30th August, 2018

စီးပွားရေးဖွံ့ဖြိုးမှုအတွက် နည်းပညာကဏ္ဍရဲ့ အရေးပါမှု

မြန်မာနိုင်ငံရဲ့  နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ  သိသိသာသာလာခဲ့ပါတယ်။ မိုဘိုင်းလ်ဝန်ဆောင်မှု (Telecom) တွေကလည်း တစ်ခုပြီးတစ်ခု ထပ်မံဝင်ရောက်လာခဲ့သလို လက်ရှိကာလမှာအင်တာနက်ဝန်ဆောင်မှု (ISP) စနစ်တွေကလည်း ထွက်ပေါ်လာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုကိုလည်း အင်အားတစ်ခုအနေနဲ့ ဦးဆောင်တိုးတက်လာစေခဲ့ပါတယ်။ နည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှ နည်းပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပေါ်ပေါက်လာခဲ့ရပါတယ်။

လက်ရှိမှာကိုပဲ နေ့စဉ်အသုံးပြုသွားလာနေရတဲ့ ကိစ္စတွေမှာပါ နည်းပညာကို အသုံးချနေကြရပါတယ်။ အရင်တုန်းကလို တက္ကစီကို လမ်းပေါ်ထွက်၊ လက်တားပြီးငှားရတဲ့ အနေအထားကနေ ဖုန်းထဲက application ကတစ်ဆင့် ကိုယ်ရှိရာကို တက္ကစီခေါ်လို့ရနေပါပြီ။ Online Shopping တွေကတော့ နည်းပညာတိုးတက်မှုရဲ့ အကောင်းဆုံးဥပမာတစ်ခုပါ။ အွန်လိုင်းပေါ်ကနေ လိုချင်တဲ့ကုန်ပစ္စည်းကိုရွေးချယ်ပြီး အော်ဒါတင်လိုက်ရုံနဲ့ အိမ်အရောက်လာပို့ပေးပါလိမ့်မယ်။ ဒါတွေကိုကြည့်ရင်ပဲ နည်းပညာတိုးတက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဆိုတာ သိနိုင်ပါတယ်။ 

 

 

မြန်မာနိုင်ငံရဲ့ ICT နည်းပညာကဏ္ဍဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ICT Park ပေါ်ပေါက်လာပြီးနောက်မှာ စတင်ခဲ့တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ ဒါပေမဲ့ ကြားကာလမှာတော့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ပြန်လည်နှေးသွားပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ တဟုန်ထိုး ပြန်လည်မြင့်တက်လာတာ ယနေ့အထိပါပဲ။

ဒီလိုနည်းပညာတိုးတက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုဥက္ကဌဖြစ်တဲ့ ဦးငြိမ်းဦးက အခုလိုဆိုပါတယ်။“နည်းပညာက ပေါင်းကူးလာတယ်။ အရင်တုန်းက ကွန်ပျူတာ IT နည်းပညာလို့ပြောတာကနေ နောက်ပိုင်း communication ပေါ့၊ ဆက်သွယ်ရေး infrastructure တွေပါ ပေါင်းလာတော့ ICT ဆိုပြီးတော့ ဖြစ်လာ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုလို့ရှိရင် ၂၀၁၀ - ၂၀၁၁ နောက်ပိုင်းမှာ ဆက်သွယ် ရေးပိုင်းဆိုင်ရာ infrastructure တွေကလည်း တက်လာတယ်။ Mobile penetration တို့ Digital Service တို့ စသဖြင့် တက်လာတယ်။ ဒီလိုမျိုးလေးတွေတက်လာတော့ Information and Communication Technology ပေါ်မှာ အခြေခံတဲ့ infrastructure တွေ application တွေ product တွေ သက်ဆိုင်ရာ services တွေနဲ့ အသုံးပြုမှုတွေက တော်တော်ကျယ်ပြန့်လာတဲ့သဘောပေါ့။ ၂၀၀၀-၂၀၀၁ ကာလနဲ့ယှဉ် ရင်တော့ တော်တော်လေး တိုးတက်လာတဲ့သဘော ယူဆလို့ရပါတယ်”

