15th November, 2018

စည်းကမ်းတင်းကျပ်တဲ့ အထက်လူကြီးဆီက သင်ယူနိုင်မယ့် သင်ခန်းစာများ

လုပ်ငန်းတစ်ခုကို အတူတကွ မောင်းနှင်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြပါတယ်။ အထက်လူကြီးနဲ့သာမက လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခြင်းဟာ လုပ်ငန်းခွင်ကိုတိုးတက်စေပါတယ်။ လုပ်ငန်းခွင်ထဲက အထက်လူကြီးဟာ ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို စောင့်ကြည့်ကြီးကြပ်သူဖြစ်တဲ့အတွက် ကိုယ့်ရဲ့လစာ၊ ရာထူး တိုးလာဖို့ဟာ အထက်လူကြီးနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ တချို့သော အထက်လူကြီးတွေဟာ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် ကိုယ့်အတွက်စိတ်ပင်ပန်းရပေမဲ့ သူ့ဆီက သင်ယူစရာကောင်းတွေတော့ ရှိနေပါသေးတယ်။

 

စည်းကမ်းတင်းကျပ်ပြီး သဘောထားဆိုးတယ်လို့ မြင်ရတဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လိုချင်တာကို မဖြစ်ဖြစ်အောင် အားထုတ်သွားပုံကို လေ့လာကြည့်ပါ။ သူတို့ရဲ့ စိတ်အားထက်သန်မှုက ပြင်းပြတာကို မြင်ရပါလိမ့်မယ်။ ကိုယ်လိုချင်တာကိုရဖို့ သူ့လောက် မတင်းကျပ်ဘဲ ပိုပြေလည်တဲ့နည်းလမ်းကို သုံးဖို့လည်း စဉ်းစားနိုင်ပါတယ်။

 

အရာရာတိကျလွန်းပြီး မငဲ့ညှာတတ်တဲ့ အထက်လူကြီးကြောင့် ကိုယ့်ရဲ့စွမ်းရည်က တိုးတက်လာရပါတယ်။ ဒူပေနာပေဒဏ် ခံနိုင်သွားပါတယ်။ အလုပ်ထွက်ချင်လောက်အောင် စိတ်ပင်ပန်းရပေမဲ့ အဲ့ဒီဒဏ်ကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် အောင်မြင်မှုရလိုက်တာပါပဲ။ ဘဝထဲက သင်ယူစရာ အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ စည်းကမ်းတင်းကျပ်လွန်းတဲ့ အထက်လူကြီးအောက်မှာ ဒူပေနာပေဒဏ်ခံနိုင်အောင် အလုပ်လုပ်ပြီး တိုးတက်လာတာဖြစ်ပါတယ်။

 

စည်းကမ်းတင်းကျပ်လွန်းတဲ့ အထက်လူကြီးကြောင့် ကိုယ့်ရဲ့အလိုက်သင့်ပြောင်းလဲနိုင်စွမ်း တည်ဆောက်ရာလည်းရောက်သွားပါတယ်။ ပိုပြီး ကြံ့ခိုင်သူတစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အလိုက်သင့်ပြောင်းလဲနိုင်လာရင် ပိုကောင်းတဲ့ အခြေအနေကို ရလာမှာဖြစ်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုလည်း သင်ယူလေ့လာတတ်ပါလိမ့်မယ်။ ဒါကိုသိထားပြီဆိုရင် ကိုယ်သွားချင်တဲ့နေရာကို ဘယ်လိုမျိုးရောက်အောင်သွားမလဲဆိုတာ သင်ယူလိုက်ရသလိုပါပဲ။ ကိုယ့်အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အကြမ်းမဖက်ဘဲ ပြေပြေလည်လည်နဲ့ ပြောဆိုဆက်ဆံတတ်လာပါလိမ့်မယ်။ ကိုယ့်အပေါ် လူတွေက အထင်ကြီးလေးစားလာကြပါတယ်။

 

လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းမှာလည်း ဖန်တီးမှုစွမ်းရည်တွေ တိုးတက်လာရပါတယ်။ သူများဆီက အကူအညီမပါဘဲနဲ့ ကိုယ်တိုင် ရပ်တည်လာနိုင်ပါတယ်။ ကိုယ့်မှာရှိတဲ့ ပေါ့ဆမှုနဲ့ အမှားတွေကို အထက်လူကြီးက တင်းတင်းကျပ်ကျပ် အပြစ်ပေးတာက ကိုယ့်ကို ပိုကောင်းသူတစ်ဦး ဖြစ်လာစေပါတယ်။ အလုပ်မှာဆိုရင်လည်း အမှားအယွင်းနည်းလာပြီး လုပ်ရည်ကိုင်ရည် တိုးတက်လာပါတယ်။