင့်ပါတယ်။ ဒီလိုတက်ရောက်တာက ကိုယ်နဲ့စိတ်ကူးတူ၊ အကြံတူသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်လို့ရသလို ကိုယ်မသိရှိသေးတဲ့အကြောင်းအရာတွေကို သင်ယူလေ့လာတာတွေက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုလည်း မြှင့်တင်ရာရောက်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေက သင့်ရဲ့အလုပ်အကိုင်တိုးတက်ရေးအတွက် အထောက်အကူကောင်းတစ်ခုဖြစ်မှာပါ။ ဒါကြောင့်ဒီနေ့ကစပြီး ကိုယ့်ရဲ့အလုပ်အကိုင်မှာအောင်မြင်မှုတွေရရှိနိုင်ဖို့ ဒီအချက်တွေကို လိုက်နာလိုက်ကြရအောင်။