Branding ဆိုတဲ့စကားလုံး လူတိုင်းကြားဖူးကြမှာပါ။ အထူးသဖြင့် ကုန်ပစ္စည်းတွေအကြောင်းပြောကြတဲ့အခါမှာပေါ့။ ကုန်ပစ္စည်းတွေနဲ့ ကိုယ်ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် branding ကိုစဉ်းစားကြပေမယ့် ကိုယ်ကိုယ်ကိုယ်တော့ Personal Branding လုပ်ဖို့ကိုတော့မေ့နေတတ်ကြပါတယ်။ (ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း လို့ပဲခေါ်ခေါ် နာမည်တည်ဆောက်ခြင်း လို့ပဲဆိုဆို) Personal branding က ဘယ်လောက်အရေးကြီးလို့မေးတဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းခွင်ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အလုပ်အကိုင် အခွင့်အလမ်းသစ်အတွက်ပဲဖြစ်ဖြစ် ကိုယ်ရဲ့ကိုယ်ရည် ကိုယ်သွေးကို မြှင့်တင်တည်ဆောက်နိုင်မယ်ဆိုရင် ဒါကအောင်မြင်မှုတစ်ခုပါပဲ။ ဒါဆိုဘယ်လိုတွေတည်ဆောက်ကြမလဲ…
Target ထားပြီိးတည်ဆောက်ကြည့်ပါ
ကိုယ့်နာမည်ကိုလူတွေကြားလိုက်ပြီဆိုတာနဲ့ ဘာကိုမြင်စေချင်ပါသလဲ။ ကိုယ့်ရဲ့ဘယ်ပတ်ဝန်းကျင်မှာ ပိုပြီးအောင်မြင်ချင်တာလဲဆိုတာကိုအရင်စဉ်းစားပါ။ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်ပြီးထိရောက်တဲ့ ကျော်ကြားမှု တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့နယ်ပယ်ကို အရင်ဆုံးရွေးချယ်တတ်ရပါမယ်။ ဒါမှ အောင်မြင်ပြီးလူတွေအသိအမှတ်ပြုတဲ့ သူတစ်ယောက်အဖြစ်အကောင်းဆုံးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မိမိရဲ့အားသာချက်ကိုအရင်ဆုံးသိအောင်ဆန်းစစ်ပါ
ဒီလိုတွေတည်ဆောက်ဖို့ဆို ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးသိအောင်လုပ်ရပါမယ်။ ကိုယ်ကဘယ်အချက်တွေမှာတော်သလဲ။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကဘာလဲဆိုတာကိုသိအောင်လုပ်ပါ။ ကိုယ့်ရဲ့အကောင်းဆုံးအချက်တွေကိုသိရှိအောင်လုပ်ပြီး ဘယ်လိုအသုံးချရင်လူတွေသိနိုင်မလဲ၊ အောင်မြင်နိုင်မလဲ ဆိုတာကြည့်ပါ။ ဥပမာ ကိုယ်ကစာရေးတာတဲ့နေရာမှာကျွမ်းကျင်တာလား၊ လူအများကိုစွဲဆောင်ပြောဆိုတဲ့နေရာမှာ ကျွမ်းကျင်တာလား၊ ဒါမှမဟုတ် ကိုယ်ကအလုပ်မှာအမြဲတက်တက်ကြွကြွနဲ့ဦးဆောင်ပြီး ဆောင်ရွက်နိုင်တဲ့သူဖြစ်ပါသလား ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီးသိအောင်လုပ်ပါ။ တခါတလေ ကိုယ်မမြင်နိုင်တဲ့အချက်တွေကို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကသိနေတာလည်းဖြစ်နိုင်တဲ့အတွက်သူတို့တွေကို မေးမြန်းကြည့်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုမိတ်ဆက်တတ်ပါစေ
Brand တစ်ခုတည်ဆောက်နိုင်ဖို့အတွက်ကိုယ့်ရဲ့အရည်အချင်းတွေကို ကိုယ်တိုင်သိနေရုံနဲ့မပြီးပါဘူး။ ဒါကြောင့် ကိုယ့်အကြောင်းကိုမိတ်ဆက်တတ်အောင်ကြိုးစားပါ။ အလုပ်နဲ့ပတ်သတ်ပြီးဆွေးနွေးပွဲတွေသွားတာတွေ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းနယ်ပယ်နဲ့သက်ဆိုင်တဲ့ဆွေးနွေးပွဲတွေတက်ရောက်တဲ့အခါ သီးသန့်မနေပါနဲ့။ တက်ရောက်လာတဲ့သူတွေနဲ့ စကားစမြည်ပြောဆိုပြီး Business Card ပေးမိတ်ဆက်တာအပြင် ကိုယ်အကြောင်းနဲ့ ကိုယ်လုပ်နေတဲ့အရာတွေကိုထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်းမိတ်ဆက်တတ်အောင်လေ့ကျင့်ထားပါ။
