16th October, 2018

စိတ်ဖိစီးမှုကင်းဝေးတဲ့ အလုပ်အင်တာဗျူးဖြစ်စေဖို့

အလုပ်ကိစ္စအတွက် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောတဲ့အခါမှာ လူအများစုက သက်တောင့်သက်သာမရှိကြပါဘူး။ အလုပ်အင်တာဗျူးတိုင်းဟာ စိတ်ဖိစီးစရာအဖြစ် ရင်ဆိုင်ရလေ့ရှိပါတယ်။ အင်တာဗျူးချိန် မိနစ်တိုင်းက အဖိုးတန်တာမို့ မဝံ့မရဲကြောက်ကြောက်လန့်လန့်နဲ့ ဖြစ်နေရင် အခွင့်အရေးကို ဆုံးရှုံးသွားနိုင်တာကြောင့် စိတ်ပူပန်မှုကို ထိန်းချုပ်ဖို့က အဓိကစိန်ခေါ်မှု ဖြစ်လာပါတယ်။ အင်တာဗျူးဖြေနေချိန်မှာ စိတ်ပူပန်နေမှုမဖြစ်အောင် ဘယ်လို ထိန်းချုပ်နိုင်မလဲဆိုတာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

စိုးရိမ်ပူပန်နေမှုကို ပုံဖော်တွေးတောကြည့်ပါ

အလုပ်အင်တာဗျူးတစ်ခု ဝင်ဖြေတယ်ဆိုတာ တကယ့်ကိုပျော်မြူးစရာအချိန်တော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိကြတာ သဘာဝပါ။ ရှင်းထုတ်ပစ်ဖို့ မကြိုးစားလိုက်ပါနဲ့။ ကိုယ့်ကိုစိုးရိမ်ပူပန်နေတဲ့အရာက ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ အဆင်သင့်မဖြစ်သေးတာကိုကြောက်တာလား၊ အကဲဖြတ်ခံရမှာကိုလား၊ အလုပ်လက်မဲ့ဖြစ်နေဦးမှာကိုလား စသဖြင့် ပြန်မေးပါ။ ဥပမာအားဖြင့် CV ကို အပြည့်အစုံမဖြည့်ထားနိုင်တာမျိုးကြောင့် စိုးရိမ်နေရတယ်ဆိုရင် အဲ့ဒီမေးခွန်းအတွက် အဖြေကို မှန်းလို့ရနေပါပြီ။

စိတ်လှုပ်ရှားနေတာကို ရှောင်ကြဉ်ဖို့အတွက်က ရလာမယ့်ကောင်းကျိုးနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အင်တာဗျူးကို အနာဂတ်အတွက် မှီတည်နေမယ့် စာမေးပွဲတစ်ခုလို မတွေးလိုက်ပါနဲ့။ အဲ့လိုမှမဟုတ်ရင် စိတ်လှုပ်ရှားခြောက်ခြားလာပါလိမ့်မယ်။ ဒါကို အခွင့်အလမ်းတစ်ခုလို၊ လက်တွေ့လုပ်ရမယ့်အရာတစ်ခုအတွက် အဖြေရှာစရာလိုမျိုးအဖြစ် ရှုမြင်ကြည့်ပါ။ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ဘဝဆိုတာ အင်တာဗျူးတစ်ခုတည်းနဲ့ ဖြစ်တည်နေတာမဟုတ်ပါဘူး။ အခွင့်အလမ်းပေါင်းများစွာရှိနေသလို ကိုယ့်ဘဝက အဲ့ဒီအပေါ်မှာ မှီတည်နေတာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ပူပန်နေစရာလည်း မလိုဘူးပေါ့။ ဒီအင်တာဗျူးကို တစ်လမ်းမောင်း စမ်းသပ်မှုတစ်ခုလို့ ထင်နေတာထက် အလဲအလှယ်တစ်ခုလို မှတ်ယူသင့်ပါတယ်။

အင်တာဗျူးအတွက် မှန်မှန်ကန်ကန်ပြင်ဆင်ထားပါ

စူးစမ်းလေ့လာရန် ။ ။ ကိုယ့်ရဲ့ CV နဲ့ အတတ်ပညာတွေကို ရေးသားဖော်ပြထားတဲ့စာရွက်စာတမ်းတွေကို ပြန်ဖတ်ပါ၊ အလုပ်ကမ်းလှမ်းချက်ကိုလည်း နောက်တစ်ကြိမ်ပြန်ဖတ်ပါဦး။ ပြီးရင်တော့ ကုမ္ပဏီအကြောင်း၊ ကုမ္ပဏီနဲ့ပတ်သက်တဲ့သတင်းတွေ စူးစမ်းလေ့လာထားပါ။