ဒီလိုတိုးတက်မှုတွေကနေ လက်ရှိအခြေအနေကတော့ စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာဟာ မဖြစ်မနေ အသုံးချရတဲ့ အနေအထားကိုလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။ စာရွက်တွေ၊ စက္ကူတွေ၊ လူအင်အားတွေအသုံးပြုပြီးလုပ်ရတဲ့လုပ်ငန်းတွေက လက်ရှိအခြေအနေမှာတော့ နည်းပညာကြောင့် လုပ်ငန်းပိုပြီးတွင်ကျယ်လာတာကို မျက်မြင်တွေ့ကြမှာဖြစ်ပါတယ်။ အထူးသဖြင့် အရင်က မီတာဆောင်တာ၊ ငွေလွှဲငွေပို့လုပ်ငန်းဆောင်တာတွေ၊ အစားအသောက်မှာယူတာ Taxi ငှားရမ်းတာ၊ ရုပ်ရှင်လက်မှတ်ဖြတ်တာ စတဲ့နေ့စဉ်ဘ၀ထဲက အသေးစိတ်ကဏ္ဍတွေက လတ်တလော ဖုန်းတစ်လုံးပေါ်ကနေ လုပ်လာနိုင်တာတွေက အကျိုးဖြစ်ထွန်းနေတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေအတွက်လည်း ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းစုတွေ ပေါ်ထွက်လာတာလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်း အသုံးပြုမှု တွင်ကျယ်လာခြင်းကြောင့်လည်း မိုဘိုင်းလ်ဖုန်းကတစ်ဆင့် ဆက်စပ်အသုံးပြုရတဲ့ နည်းပညာသုံးစွဲမှုတွေပါ မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်အင်တာနက်မြန်နှုန်းကလည်း အာဆီယံဒေသတွင်းနိုင်ငံများအနက် ဒုတိယအမြင့်ဆုံးမှာ ရှိနေပါတယ်။ အမြင့်ဆုံးက စင်ကာပူဖြစ်ပြီး မြန်မာကတော့ 24.07 MBPS နဲ့ ဒုတိယနေရာမှာရပ်တည်နေကြောင်း Living ASEAN ဖေ့စ်ဘုတ်စာမျက်နှာမှာ ယခုနှစ် မေလအတွင်း ဖော်ပြခဲ့ပါတယ်။ ဖုန်းသုံးစွဲမှုနဲ့ အင်တာနက်သုံးစွဲမှုများပြားတဲ့ မြန်နှုန်းကြောင့်လည်း နည်းပညာနဲ့ဆက်နွှယ်တဲ့ လုပ်ငန်းအသစ်၊ စီးပွားရေးပုံစံအသစ်တွေကို ပြောင်းလဲလာစေဦးမှာ ဖြစ်ပါတယ်။ ဒီကာလမှာ နည်းပညာကို အသုံးမချနိုင်တဲ့ လုပ်ငန်းတွေဟာ ပြိုင်ဘက်ကိုကျော်လွန် အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။



 ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ လုပ်ငန်းရဲ့ မဟာဗျူဟာတွေကို ချမှတ်တဲ့အခါမှာ နည်းပညာကိုလည်း ကဏ္ဍကြီးတစ်ရပ်အနေနဲ့ ထည့်သွင်းကြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သတ်လို့လည်း  “လုပ်ငန်းဆောင်ရွက်မှုအတွက်ရယ်၊ လုပ်ငန်းအောင်မြင်မှုအတွက်က နည်းပညာကို မဖြစ်မနေသုံးရတယ်။ နည်းပညာမသုံးဘူးဆိုရင် ဒီလုပ်ငန်းက competition age ထဲမှာ ဝင်ရပ်တည်ဖို့ တော်တော်ခက်ခဲသွားတယ်” လို့လည်း ဦးငြိမ်းဦးက ဆိုခဲ့ပါတယ်။ 

 

