4th June, 2018

ဒီလိုကုမ္ပဏီမျိုးမှာ အလုပ်လုပ်ဖို့ ၀န်မလေးပါနဲ့

အလုပ်တစ်ခုမှာ အဆင်ပြေပြေဖြစ်ဖို့က အရေးပါတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်အတွက် သင့်လျော်မယ့် ကုမ္ပဏီကောင်းတစ်ခု ဖြစ်ပါ့မလားဆိုတာတော့ သိဖို့ခက်တယ်လေ။ အလုပ်လုပ်ချင်စရာကောင်းတဲ့ ကုမ္ပဏီတစ်ခုမှာတော့ ဒီလိုမျိုး အဓိက အနေအထားတွေ ရှိနေမှာ ဖြစ်ပါတယ်။ ဒီလိုအချက်တွေနဲ့ ကိုက်ညီနေတဲ့ ကုမ္ပဏီမျိုးဆိုရင် အလုပ်လျှောက်ဖို့ ဝန်လေးမနေပါနဲ့တော့။ အဆင်ပြေမှာ သေချာပါတယ်။

 

(၁) ဝန်ထမ်းကိုတန်ဖိုးထားတဲ့ကုမ္ပဏီ

အလုပ်တစ်ခုပြီးမြောက်အောင်မြင်ဖို့ဆိုရင် မတူညီတဲ့လူတွေ၊ စွမ်းရည်တွေ၊ စိတ်သဘောထားတွေ လိုအပ်ပါတယ်။ အဲ့ဒီလိုလူတွေကို စုစည်းပြီး မတူညီတဲ့ တာဝန်ကိုယ်စီလုပ်ဆောင်ရင်း အဆုံးသတ်မှာ တူညီတဲ့ရလဒ်ကောင်းတစ်ခု ဖြစ်လာအောင် လုပ်ဆောင်မှ ကုမ္ပဏီက အောင်မြင်မှာပါ။ စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းအဖွဲ့၊ ဝန်ထမ်းတွေကို တန်ဖိုးထားပြီး ဝန်ထမ်းကို အဆင်ပြေပျော်ရွှင်အောင် ထားပေးတဲ့ ကုမ္ပဏီမျိုးဟာ အလုပ်လုပ်ချင်စရာကောင်းပါတယ်။

 

(၂) လေးစားအားကျရတဲ့ ခေါင်းဆောင်ကောင်း

ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဟာ ကုမ္ပဏီကောင်းတစ်ခုရဲ့ အဓိကသော့ချက်တစ်ခုပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ဟာ ဝန်ထမ်းတွေထံကနေ ကောင်းမွန်တဲ့အမြင်၊ လေးစားအားကျခံရမှုတွေ ရနေပြီဆိုရင် တကယ်ကိုကောင်းတဲ့လက္ခဏာရပ်တစ်ခုပါပဲ။ CEO ဒါမှမဟုတ် သူဌေးကို ဝန်ထမ်းတွေက လေးစားချစ်ခင်နေတာဟာ ကုမ္ပဏီကောင်းတွေမှာသာ တွေ့ရနိုင်ပါတယ်။

 

(၃) ဝန်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပေးတဲ့ကုမ္ပဏီ

လုပ်သက်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကလည်း တိုးတက်လာဖို့ လိုပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး လုပ်ငန်းတိုးတက်ဖို့အတွက် သက်ဆိုင်ရာ သင်တန်းတွေ၊ စိတ်ခွန်အားမြှင့်တင်ပေးတဲ့ကုမ္ပဏီမျိုးမှာဆိုလည်း လုပ်သင့်ပါတယ်။

 

(၄) နိုင်ငံတကာမှာ နာမည်ရပြီးသား ကုမ္ပဏီ

စီးပွားရေးအခွင့်အလမ်းတွေတိုးလာတာနဲ့အမျှ နိုင်ငံခြားကုမ္ပဏီတွေလည်း ဝင်ရောက်လာနေကြပါပြီ။ နိုင်ငံတကာမှာ နာမည်ရပြီးသား၊ အုပ်ချုပ်မှုကောင်းတဲ့ ကုမ္ပဏီမျိုးတွေ ဆိုရင်လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ လစာနှုန်းကလည်း များတာကြောင့် ဒီလိုကုမ္ပဏီမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းရမယ်ဆိုရင် လက်မလွှတ်သင့်ပါဘူး။

 

(၅) ဝန်ထမ်းတွေဂုဏ်ယူရတဲ့ကုမ္ပဏီ

ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ကုမ္ပဏီနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းတွေထုတ်နေရင်တော့ အဲ့ဒီကုမ္ပဏီဟာ ကုမ္ပဏီကောင်းတစ်ခုဖြစ်ဖို့များပါတယ်။ သူတို့လုပ်ရတဲ့အလုပ်၊ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်လုပ်ရတဲ့နေရာအပေါ် ကျေနပ်ဂုဏ်ယူနေပြီဆိုရင် ကုမ္ပဏီကောင်းတစ်ခုဖြစ်နေလို့ပါပဲ။ တစ်ဦးတစ်လေကပဲ ကြွားလုံးထုတ်တာမျိုးမဟုတ်ဘဲ ဝန်ထမ်းအများစုက ကိုယ်လုပ်နေရတဲ့အဖွဲ့အစည်း/ ကုမ္ပဏီအပေါ် ဂုဏ်ယူနေတယ်ဆိုတာ ကုမ္ပဏီကောင်းတစ်ခုမို့လို့ပါ။

 

(၆) Myanmar Employer Awards ဆုရ ကုမ္ပဏီ

ကုမ္ပဏီကောင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြု ဆုရရှိထားတဲ့ ကုမ္ပဏီဆိုရင်တော့ အထူးပြောနေစရာတောင် မလိုတော့ပါဘူး။ JobNet ဟာ မြန်မာနိုင်ငံတွင်းက ကုမ္ပဏီတွေကို လေ့လာဆန်းစစ်ခဲ့ပြီးနောက် ကဏ္ဍအလိုက် အကောင်းဆုံးဆုတွေကို Myanmar Employer Awards 2017 ပွဲမှာ ပေးအပ်ခဲ့ပါတယ်။ ဆုတွေကိုရွေးချယ်ရာမှာလည်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ HR နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက စနစ်တကျ သုံးသပ်ပြီးမှ ရွေးချယ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် မဲစနစ်ကိုပါ ကျင့်သုံးပြီး ပရိသတ်အကြိုက်ဆုံး ကုမ္ပဏီတွေကိုလည်း ဆုရွေးချယ်ပေးအပ်ခဲ့တာမို့လို့ Myanmar Employer Awards ဆု ရထားတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ရမယ်ဆိုရင် ကိုယ့်အတွက် အရမ်းကိုအကျိုးရှိမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် Myanmar Employer Awards ဆုရ ကုမ္ပဏီတွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။