30th August, 2018

စိတ်ဖိစီးမှုတွေကို ဘယ်လိုဖယ်ရှားမလဲ

“အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကိုတခါပြန်ပြီးရချင်သေးတယ်” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့သီချင်းအတိုင်းပါပဲ။ အရွယ်ရောက်လာတဲ့လူတစ်ယောက်အဖို့ လုပ်ငန်းခွင်မှာအနည်းနဲ့အများစိတ်ဖိစီးတွေရှိလာတဲ့အခါ  ငယ်ဘ၀လွတ်လပ်မှုတွေကိုပြန်လည်တမ်းတတက်ကြပါတယ်။ ဒါတွေက  လူတန်းစားမရွေးကမ္ဘာမှာရှိတဲ့လူတိုင်း တွေ့ကြုံတက်ကြပြီး ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်နဲ့ဆက်စပ်နေရတဲ့အလုပ်လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပြီး လုပ်ငန်းခွင်မှာလည်းစွမ်းဆောင်ရည်တွေကျဆင်းနိုင်ပါတယ်။ ဒါဆို ဒီစိတ်ဖိစီးမှုရှိနေတဲ့အရာကိုပဲခံစားချက်ထားနေမလား။ လွှတ်ချကြည့်လိုက်မလား။ ဒီစိတ်ဖိစီးမှုတွေကို ဘယ်လိုတွေကိုင်တွယ်ဖြေရှင်းကြမလဲ။

-လေ့ကျင့်ခန်းတွေလုပ်ကြမယ်

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ရောစိတ်ပါလန်းဆန်းတက်ကြွစေပါတယ်။ ဒါ့အပြင်မှတ်ဉာဏ်အားကောင်းစေနိုင်သလို သင်ယူမှုနှုန်းကိုလည်းတိုးတက်လာစေပါတယ်။ Gym သွားပြီးလေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ လေကောင်းလေသန့်ရတဲ့ ကန်ဘောင်မှာပြေးတာပဲဖြစ်ဖြစ် ကိုယ်စိတ်ဖိစီးမှုတွေလျော့ကျနိုင်မယ့်လေ့ကျင့်ခန်းမျိုးရွေးလုပ်လိုက်ပါ။ ကိုယ်ရဲ့စိတ်တွေ ပေါ့ပါးလွတ်လပ်သွားတဲ့အထိလေ့ကျင့်ခန်းလုပ်ပေးလိုက်ခြင်းက စိတ်ဖိစီးဖြစ်နေတဲ့စိတ်ကိုကုသခြင်းတစ်မျိုးပါပဲ။

-တရားထိုင်တာ (သို့) ယောဂပြုလုပ်ပါ

နောက်ထပ်တစ်နည်းကတော့ စိတ်တည်ငြိမ်သွားအောင်တရားထိုင်တာဖြစ်ဖြစ်၊ ယောဂလေ့ကျင့်တာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။ ဒါတွေက စိတ်ဖိစီးမှုတွေကိုလျော့ချပေးနိုင်တဲ့ထိရောက်တဲ့နည်းလမ်းတွေလည်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းတွေက စိတ်ဖိစီးမှုတွေလျော့ကျလာနိုင်သလိုသင့်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေနဲ့စိတ်ခံစားမှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

-စာဖတ်ခြင်းနှင့်သီချင်းနားထောင်ခြင်းတွေပြုလုပ်ပါ

စိတ်တည်ငြိမ်မှုရှိလာအောင်စာဖတ်ကြည့်ပါ။ အလုပ်မှာအဆင်မပြေတာတွေစိတ်ညစ်စရာတွေကိုဖယ်ရှားနိုင်ဖို့ စိတ်ဓာတ်ခွန်အားတက်စေနိုင်မယ့်စာတွေက သင့်အတွက်အကျိုးရှိစေမှာမလွဲပါဘူး။ ဒါ့အပြင် ကိုယ်နှစ်သက်တဲ့သီချင်းတွေကိုဖွင့်ပြီး အသံကုန်ဟစ်လိုက်ဆိုပြီးပေါက်ကွဲကြည့်လိုက်တာတွေ၊  ဒါမှမဟုတ်  သီချင်းငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေနားထောင်တာကစိတ်တင်းကြပ်မှုတွေကိုလျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲ။

