18th June, 2018
တနင်္လာမနက်တိုင်း အလုပ်လုပ်ချင်စိတ်ပျောက်နေတာကို ဒီလိုဖြေရှင်းရအောင်
Share
Blog Link Copied
ပိတ်ရက်တွေကို ဖြတ်သန်းခဲ့ပြီးနောက် တနင်္လာမနက်ကို နွမ်းနွမ်းလျလျနဲ့ အလုပ်သွားရတဲ့ ခံစားချက်ဟာ ဘယ်လိုမှမကောင်းနိုင်ပါဘူး။ တနင်္လာနေ့ဆိုရင် အလုပ်လုပ်ရတာ စိတ်မပါလက်မပါနဲ့မို့လို့ Monday Blues ရတယ်လို့ ပြောကြပါတယ်။ Monday Blues ဆိုတာက ပိတ်ရက်တွေပြီးလို့ အလုပ်ပြန်တက်ရတဲ့ တနင်္လာနေ့ မနက်မှာ မကောင်းတဲ့စိတ်ခံစားချက်တွေရပြီး စိတ်တက်ကြွမှုမရှိတာကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ Monday Blues တွေဟာ ဝန်ထမ်းအားလုံးနီးပါး ကြုံရလေ့ရှိပြီး အလုပ်တွင်ကျယ်မှုကို နှေးကွေးစေတာကြောင့် တိုက်ထုတ်ပစ်ဖို့လည်း လိုအပ်ပါတယ်။ Monday Blues တွေကို တိုက်ထုတ်ပြီး တက်ကြွတဲ့တနင်္လာဖြစ်ဖို့အတွက် JobNet ကနေ နည်းလမ်းလေးတွေ ပြောပြလိုက်ပါရစေ။
(၁) အာရုံပြန်စုစည်းခြင်း
ခန္ဓာကိုယ်ကလည်း နွမ်းနယ်နေတယ်။ အလုပ်လုပ်ရမှာ ပျင်းရိပြီး အာရုံတွေစုစည်းလို့မရတာက Monday Blues ရဲ့ အဓိကလက္ခဏာပါ။ အလုပ်မှာ ဈာန်ဝင်စားလာအောင် ပထမဦးဆုံး အာရုံတွေနိုးကြွဖို့ သီချင်းမြူးမြူးလေးတွေ ဖွင့်လိုက်တာ ကောင်းပါတယ်။ စိတ်လှုပ်ရှားစေမယ့် beat သံ များများပါတဲ့ သီချင်းတွေဖွင့်လိုက်ပါ။ ခန္ဓာကိုယ်ကိုလည်း လေးလံနွမ်းနယ်တာတွေ လျော့သွားဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အလုပ်စားပွဲမှာဆိုရင်တော့ အကြောဆန့်လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ အလုပ်မမီလို့ မနက်စာလွတ်တာမျိုးလည်း အဖြစ်မခံသင့်ဘူး။ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ခွန်အားကို အာဟာရရှိမယ့် မနက်စာနဲ့ ဖြည့်ထားပြီးမှ အလုပ်ကိုသွားသင့်ပါတယ်။
(၂) အလုပ်တွင်ကျယ်စေရေး
ဒုတိယအဆင့်ကတော့ အလုပ်သိပ်မလုပ်ချင်တဲ့ စိတ်အာရုံကို လှည့်ဖြားပြီး အလုပ်မြန်မြန်ပြီးအောင် အဆင့်အလိုက် လုပ်ဆောင်ရတာပါပဲ။ ပထမဆုံးအနေနဲ့ တစ်နေ့တာလုံး လုပ်စရာရှိတဲ့အလုပ်တွေကို စာရင်းချရေးလိုက်ပါ။ လုပ်ရမယ့်အရာတွေမှာ အရေးပေါ်နဲ့ အရေးကြီးဆိုပြီး နှစ်မျိုးကွဲပါတယ်။ အရေးပေါ်လုပ်ရမယ့်အလုပ်ကို ချက်ခြင်းလုပ်ရပါမယ်။ ဘယ်အလုပ်က ဘယ်အချိန်မှာ အပြီးဖြစ်ရမယ်ဆိုတဲ့ (deadline) ကိုလည်း မှတ်ထားပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း အမီပြီးအောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ်တာဝန်ယူထားတဲ့အလုပ်တွေ နှောင့်နှေးလို့ အထက်လူကြီးငြိုငြင်ခံရမယ့်ဘေးကလည်း ဝေးမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ချင်စိတ်တွေ ပျောက်နေရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောကြည့်ပါ။
(၃) ကြိုတင်ကာကွယ်ခြင်း
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ် ဆိုတဲ့ စကားအတိုင်းပါပဲ။ Monday Blues တွေ ကိုယ့်ဆီ မသက်ရောက်အောင် ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။ အကောင်းဆုံးကတော့ ပိတ်ရက်တွေမှာ အလွန်အကျွံ မကဲမိဖို့ပါ။ ခန္ဓာကိုယ်က အရမ်းပင်ပန်းသွားရင် စိတ်ကလည်း ကြည်မှာမဟုတ်တဲ့အတွက် အလုပ်ပြန်တက်ရမယ့်နေ့ကို ကြိုတွေးပြီး ပိတ်ရက်တွေမှာ အပန်းဖြေတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးပါတယ်။ သောကြာညနေကတည်းက တနင်္လာမနက်မှာ လုပ်ရမယ့်အလုပ်တွေကို ကြိုတင်အစီအစဉ်ချထားနိုင်ပါတယ်။ ဘယ်အရာတွေက စိတ်နဲ့ခန္ဓာကိုယ်ကို နွမ်းနယ်စေပြီး အလုပ်လုပ်ချင်စိတ်ပျောက်အောင် ဖြစ်နေစေတယ်ဆိုတာလည်း ကြိုတွေးထားနိုင်ပါတယ်။ ဥပမာ အိပ်ရေးမဝလို့ အလုပ်ကိုအာရုံမစိုက်နိုင်ဘူးဆိုရင် အိပ်ရေးဝဝအိပ်ဖို့ ကြိုးစားသင့်ပါတယ်။
ဝန်ထမ်းတစ်ဦးအနေနဲ့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတွေဟာ အနားယူ အပန်းဖြေဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေညမှာ အပျော်လွန်တာမျိုး မလုပ်မိဖို့တော့ သတိထားဆင်ခြင်သင့်ပါတယ်။ တနင်္ဂနွေညနေကစပြီး နောက်နေ့မနက် ဘာလုပ်ရမယ်ဆိုတာကို ကြိုတွေးထားသင့်သလို ပြင်ဆင်နိုင်တဲ့အရာတွေ ကြိုပြင်ဆင်ထားမယ်ဆိုရင် တနင်္လာမနက်မှာ အလုပ်မတွင်ကျယ်တဲ့ အဖြစ်မျိုးနဲ့ ဝေးနိုင်မှာ ဖြစ်ပါတယ်။ အနားယူချိန်မှာ အနားယူပြီး ကိုယ့်ဘဝအတွက် အရေးပါတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ထိခိုက်စေမယ့်အရာတွေကိုတော့ ရှောင်ကြဉ်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။