မြင်သာအောင်နေတတ်ပါစေ
ကိုယ်ရဲ့အလုပ်ခွင်မှာအလုပ်ရှင်နဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း ကိုယ်ကိုယ်တိုင်တက်တက်ကြွကြွနဲ့ ဦးဆောင်ဦးရွက်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ရဲ့ပုံရိပ်အမှတ်တံဆိပ်ကိုသိဖို့ဆိုရင် လူအများနောက်မှာပုန်းကွယ်မနေဘဲ ရှေ့ထွက်လုပ်နိုင်ခြင်းက သင့်ကိုလူတွေမှတ်မိလာစေမယ့်အချက်ဖြစ်တဲ့အပြင် သင့်အတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကို ဖြန့်ကျက်ပါ
ကိုယ့်ရဲ့အလုပ်ခွင်ထဲသာမက ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ ပွဲကိုတက်ရောက်ခြင်းပြုလုပ်ပြီး ဝင်ရောက်ဆွေးနွေးတာတွေ အမြင်တွေဖလှယ်တာတွေလုပ်ပါ။ မေးခွန်းတွေမေးရမယ့်အချိန်ကြရင်လည်း ကိုယ်သိချင်တာတွေကို ဝင်ရောက်မေးမြန်းခြင်းက သင်ဒီဆွေးနွေးပွဲကိုစိတ်ဝင်စားကြောင်းကို ပြသရာရောက်ပါတယ်။ ဒါ့အပြင် တက်ရောက်လာတဲ့သူတွေနဲ့ရင်းနှီးမှုတွေတည်ဆောက်ပြီး ကိုယ့်ရဲ့အပေါင်းအသင်းနယ်ပယ်ကို ချဲ့ထွင်မှုတွေပြုလုပ်တာကလည်း သင့်ကိုလူတွေသတိထား မှတ်မိလာစေမယ့်အချက်ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့စတိုင်နဲ့ဟန်ရှိပါစေ
နောက်တစ်ချက်ကတော့ သင့်ရဲ့ဝတ်ပုံစားပုံတွေနဲ့ အပြောအဆိုအနေအထိုင်တွေကိုဂရုတစိုက်နဲ့ ပြုမူခြင်းက ကိုယ့်ရဲ့ ပုံရိပ်တစ်ခုကိုတည်ဆောက်ခြင်းတစ်ခုပါပဲ။ သပ်သပ်ရပ်ရပ်နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်ရှိတဲ့သူတစ်ယောက်ကို လူတွေကသတိထားမိတတ်ကြပါတယ်။
ကိုယ့်ရဲ့ အကြောင်းကိုလူမှုကွန်ယက်ကတဆင့်ပြသနိုင်ပါစေ
ယနေ့ခေတ်မှာ social media ကိုလူတိုင်းသုံးနေကြပါပြီ။ ဒီိလိုသုံးနေရင်းနဲ့ online ကနေ ကိုယ့်ရဲ့အကြောင်းနဲ့ ကိုယ်ဘာတွေလုပ်နေလဲဆိုတာကို လူတိုင်းသိနိုင်အောင် ပြုမူပြောဆိုခြင်းဖြင့်လည်း မိမိရဲ့ branding ကိုတည်ဆောက်နိုင်ပါတယ်။
ဒီအချက်တွေကို လေ့လာခြင်းဖြင့် မိမိရဲ့ကိုယ်ပိုင်အရည်အသွေးကိုပြသပြီး လူအများယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ပျိုးထောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် နောက်ထပ်သော အခွင့်အလမ်းတွေရရှိနိုင်ဖို့အတွက် စက်တင်ဘာ ၂၂ ရက်နေ့၊ Novotel Hotel Yangon Max မှာကျင်းပမယ့် Job Nation အလုပ်အကိုင်ပြပွဲကြီးကိုတက်ရောက်ပြီး သင့်ရဲ့ အလုပ်အကိုင်နယ်ပယ်ကိုဖြန့်ကျက်နိုင်မယ့်အခွင့်အရေးကို ရယူလိုက်ပါ။ ဒါကြောင့် ဒီနေရာလေးမှာ https://goo.gl/7uKrBT စာရင်းသွင်းပြီး သင့်အတွက် အခွင့်အရေးကောင်းတွေကို လက်မလွှတ်တမ်း ရယူလိုက်ကြရအောင်။