ခက်ခဲတဲ့မေးခွန်းတွေကိုကြိုတွက်ထားပါ ။ ။ ကိုယ်ဖြေမယ့်အဖြေအပေါ် ပြစ်တင်ဝေဖန်လာနိုင်ခြေရှိတာကိုလည်း လုံလောက်တဲ့အဖြေ ကြိုတင်ပြင်ဆင်ထားရပါမယ်။ အဲ့တာကတော့ ကိုယ့်ရဲ့ အတွေ့အကြုံ၊ အားနည်းချက်တွေနဲ့ သက်ဆိုင်တဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကိုကြိုပြင်ထားရင် အင်တာဗျူးမှာ အတော်အခြေအနေကောင်းသွားမှာပါ။

ကိုယ့်ကိုယ်ကိုယ်ဘယ်လိုညွှန်းဆိုရမလဲသိပါစေ ။ ။ ကိုယ့်ရဲ့ presentation မှာ ပြောမယ့်စကားတွေကို ထပ်တလဲလဲ ပြင်ဆင်ထားပါ။ အင်တာဗျူးသူတွေက ကိုယ့်ကိုသဘောကျလာအောင် အနေအထိုင် အပြောအဆို ပြင်ဆင်ထားဖို့လည်း လိုပါသေးတယ်။ အင်တာဗျူးမှာ မေးလေ့မေးထအရှိဆုံး မေးခွန်းတစ်ခုကတော့ “ မင်းအကြောင်းပြောပါဦး” ဆိုတာပါပဲ။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်ဦးတည်ပြီး ကိုယ့်အရည်အချင်းတွေဆီညွှန်ပြနိုင်မယ့် စကားတွေ ပြောပြနိုင်ရပါမယ်။ ပြီးရင်တော့ ကိုယ်က လျှောက်ထားတဲ့အလုပ်အကိုင်နေရာနဲ့ သင့်လျော်ကြောင်းကို ကိုယ့်အရည်အချင်းတွေနဲ့ ဆက်စပ်ပြောပြရမှာပါ။ ဒါကလည်း အနားကပ်မှ လက်ပူတိုက်လုပ်ရတဲ့အရာမဟုတ်လို့ အစတည်းက ပြင်ထားရင် စိတ်ဖိစီးတာကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အချိန်နဲ့နေရာကိုကြိုတင်လေ့လာပါ ။ ။ အင်တာဗျူးသွားဖြေရမယ့် လိပ်စာ၊ အချိန်ကို သေချာအောင် စစ်ဆေးပြီး ဘယ်လိုသွားရမယ်ဆိုတာပါ တစ်ပါတည်း ရှာဖွေထားပါ။ လိပ်စာမှားတာ၊ အချိန်နောက်ကျတာမျိုး မဖြစ်ပါစေနဲ့။ ဒါ့အပြင် အင်တာဗျူးဖြေတဲ့အခါ ဝတ်သွားမယ့် ၀တ်စုံကိုလည်း ကြိုပြင်ထားမယ်ဆို မနက်မိုးလင်းမှ ဘာဝတ်ရမလဲဆိုပြီး ရှာဖွေစဉ်းစားနေရလို့ အချိန်ကုန်တာမျိုး မရှိတော့ဘူးပေါ့။

အင်တာဗျူးကို မှန်းဆမြင်ယောင်ထားပါ

စိတ်ကူးနဲ့ မှန်းဆပုံဖော်ကြည့်လိုက်တဲ့အခါ ဘယ်လိုမျိုးအောင်မြင်အောင် လုပ်ရမလဲဆိုပြီး ဦးနှောက်က စဉ်းစား စီစဉ်သွားအောင် လှုံ့ဆော်လိုက်ရာရောက်သွားလို့  အင်တာဗျူးမှာ ပိုပြီးတည်တည်ငြိမ်ငြိမ် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ တိတ်ဆိတ်တဲ့အခန်းထဲမှာ လှဲနေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် မျက်လုံးတွေမှိတ်ပြီး အင်တာဗျူးကို ပုံဖော်စဉ်းစားကြည့်လိုက်ပါ။ အင်တာဗျူးအခန်းထဲကို ရောက်သွားတယ်၊ လက်ဆွဲနှုတ်ဆက်တယ်၊ ပြုံးတယ် စသဖြင့် ပုံဖော်ကြည့်ပါ။ ပိုပြီးချဲ့ကားမြင်ယောင်ဖို့အတွက် လူနှစ်ယောက် အပေးအယူမျှမျှနဲ့ စကားပြောနေကြတာကိုလည်း တွေးကြည့်လိုက်ပါဦး။