မီဒီယာလုပ်ငန်းတွေမှာလည်း နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး Digital ကို ကူးပြောင်းလာတဲ့အနေအထားကို ရောက်လာပါတယ်။ ဒါကြောင့် နည်းပညာဟာ လုပ်ငန်းတိုင်းကို ပိုကျယ်ပြန့်အောင်မြင်လာစေတဲ့အတွက် မဖြစ်မနေကို အသုံးပြုရတော့မှာပါ။ စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာကို ပြောင်းလဲထည့်သွင်း အသုံးပြုလာကြသလို နည်းပညာကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေကလည်း များစွာပေါ်ပေါက်လာပါတယ်။ သတင်းအချက်အလက်နဲ့နည်းပညာ (IT) ကနေ သတင်းအချက်အလက်၊ နည်းပညာ၊ ဆက်သွယ်ရေးကို ပေါင်းစပ်တဲ့ (Information Communication Technology) ဆိုပြီး နည်းပညာပေါင်းကူးဖြစ်စဉ်ကလည်း အသစ်အသစ်သော စီးပွားရေးလုပ်ငန်းများကို ဖြစ်ပေါ်လာစေပါတယ်။ 

 

နည်းပညာထွန်းကားလာတာနဲ့အမျှ နည်းပညာကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ စီးပွားရေးလုပ်ငန်းသစ်တွေနဲ့ ပတ်သက်လို့ “အခုနောက်ပိုင်း SAS လို့ခေါ်တဲ့ Software Access Service ပေါ့နော် အဲ့လိုဟာမျိုးတွေက နိုင်ငံခြားမှာတော့ သုံးနေကြတာ ကြာပြီပေါ့နော်။ အခု ဒီမှာက မိုဘိုင်းဖုန်းတွေရော အင်တာနက်တွေရော အကုန်လုံးက တော်တော်လေး အဆင်ပြေလာတော့ အဲ့ဒီဟာမျိုး အသစ်တွေ အများကြီးဝင်လာတာ တွေ့ရတယ်။ ဘယ်လိုဟာမျိုးတွေလဲဆိုတော့ ဥပမာ accounting software ဆိုရင် အရင်တုန်းက ဒေါ်လာ ထောင်ဂဏန်း သောင်းဂဏန်း ပေးပြီးတော့ ဝယ်လိုက်ရတဲ့ဟာမျိုးတွေကနေပြီးတော့ အခုကျတော့ သူက လစဉ်ကြေးနဲ့ အွန်လိုင်းကနေ သုံးရတဲ့ accounting software တွေ ဝင်လာတယ်။ Marketing ဆိုလည်း marketing အဲ့တာတွေကို တလုံးတခဲတည်းဝယ်တာမဟုတ်တော့ဘဲနဲ့  service တစ်ခုအနေနဲ့ ဝယ်တဲ့ဟာမျိုး လုပ်ငန်းတွေ အရမ်းများလာတာ တွေ့ရတယ်” လို့ Technomation ရဲ့ CEO ဖြစ်သူ ဦးထူးမြင့်နောင်က ဖြေကြားခဲ့ပါတယ်။ 

 

ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာတော့ နည်းပညာကိုအသုံးပြုပြီး အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်ပြုလုပ်တဲ့ e-Commerce စနစ်က အကျွမ်းတဝင်အသုံးပြုနှင့်ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အွန်လိုင်းပေါ်ကနေ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေက ပေါ်ပေါက်လာနေပါပြီ။ ဒါ့အပြင် ရှိနှင့်ပြီးသား ကုန်တိုက်တွေနဲ့ ဈေးဆိုင်တွေကလည်း ဝက်ဘ်ဆိုက်ကနေ အဝယ်အော်ဒါ လက်ခံတာတွေ လုပ်နေပြီမို့လို့ ဒါတွေက စီးပွားရေးအပေါ် နည်းပညာက အကျိုးပြုတဲ့ ကောင်းကျိုးတွေလို့ ပြောနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဖေ့စ်ဘုတ်ခ်ကို အခြေပြုဖြစ်လာတဲ့ facebook commerce ပါ။ မြန်မာနိုင်ငံမှာတော့ အတွင်ကျယ်ဆုံးလို့ ပြောလို့ရနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဌ တဖြစ်လည်း Information Matrix ရဲ့ CEO ဖြစ်တဲ့ ဦးသောင်းစုငြိမ်းက JobNet ကိုအခုလို ဖြေကြားထားပါသေးတယ် “မြန်မာနိုင်ငံမှာတော့ အသစ်လို့ပြောရဦးမယ့် e – commerce လုပ်ငန်း ၊ အွန်လိုင်းကနေ အရောင်းအဝယ်ပြုတဲ့ဟာပေါ့၊ နိုင်ငံခြားမှာတော့ အဟောင်းပေါ့ ။ နှစ်ပေါင်း ၂၀ လောက်ရှိပြီ။ မြန်မာနိုင်ငံမှာတော့ ခြေလှမ်းစပြင်နေတုန်းပဲရှိတယ်။ အဲ့ဒီ e-commerce ထဲမှာ Social Media ပေါ်ကနေတစ်ဆင့် Facebook commerce ပေါ့နော် အဲ့ဒီလုပ်ငန်းတွေကတော့ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်နဲ့ လုပ်နေတာပေါ့။ အဲ့ဒါတစ်ခုရှိမယ်။ နောက် … Digital Marketing ဆိုပြီးတော့ အရင်က ပုံမှန် မီဒီယာတွေထဲမှာ ကြော်ငြာထည့်ပြီးတော့ ထိုးဖောက်နေတဲ့ပုံစံကနေ Digital Marketing ကို တော်တော်များများ ပြောင်းလာတဲ့ဟာပေါ့။ အဲ့တာလည်းရှိမယ်။ ပြီးတော့ အရင်ကမရှိခဲ့ဖူးတဲ့ Uber တို့ Grab တို့လိုမျိုးပေါ့။ ပလက်ဖောင်းတွေကို လွှင့်တင်ပေးပြီးတော့ အဲ့ဒီပလက်ဖောင်းတွေကနေတစ်ဆင့် လုပ်ခိုင်းတာပေါ့” လို့ သူက ပြောပါတယ်။

 

နည်းပညာရဲ့ စွမ်းပကားကြောင့် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရသလို နည်းပညာကို အသုံးချနေကြတဲ့ ခေတ်ကို ရောက်လာတဲ့အတွက်လည်း နည်းပညာလုပ်သား လိုအပ်ချက်တွေက မြင့်တက်လာခဲ့ပါတယ်။ ကုမ္ပဏီတွေက လိုအပ်နေတဲ့ နည်းပညာဆိုင်ရာ လုပ်သားလိုအပ်မှုကို ဖြည့်စွမ်းပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်ရှာဖွေနေသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Job Net ရဲ့ Technology and Engineering Career Conference မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီပွဲမှာ နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ကျော်က လာရောက်ပြီး အလုပ်အကိုင်တွေ ရှာဖွေခဲ့ကြပါတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ စကားဝိုင်းတွေကိုလည်း ထည့်သွင်းပြုလုပ်ခဲ့တာမို့လို့ တက်ရောက်သူတိုင်းအတွက် အကျိုးရှိစေခဲ့တဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ရပါတယ်။ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေအတွက်လည်း CV အမြောက်အများ လက်ခံရရှိခဲ့ပြီး short list candidate တွေကို ရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အလုပ်အကိုင်ရှာဖွေရေး ဝက်ဆိုက် www.jobnet.com.mm မှာလည်း နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ကို အဆက်မပြတ် ဖော်ပြပေးနေတာမို့လို့ ဝင်ရောက်ကြည့်ရှုပြီး လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် Job Net ဝက်ဘ်ဆိုက်မှာ register လုပ်ထားရုံနဲ့ မိမိလျှောက်ထားလိုတဲ့ အလုပ်အကိုင်ရာထူးအတွက် အလုပ်ခေါ်ယူမှုတွေ ရှိလာတိုင်း အီးမေးလ်ပေးပို့ပြီး အသိပေးသွားဦးမှာဖြစ်လို့ အခွင့်အလမ်းကောင်းတွေကို အရယူဖို့ အခုပဲ register လုပ်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။