-မိသားစု၊သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးပါ

စိတ်ဖိစီးမှုတွေများလာရင်တစ်ယောက်ထဲအချိန်ကုန်ဆုံးတာထက်မိသားစု၊ သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးတာက ပိုပြီးစိတ်ကိုသက်သာရာရစေပါတယ်။ အိမ်ထဲပိတ်လှောင်မနေဘဲသူတို့တွေနဲ့အပြင်မှာထမင်းစားတာ၊ လျှောက်လည်တာတွေကိုပြုလုပ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ဟာသတွေပြောပြီး ပျော်စရာအချိန်တွေကုန်ဆုံးလိုက်ခြင်းက အလုပ်ကအခက်အခဲတွေကိုမေ့ပျောက်စေနိုင်ပြီး စိတ်ဖိစီးမှုတွေလျော့ကျစေပါတယ်။

-အိပ်ရေး၀၀အိပ်ပါ

နောက်ထပ်တစ်နည်းကတော့ အလုပ်ကကိစ္စတွေခဏမေ့ထားပြီးအပြည့်အ၀အိပ်စက်အနားယူလိုက်ပါ။ ဒီလိုလုပ်ခြင်းက သင့်ရဲ့လုပ်နိုင်စွမ်းတွေကိုပြန်လည်ဖြည့်ဆည်းပေးရာရောက်တဲ့အပြင် သင်အလုပ်ခွင်ဝင်မယ့် မနက်ဖြန်အတွက် ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးဦးနှောက်ကိုရွှင်လန်းစေပါတယ်။

-ဈေးဝယ်ထွက်ပါ

သင်က ဈေးဝယ်ထွက်တာကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒါကစိတ်ဖိစီးမှုကို အကောင်းဆုံးဖြေလျော့ပေးနိုင်မယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့အသုံးစရိတ်ကိုကြည့်ပြီး လိုအပ်နေတဲ့အသုံးအဆောာင်ပစ္စည်းတွေကိုသေချာရွေးချယ်ဝယ်ယူမှုပြုလုပ်လိုက်ခြင်းက ကိုယ့်အတွက် ကောင်းမွန်တဲ့စိတ်ခံစားမှုတွေရရှိစေနိုင်တဲ့အပြင်  စိတ်တွေပေါ့ပါးလွတ်လပ်လာမှာမလွဲပါဘူး။

-ရုပ်ရှင်ကြည့်ပါ

ဒါ့အပြင် ရုပ်ရှင်ကြည့်ခြင်းနဲ့သင့်ရဲ့စိတ်ဖိစီးမှုတွေကိုဖြေလျော့စေနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အထဲမှာလည်း ကိုယ့်စိတ်ကိုပျော်ရွှင်စေနိုင်မယ့် ကိုယ်ဖြစ်နေတဲ့စိတ်ဖိစီးမှုတွေကိုဖြေလျော့ပေးစေနိုင်မယ့် ဟာသဇာတ်လမ်းကို ရွေးချယ်ကြည့်ရှုလိုက်ပါ။ ဇာတ်ကောင်တွေနဲ့အတူကိုယ်ပါစီးမျောလိုက်ပါကြည့်ပြီး ရယ်မောပျော်ရွှင်လိုက်တာက  ဦးနှောက်ကိုလန်းဆန်းစေတဲ့အပြင်အလုပ်ကစိတ်ညစ်စရာတွေကိုပါမေ့ပျောက်ထားနိုင်ပါတယ်။

ဒီအချက်တွေကသင့်ကို အနည်းနဲ့အများတော့စိတ်ဖိစီးမှုလျော့ချရာမှာကူညီပေးမှာမလွဲပါဘူး။ ဒီအချက်တွေအပြင် ကိုယ့်ဆီမှာစိတ်ညစ်စရာတွေရှိလာရင်လည်း အကြာကြီးခံစားမနေဘဲအကောင်းဆုံးသောနည်းလမ်းတွေရွေးပြီး လျော့ချစေနိုင်ပါတယ်။