ကျင့်သားရအောင်လို့ အင်တာဗျူးမယ့်လူအဖြစ် တစ်ယောက်ယောက်ကို သရုပ်ဆောင်ခိုင်းပြီး သူနဲ့အတူ လေ့ကျင့်ကြည့်နိုင်ပါသေးတယ်။ ဒီလိုဆိုရင် အင်တာဗျူးကို မျက်စိထဲမှာ ပိုပုံဖော်နိုင်မှာဖြစ်လို့ ပရိယာယ်နဲ့မေးမယ့် မေးခွန်းတွေကိုလည်း ကောင်းကောင်းပြန်ဖြေနိုင်မှာပါ။

အသက်ဝ၀ရှုပါ

အင်တာဗျူးမှာ အသက်ရှုမမှန်ဖြစ်နေရင်လည်း စိတ်ဖိစီးမှုပိုဖြစ်စေပါတယ်။

စကားမြန်မြန်ပြောမိခြင်း၊ စကားထစ်ခြင်း၊ လက်တွေတုန်ယင်နေခြင်းနဲ့ ထိတ်လန့်နေတာမျိုး မဖြစ်အောင် အသက်ဝဝရှုပြီးတော့ ဖြေဆိုပါ။ အဲ့တာတွေက ဖြစ်လာပြီဆိုရင် ဆက်တိုက်ဖြစ်တတ်လို့ ရပ်ဖို့ခက်ခဲပါတယ်။ အဲ့လိုတွေမဖြစ်အောင် ဖြေရှင်းဖို့ကတော့ အသက်ရှုခြင်းပါပဲ။ အင်တာဗျူးခန်းမစမီ မိနစ်အနည်းငယ်အလိုတည်းက အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ထားနိုင်ပါတယ်။ အသက်ရှုတာကို အာရုံစိုက်ပြီး ရှုသွင်းရှုထုတ်လုပ်ရတာပါ။ မျက်စိတွေမှိတ်ထားပြီး လေကို နှာခေါင်းကနေရှုသွင်းကာ စိတ်ထဲကနေ တစ်မှငါးအထိ ရေတွက်ရပါတယ်။ ပြီးရင် တစ်မှငါးအထိ ရေပြီး ရှုထုတ်လိုက်ပါ။ ဦးနှောက်ကို အောက်ဆီဂျင်လုံလောက်စွာ ထောက်ပံ့ပေးခြင်းဟာ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိစေပါတယ်။ အင်တာဗျူးဖြေနေရင်း ရင်တုန်ပန်းတုန်ဖြစ်ပြီး ကြောက်နေသေးရင်တော့ ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်ပြီးမှ ပြန်ဖြေတာ ကောင်းပါတယ်။

ဒီနည်းက ရိုးလွန်းတယ်လို့ ထင်ရပေမဲ့ ဒါဟာ ယောဂသင်တန်းလို စိတ်ဖြေလျော့ခြင်းရဲ့ အခြေခံနည်းလည်း ဖြစ်ပါတယ်။ တကယ်အသုံးချရင် လက်တွေ့အသုံးတည့်တဲ့နည်းလည်း ဖြစ်ပါတယ်။

လုံလောက်တဲ့အနားယူမှုရှိပါစေ

အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်စရာတွေ အားလုံးပြီးသွားရင် စိတ်ဖိစီးနေတာတွေလည်း ဖြစ်လာဖို့ နည်းသွားပါတယ်။ Presentation အတွက် အဓိကစကားလုံးတွေ မှတ်မိနေအောင် စာရွက်လေးမှာရေးပြီး မြင်သာတဲ့နေရာမှာ ကပ်ထားပါ။ အိပ်ရေးဝ၀လေးအိပ်ပြီး အင်တာဗျူးမဝင်မီ ရေးထားတဲ့ စာလေးတွေကို ခပ်မြန်မြန်လေး နောက်တစ်ကြိမ်ဖတ်သွားရင် အကောင်းဆုံးဖြစ်ပါတယ်။